အတွေးအမြင်

ငြိမ်းချမ်းရေးခြေလှမ်း၁၂လှမ်း

ငြိမ်းချမ်းရေးခြေလှမ်း၁၂လှမ်း

ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)

ယူကရိန်းစစ်ဖြစ်ပွါးတဲ့ နှစ်ပတ်လည်နေ့မှာပဲ အချက်၁၂ချက်ပါတဲ့ ငြိမ်းချမ်းရေးအဆိုပြုလွှာကို တရုပ်က အဆိုပြုလိုက်ပါတယ်။

ယူကရိန်းသမ္မတဇာလင်စကီးကတော့ တရုပ်သမ္မတရှီကျင်ပင်းနဲ့တွေ့မယ်လို့ ထုတ်ပြောလာပါတယ်။ တရုပ်ရဲ့အဆိုပြုတာတွေကတော့

၁။ အချုပ်အချာအာဏာလေးစားရန်

၂။ စစ်အေးတိုက်ပွဲစိတ်ထားမျိုးမထားရှိရန်

၃။ ရန်လိုစိတ်တွေရပ်ရန်

၄။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်ကျင်းပရန်

၅။ စစ်ဘေးဒုက္ခသည်တွေအရေးဖြေရှင်းရန်

၆။ စစ်ဘက်ဆိုင်ရာအကျဉ်းသားတွေနှင့် အရပ်သားများအကာအကွယ်ပေးရန်

၇။ နျူကလီးယားစက်ရုံများအနန္တရာယ်ကင်းရှင်းရေး

၈။ မဟာဗျူဟာမြောက်လက်နက်များအန္တရာယ်လျော့ပါးရန်

၉။ စိုက်ပျိုးရေးပို့ကုန်များအဆင်ပြေချောမွေ့စွာစီးဆင်းရေး

၁၀။တဖက်သတ်ပိတ်ဆို့တာတွေရပ်တန့်ရန်

၁၁။ စက်မှုဆိုင်ရာအစိတ်အပိုင်းထောက်ပံရေးတည်ငြိမ်စေရန်

၁၂။ စစ်ပွဲအလွန်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ မြှင့်တင်ရေး

အထက်ပါအခြေခံမူတွေအပေါ်မူတည်ပြီး ပဋိပက္ခတွေတဖြေးဖြေးလျှော့သွားဘို့ နှစ်ဘက်စလုံးကို တရုတ်က တောင်းဆိုတာဖြစ်ပါတယ်။

တရုပ်တင်ပြတဲ့အချို့အချက်တွေဟာ ယူကရိန်းနဲ့ သိပ်မသက်ဆိုင်ပဲ နေတိုးအနေနဲ့ လိုက်လျော ပေးရမဲ့ အချက်တွေဖြစ်နေပါတယ်။

ရုရှားကတော့ တရုပ်တင်ပြချက်ကို သဘောတူမဲ့အနေအထားရှိတယ်လို့သုံးသပ်လို့ရပါတယ်။ သို့သော် အချုပ်အချာ အာဏာ လေးစားပါဆိုတဲ့အချက်မှာ ဘယ်လောက်အထိ လိုက်လျောပေးမလဲဆိုတဲ့ အမေးတော့ရှိပါတယ်။

 ၂၀၁၄ ခုနှစ်တုံးက တည်းကသိမ်းထားတဲ့ ခရိုင်မီးယားကိုပြန်ပေးဖို့အထိတော့မဖြစ်နိုင်ဘူးထင်ပါတယ်။ တရုပ်ကလည်း ပဋိပက္ခတဖြေးဖြေးလျှော့ပါလို့ဆိုထားတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ပြီး အဓိကအရေးကြီးတဲ့အချက်တွေ နှစ်ဦးသဘောတူတာတောင်မှ ဒီနယ်မြေကိစ္စကို ရုရှားတွေက လူထုဆန္ဒသဘောထားအရ တွဲရေး၊ခွဲရေး လုပ်ဘို့ဆိုတဲ့အချက်ကိုကိုင်ဆွဲမယ်ထင်ပါတယ်။ ရုရှားက ဒီနယ်တွေမှာပြည်သူ့ဆန္ဒခံယူပွဲတွေလုပ်ပြီးသားပါ။

မကျေနပ်ရင် နောက်တခါ နိုင်ငံတကာ ကြားနေဆောင်ရွက်သူတွေအကူအညီနဲ့ ပြန်လည် ဆန္ဒခံယူပွဲလုပ်ဘို့ ဆိုတဲ့အချက်ကိုတော့ ရုရှားတွေသဘောတူနိုင်စရာရှိပါတယ်။

