သတင်း

ကရင်နီ ထိုင်း-မြန်မာနယ်စပ်မှာ ရိက္ခာပို့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး နောက်ကြောင်းပြန်လှည့်

ဓါတ်ပုံ – Karenni Military Information Center
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃
ကယား(ကရင်နီ) ဖားဆောင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် BP -12 အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁)သို့ ယမန်နေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ မွန်းလွဲ (၃) နာရီ (၃၀)မိနစ်အချိန်ခန့်က ရိက္ခာပို့ဖို့ ပျံသန်းလာတဲ့ ရဟတ်ယာဉ်တစ်စီးဟာ ကြားဖြတ် ပစ်ခတ်ခံရပြီး နောက်ကြောင်း ပြန်လှည့် သွားတယ်လို့ သိရပါတယ်။
အဆိုပါ ရဟတ်ယာဉ်ကိုတော့ ကရင်နီတပ်မတော်အမှတ်(၁)တပ်ရင်းဘက်က မြေပြင်မှပစ်ခတ်ခဲ့သဖြင့် ဆင်းသက် နိုင်ခြင်းမရှိပဲ နောက်ကြောင်းပြန်လှည့်ပြန်ခဲ့ရတာလို့ ကရင်နီတပ်မတော် ပြန် ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး” သူတို့(စစ်ကောင်စီ)က (၁၉)ရက်နေ့မှာ မြေပြင်နဲ့လာပို့သေးတယ် ကျနော်တို့ ချောင်းမြောင်းပစ်တော့ သူတို့ဖက်က ကျဆုံးတာရယ်၊ အဖမ်းခံရတာတွေရယ်ရှိတယ်လေ။ အဲဒါကြောင့် သူတို့ (စစ်ကောင်စီ) လေကြောင်းနဲ့ လာပို့တာပေါ့၊ BP – 12 က ဖားဆောင်းမြို့နယ် ခမရ (၁၃၅)နဲ့ ဆိုင်တယ်လေ၊ အဲဒီဖက်က တပ်တွေလည်း အင်အားမရှိတော့ ရယာဉ်နဲ့ ပို့ရတာမျိုးပေါ့ ” ဟု KA ပြန်ကြားရေး ပြောခွင့်ရ ညေးရယ်က ပြောပါတယ်။
ရိက္ခာပို့ဆောင်တဲ့ ရဟတ်ယာဉ်ဆင်းသက်နိုင်ခြင်းမရှိပဲ ပြန်လှည့်ခဲ့ရပြီးနောက် ဂျက်လေယာဉ်(၂)စီးဖြင့် ဟွေခ မောက် ဝန်းကျင် တစ်ဝိုက်ကို ညနေ (၄)နာရီ(၂၀)မိနစ်အချိန်နှင့် ညနေ(၄)နာရီ(၃၀)မိနစ်ခန့်တို့တွင် စစ်ဂျက် လေယာဉ်(၂)စီးဖြင့် စုစုပေါင်း(၄)ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းဖြင့် ပစ်ခတ်မှုရှိခဲ့သောလည်း ကရင်နီတပ်မတော်ဖက်မှ တစ်စုံံတစ်ရာထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနစ်၊ ဖေဖော်ဝါရီ (၁၉)ရက်နေ့က ရိက္ခာလာပို့တဲ့ ဖားဆောင်းအခြေစိုက် စစ်ကောင်စီတပ် ခလရ(၁၃၅) စစ်ကြောင်းကို ကရင်နီတပ်မတော်နှင့်ပူးပေါင်းတပ်တို့က ကြားဖြတ် တိုက်ခိုက်မှုခံရလို့ စစ်ကောင်စီ အရာရှိနဲ့ တပ်သား တချို့ ဖမ်းဆီးခံခဲ့ ရပါတယ်။

Related Articles

Back to top button