တရုတ်မီးစိမ်း
ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)
တရုပ်နိုင်ငံခြားရေးဝန်ကြီးအသစ် Qin Gang က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ တွေ့ဆုံခိုက်မှာ အာဆီဥက္ကဌအဖြစ်အင်ဒိုနီရှားကမြန်မာအရေးနဲ့ပတ်သက်ပြီးဖြေရှင်းဆောင်ရွက်ဘို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတဲ့ အစီအစဉ်ကို ထောက်ခံခဲ့တယ်လို့ Retno က ပြောလိုက်ပါတယ်။
ဒါဟာ မြန့်မာအရေးနဲ့ပတ်သက်ပြီး တရုပ်ရဲ့ထူးခြားတဲ့သဘောထားလို့ပြောရပါမယ်။ မြန်မာ့အရေး အာဆီယံက တဆင့်မဖြေရှင်းနိုင်ရင် မြန်မာအရေးကို အနောက်ဖက်နိုင်ငံတွေဆီကို ပိုပြီးတွန်းပို့လိုက်သလိုဖြစ်မှာစိုးလို့ အင်ဒိုနီးရှားရဲ့ မြန်မာအတိုက်အခံတွေနဲ့ တွေ့မဲ့အစီအစဉ်ကို မီးစိမ်းပြ သဘောတူလိုက်တာဖြစ်ပါတယ်။
တရားဝင်အစိုးရအဖြစ်နိုင်ငံတကာ ကလက်ခံအသိပြုမှုရအောင်ကြိုးပမ်းနေတဲ့ NUG အနေနဲ့လည်း အာဆီယံ မှာ ပိုပြီး ပြောရေးဆိုခွင့်ရအောင်ဆောင်ရွက်နိုင်ဘို့ အခွင့်အလန်းတရပ် ပိုရသွားတယ်လို့လည်းဆိုပါတယ်။
တရုတ်ဟာ ဒီလို စကစ အပေါ်နိုင်ငံတကာဖိအားတိုးမြှင့်ပေးတာကို မီးစိမ်းပြလိုက်သလို ခုအချိန်ကာလမှာပဲ ပိုပြီး ငွေကြေးအကူအညီပေးတာ၊ သူ့ရဲ့ BRI စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဘို့ ကြိုးစားလာတာကို လည်းတွေ့ရပါတယ်။ တရုပ်ရဲ့ပြုမူပုံတွေကိုကြည့်ချင်းအားဖြင့် တရုပ်ဟာ မြန်မာပြည်မှာ တပ်မတော်ကပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို အမြဲတမ်းချုပ်ကိုင်စိုးမိုးနေတာကို မလိုလားပဲ သူနဲ့ဆက်ဆံရေးပြေလည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အရပ်သား နိုင်ငံရေးပါတီတွေနဲ့ ညှိုနှိုင်းပြီး အာဏာခွဲဝေ အုပ်ချုပ်သွားတဲ့ပုံစံမျိုးနဲ့ ခရီးဆက်စေချင်တာလို့ ယူဆလို့ရပါတယ်။
အင်ဒိုနီးရှားအနေနဲ့ NUG နဲ့တွေ့ဆုံဆွေးနွေးတဲ့အတွက် စကစ ကစိတ်ဆိုးမှာ ဖြစ်သော်လည်း ဒီထက်ပိုပြီး အပြောင်းအလဲတွေ လိုက်လျောတာတွေ မလုပ်နိုင်ဘူးလို့ ထင်မိပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေ ဟာ ကြောက်လို့ လိုက်လုပ်လိုက်ရတာမျိုးကို ဘယ်တော့မှ မဖြစ်လိုတဲ့ စိတ်နေအခံရှိတာမို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ခုလိုမျိုး ဖြဲချောက်ယုံနဲ့ လိုက်လုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့်
၁။ နိုင်ငံရေးအကျဉ်းသားတွေကို ပိုလွှတ်ပေးတာမျိုး (မြန်မာနှစ်သစ်ကူးအမှီ)၊ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်အဖြစ်ပြောင်းရွှေ့လိုက်တာမျိုး