သို့သော် နေတိုးအနေနဲ့

၁။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ်လက်မခံဘို့

၂။ ရုရှား လုံခြုံရေးအတွက် အာမခံချက်နဲ့စစ်ရေးဆိုင်ရာသဘောတူညီချက်တွေ ပြန်လုပ်ဘို့

၃။ ပိတ်ဆို့ထားတာတွေပြန်ဖွင့်ပေးဘို့

၄။ အနောက်နိုင်ငံကသိမ်းဆည်းထားတဲ့ ရုရှားပိုင်ပစ္စည်းတွေ ပြန်ပေးဘို့

အစရှိတဲ့လိုက်လျောမှုတွေ သဘောတူရဘို့ရှိပါလိမ့်မယ်။ ဒါတွေလုပ်ဖို့ ယေဘူယျသဘောတူတာတောင်မှ အဆင့်လိုက်လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ဆယ်နှစ်မကကြာသွားနိုင်ပါတယ်။ ဒီအချိန်းတွင်းမှာတော့ ခရိုင်မီးယား၊ လူဟန့်၊ ဒွန်ဘတ်စ် တို့ကို ရုရှားက ဆက်ထိန်းထားမဲ့သဘောရှိပါတယ်။

အမေရိကန်၊ဥရောပသမ္မဂအဖွဲ့ဝင်တွေ အနေနဲ့ ဒီအချက်အပေါ်မှာ လိုက်လျောဘို့ဆိုတာ ကြက်ဥကြက်မဘယ်သူက အရင်လဲဆိုတဲ့ အမေးလိုပဲ ရုရှားက ချွမ်းချက်မရှိ နောက်ဆုတ်ပေးမှ သူတို့ဘက်ကလိုက်လျောပေးမယ်ဆိုတဲ့ မူကို ကိုင်စွဲရင် တိုင်ပတ်နေမှာဖြစ်ပါတယ်။

သို့သော် ပြင်သစ်သမ္မတမက်ခရွန်နဲ့ဂျာမန်အဓိပတိ အိုလျက်တို့က စစ်ပွဲအမြန်ပြီးစေချင်တာရယ်၊ အမေရိကန် ကြီးစိုးနေတဲ့ နေတိုးအောက်ကနေလွန်မြောက်ပြီး ဥရောပလုံခြုံရေးကိုဥရောပက အပြည့်အဝ တာဝန်ယူရေး ဦးဆောင်နိုင်ရေးကိုလိုလားနေသူများဖြစ်တာမို့ စေ့စပ်အဖြေရှာရေးကို ကြိုးပမ်းမယ်လို့ ယူဆပါတယ်။

ချွန်တွန်းပို့ ဗြိတိန်ကတော့ သဘောမတူဆိုပြီး ရဲရဲတောက်တွေပြောပြီး ခြေကန့်လန့်လိုက်ခံမဲ့သဘောရှိပါတယ်။ အမေရိကန်ဘိုင်ဒင်အနေနဲ့က ၂၀၂၄ ရွေးကောက်ပွဲက တခါပြန်နီးလာတာရယ်၊ ယူကရိန်းစစ်စရိတ်ထောက်ပံရလို့ ဝန်ပိလာတာရယ်၊ ပြည်တွင်းစီးပွါးရေး အီလည်လည်ဖြစ်နေတာတွေရယ်ကြောင့် ဟိုလိုလို ဒီလိုလိုနဲ့ ပြတ်ပြတ်သားသား ရှိလှမယ်မထင်ပါဘူး။ အထူးသဖြင့် ရီပတ်ဘလင်ကန်တွေ ဘယ်လိုတွယ်မလဲ အပေါ် မူတည်ပါလိမ့်မယ်။

တရုတ်အဆိုပြုလွှာကတော့ မိတ်ဆွေရုရှား ထွက်ပေါက်ရအောင် ဟ ပေးထားတာဖြစ်ပေမဲ့ ကောင်းတဲ့အချက်က ရုရှားနျူးကလီးယား ထုတ်မသုံးအောင် ချုပ်ပြီးသားတော့ဖြစ်သွားပါတယ်။

အဲ့ဒီတော့ အပစ်အခတ်ရပ်ဆဲရေး ပမာဏ သဘောတူကျပြီး ပိတ်ဆို့တာတွေပြန်ဖွင့်တဲ့အပေါ်မူတည်ပြီး သိမ်းဆည်းနယ်မြေ ယူကရိန်းပြန်ပေးရေး ဆိုင်ရာ လမ်းပြမြေပုံ ညှိုနှိုင်းရေးမှာ အချိန်ဆွဲ ကြန့်ကြာ နေကြဦးမဲ့ အနေအထားလို့ ခန့်မှန်းသုံးသပ်လိုက်ရပါတယ်။ ၂၁ ရာစု ပင်လုံလိုပဲ NCA ထိုးပြီး ရှေ့တိုးမရနောက်ဆုတ်မရ ဖြစ်သွားသလိုမျိုးပေါ့။

Related Articles

Back to top button