၂။ လူသားချင်းစာနာအထောက်အထားအကူအညီပေးတာကို တင်းကြပ်ထားတာ မဆိုသလောက်ဖွင့်ပေးတာမျိုး
၃။ နိုင်ငံရေးတွေ့ဆုံပွဲ ၂၁ ပင်လုံဆွေးနွေးပွဲလို ဆွေးနွေးလိုသူတွေ လာဆွေးနွေးဖို့ လမ်းဖွင့်ပေးထားပါတယ်ဆိုပြီး (NUGအပါအဝင်) ကြေငြာတာမျိုး၊ သူနဲ့ အဆင်ပြေတဲ့ လက်တစုတ်စာ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်ဆိုတာမျိုး (အင်ဒိုနီးရှားကိုယ်စားလှယ် လာထိုင်နားထောင်ချင်ရင် လာနားထောင်ဆိုပြီးခွင့်ပြုတာမျိုး)
၄။ ခုနေပွင့်လင်းရာသီ pdf တွေကို အပြတ်တိုက်ပြီးဧပြီလောက်ကစပြီး သူတို့ဖက်က အပစ်အခတ်ရပ်ထားပါတယ်ဆိုပြီး လုပ်တာမျိုး
အစရှိတဲ့နည်းလမ်းနဲ့ UNSC ကုလလုံခြုံရေး ဆုံးဖြတ်ချက်ကို partially fulfill လုပ်ပါလိမ့်မယ်။ တဖက်က လိုက်မလုပ်တာသူတို့အပြစ်မဟုတ်ဘူးဆိုပြီး တလမ်းသွား one way ticket တံခါးဖွင့်တဲ့နည်းကို ကျင့်သုံးမယ်ထင်ပါတယ်။
ဟိုလိုလို ဒီလိုလို နည်းနဲ့ အချိန်ဆွဲရင်း အင်ဒိုနီးရှား အာဆီယံဥက္ကဌ လုပ်ရတဲ့အချိန်တွေ ကုန်ဆုံးသွားမှာ ဖြစ်ပါတယ်။ သို့သော် ဘာသိသာတဲ့ ထူးခြားပြောင်းလဲမှုတွေဖြစ်လာမလဲဆိုရင်တော့
၁။ အာဆီယံ ကဝင်ရောက်ကြိုးပမ်းရုံနဲ့ မြန့်မာအရေးဖြေရှင်းလို့မရတော့ဘူးဆိုတဲ့ အချက်က ပိုထင်ရှား သက်သေပြပြီးသားတွေဖြစ်လာလို့ ဒီအဆင့်ကနေ သက်ဆိုင်ရာနိုင်ငံကြီးတွေပါ ပူးပေါင်းဖြေရှင်းဆောင်ရွက်တဲ့ ASEAN plus two or three for Myanmar mechanism တွေဖြစ်လာနိုင်စရာရှိသလို ဒီထက် သံတမာန်ရေးအရ ရေချိန်မြင့်ပြီး ကုလ လုံခြုံရေးကောင်စီက တိုက်ရိုက်ကိုင်တွယ်ရမဲ့အဆင့်အထိလည်း ဖြစ်သွားနိုင်ပါတယ်။
၂။ NUG ဟာ အာဆီယံနဲ့ ထိတွေ့ဆက်ဆံရမှု တွေပိုလုပ်လာရတဲ့အတွက် ကျယ်ပြန့်တဲ့ နိုင်ငံတကာ ဆက်ဆံမှုကနေ လက်ရှိသူလုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းတွေပိုတိုးချဲ့ လုပ်လာနိုင်တဲ့အတွက် သူ့ရဲ့ soft power ဟာ ပိုခိုင်မာလာပြီး လိုနေတဲ့ hard power အကူအညီရဘို့အထိ လမ်းဖောက်လာနိုင်မဲ့ အခွင့်အလမ်းတွေရရှိလာနိုင်ပါတယ်။
၃။ တချိန်တည်းမှာပဲ စကစ ရဲ့ နည်းလမ်းဟောင်းတွေကိုပဲသုံးပြီး နိုင်ငံတကာဖိအားတွေကို အချိန်ဆွဲကာ တရုပ်၊ရုရှား အကျိုးစီးပွါးတွေ ပြည်တွင်းမှာ ပိုတည်ဆောက်ပြီး အကာအကွယ်ရဘို့ ကြိုးပမ်းမှုတွေကလည်း ပိုမြင်တွေ့ရဘွယ်ရှိပါတယ်။
၄။ နိုင်ငံတကာကို အချိန်ဆွဲ ဟန့်တားနေစဉ်မှာပဲ ပြည်တွင်းက အတိုက်အခံတွေကို တတ်နိုင်သလောက် ရှင်းလင်းသွားဘို့ ကြိုးပမ်းမှာမို့ ပြည်တွင်းလကါနက်ကိုင်ပဋိပက္ခတွေဟာလည်း အချိန်၊ နေရာအပေါ်မူတည်ပြီးပြင်းထန်စရာရှိပါတယ်။ လူထုထောက်ခံမှု ၁၅% ရှိရင်ကို အဲ့ဒိီ့တော်လှန်ရေးကို ချိုးနှိမ်ဖို့အလွယ်တကူမဖြစ်နိုင်ဘူးလို့ နိုင်ငံတကာစစ်ရေးအကဲခတ်ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ လက်ရှိမြန်မာလူထုရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု ဟာ ဒီထက်မက အဆများစွာ ထောက်ခံပူးပေါင်းနေကြတာမို့ စကစ က ၆ လအတွင်း အပြီးအပြတ်ရှင်းဘို့က မဖြစ်နိုင်တာ သေချာသလောက်ပါပဲ
ဒီလို သံတမာန်ရေး အီလည်လည်ဖြစ်ကာ ပဋိပက္ခတွေဆက်လက်ဆိုးဝါးလို့ မြန်မာနိုင်ငံရေး မတည်မငြိမ်ဖြစ်မှုတွေ ဒေသအတွင်းပိုမိုကူးစက်ပြန့်ပွါးလာတဲ့အခါ မြန့်မာအရေးဟာ ကမ္ဘာ့ကုလလုံခြုံရေးရဲ့ အရေးကြီးတဲ့ Agenda တရပ်အဖြစ် ၂၀၂၄ မှာ ဖြစ်လာနိုင်စရာရှိပါတယ်။ ခုလာမဲ့ မတ်လမှာ လုပ်မဲ့ UNSC ရဲ့ သူ့ resolution ကို မြန်မာနိုင်ငံလိုက် လုပ်မလုပ် ဆန်းစစ်တဲ့အခါ စကစ ဟာ စာမေးပွဲ ကျဦးမှာ ဖြစ်ပါတယ်။
စာမေးပွဲ ကျပင်ကျငြားသော်လည်း UNSC ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်မလုပ်တဲ့ ကိစ္စတွေက အစ္စရေး၊ လက်ဘနွမ် တို့မှာလည်းရှိခဲ့တာမို့ စကစ မလုပ်ပဲမနေနိုင်အောင် UNSC က ဖိအားပေးဘို့ ဆိုတာကတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ဒီလို UNSC က အရေးယူချင်တဲ့အခါ ဗီတိုအာဏာကိုင်ထားတဲ့ တရုတ်ရဲ့ ထောက်ခံမှုက အရေးပါ ပါတယ်။ လက်ရှိ အင်ဒိုနီးရှား မှာ တရုပ်ဝန်ကြီး သံတမာန်ရေး သဘောတူခဲ့တာကို ကြည့်ချင်းအားဖြင့် စကစ ဟာ သူတို့ ဖြစ်စေချင်တဲ့အတိုင်း လိုက်မလုပ်ရင် နိုင်ငံတကာဖိအားပေးရေးမူကို တရုပ်က လက်ကိုင်ဆွဲထားတယ်ဆိုတာပေါ်လွင်စေပါတယ်။
စကစ က တရုပ်နှစ်ကူးတက်ပြီး ချွေးသိပ်ရုံထက်ပိုတဲ့ လိုက်လျောမှုတွေ လုပ်ဘို့ လိုအပ်နေပါတယ်။ လိုက်မလုပ်ခဲ့ရင်တော့ မြန်မာအရေးဟာ ကြံဖွံ့ကမောင်မြင့်ပြောသလို ဒါကပေါ့ပေါ့လေးလို့ယူဆလို့မရဘူး၊ အပျက်ပျက်က နှာခေါင်းသွေးထွက်ဆိုသလိုပဲ လစ်ဗျားလို မျိုး ဖြစ်သွားအောင် အခြေအနေတွေက တွန်းပို့သလို ဖြစ်သွားနိုင်မလားဆိုတာကလည်း ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီလို ဖြစ်သွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာတော့ မြန်မာ့အရေးက ရောက်နေပါပြီ။ အချိန်ကပဲ စကားပြောပါလိမ့်မယ်။ အဲ့လိုဖြစ်သွားအောင် စကစ က ကိုယ့်ဘာသာကိုယ် framing လုပ် ကိုယ့်ထွက်ပေါက်ကိုယ်ပြန်ပိတ်ပြီး တွင်းနက်နက်တူးနေတာဖြစ်ပါတယ်။