ဆလိုင်းထန်းနိုင်း | ဥက္ကဌ
မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂ၊ ချင်းပြည်နယ်။
(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ လူငယ်အများစုက နွေဥဦးတော်လှန်ရေးကို ဦးဆောင်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပင်မဲ့ အခုမှမဟုတ်ဘူး မြန်မာနိုင်ငံရဲ့တော်လှန်ရေးသမိုင်းမှာ ဒီမိုကရေစီလှုပ်ရှားမှုပဲ ကြည့်ကြည့် ကျောင်းသား လှုပ်ရှားမှုပဲ ကြည့်ကြည့် စစ်အာဏာရှင်စနစ်တော်လှန်ရေးကိုပဲ ကြည့်ကြည့် လူငယ်တွေပဲ ဦးဆောင်ခဲ့ကြတာဖြစ်တယ်။
(၂) မေး။ ။ လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။
ဖြေ။ ။ လူငယ်အများစုက နွေဦးတော်လှန်ရေးနဲ့ အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ကြမယ်လို့ ယုံကြည် ထားကြတာ သိပ်ကောင်းတယ်။ စစ်အာဏာရှင်စနစ်တော်လှန်ရေး သမိုင်းတစ်လျှောက်မှာလည်း စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းမှဖြစ်မယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်နဲ့ပဲ တော်လှန်ရေး လုပ်လာခဲ့ ကြတာ ဖြစ် တယ်။
သို့သော် လူငယ်တွေအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်ကိုတော့ ခွဲခွဲခြားခြားမြင်နိုင်ဖို့လိုတယ်။ ယုံကြည်ချက် တစ်ခုတည်းနဲ့မရဘူး။ လက်နက်တစ်ခုတည်းနဲ့လည်းမရဘူး။ လူငယ်တွေ အထူးသဖြင့် တော်လှန်ရေးဦးဆောင်တဲ့ ခေါင်းဆောင်တွေက တော်လှန်ရေးသဘောတရားနားလည်ဖို့လိုတယ်။ နိုင်ငံရေးသိဖို့လိုတယ်။
(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ အဲ့ဒီအထဲမှာမှ အဓိက ၂ချက်ကိုပြောချင်တယ်။
(၁) အချက်က နေရာယူမှုအပိုင်းဖြစ်တယ်။ စစ်တပ်ထဲမှာ တိုင်းရင်း သား ပေါင်းစုံရှိတယ်ဆိုပေမဲ့ ထိပ်ပိုင်း စစ်တပ်ခေါင်းဆောင်တွေက မြန်မာ/ဗမာလူမျိုးတွေဖြစ်တယ်။ ပြီးတော့ အဲ့ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေက အမျိုး၊ ဘာသာ၊ သာသနာကိုအခြေခံတဲ့ မြန်မာ/ဗမာလူမျိုးကြီးဝါဒကို စွဲကိုင် ထားကြတယ်။
(၂) အချက်က အတွေးအခေါ်ပိုင်းဖြစ်တယ်။ မြန်မာ/ဗမာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေရော၊ အရပ်သား မြန်မာ/ဗမာခေါင်းဆောင်တွေကရော သူတို့အတွေးမှာ လွတ်လပ်ရေးမတိုင်ခင်ကတည်းက တိုင်းရင်းသား လူမျိုး တွေဟာ မြန်မာ/ဗမာလူမျိုးတွေရဲ့ အုပ်ချုပ်ခံလူမျိုးတွေအဖြစ် ယုံကြည်ထားကြတယ်။
အဲ့ဒီ မှားယွင်းတဲ့အတွေးအခေါ် အယူဆတွေကို အမြစ်လှန်ပစ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လွပ်လပ်ရေး မတိုင် ခင်မှာ တိုင်းရင်းသားလူမျိုးတွေက ကိုယ်ဟာနဲ့ကိုယ်ပြဌာန်းအုပ်ချုပ်တယ်။ ကိုယ့်ဟာနဲ့ကိုယ် စီရင်ဆုံးဖြတ် တယ်။ လွတ်လပ်တဲ့လူမျိုးတွေ ဖြစ်ကြတယ်။
အထူးသဖြင့် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီတွေပေါ့။ လွပ်လပ်ရေး မတိုင်ခင်က မြန်မာမင်းတွေရဲ့ စီမံအုပ်ချုပ်မှု အောက်မှာ ရှိခဲ့ကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားမရှိဘူး။ အခုပြည်ထောင်စု မြန်မာနိုင်ငံဆို တာဟာ ဒုတိယ ကမ္ဘာ စစ်နောက်ပိုင်းမှ ပေါက်ဖွားလာတဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်တယ်။ လွတ်လပ်ရေး အတူယူပြီး ပြည်ထောင်စု ကို အတူတကွထူထောင်ကြမယ်ဆိုတဲ့ ပင်လုံကတိကဝတ် ပင်လုံစာချုပ်အရ ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြစ်တယ်။ ဒီ(၂)နှစ်ချက်ကို ပြောင်းလဲနိုင်တယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်က တဖြည်းဖြည်း ပပျောက်သွားပါလိမ့်မယ်။
(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံစနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့အတွက် နိုင်ငံ့ခေါင်းဆောင်တွေရော တိုင်းရင်းသား ခေါင်းဆောင်တွေ ရော ကျောင်းသား/လူငယ်တွေရော ပြည်သူလူထုကရော အဖပ်ဖက်ကနဲ့ ကြိုးစားခဲ့ကြတယ်။ ဒါပင်မဲ့ ယခုနှစ်ပေါင်း ၇၀ကျော် ကြာသည်အထိ အဖြေရှာမတွေ့ ခဲ့ကြဘူး။ ဆိုတော့ပြည်တွင်း စစ်ချုပ်ငြိမ်းဖို့ အတွက် ဘယ်လိုမျိုးနိုင်ငံရေး စနစ်နဲ့ ဘယ်လိုမျိုးအုပ်ချုပ်ရေးစနစ်က အကောင်းဆုံးလဲ ဆိုတာကိုမသွားခင်မှာ ဘာကြောင့် ပြည်တွင်း စစ်ဖြစ် ရလဲဆိုတဲ့ ဇာစ်မြစ်ကို သိဖို့ရှာဖို့လိုတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက လွတ်လပ်ရေး အတူတကွယူပြီးတော့ ပြည်ထောင်စုနိုင်ငံတည်ထောင်မယ်ဆိုတဲ့ ပြည်ထောင်စု သဘောတူစာချုပ်(ပင်လုံစာချုပ်)ကိုချုပ်ဆိုခဲ့ကြတယ်။ အဲ့ဒီစာချုပ်ကို အခုထိ အကောင်အထည်မဖော်နိုင်လို့ ပြည်တွင်းစစ်ရှည်ကြာနေတာဖြစ်တယ်။
ဘယ်လိုနိုင်ငံရေးစနစ်နှင့်အုပ်ချုပ်မှုစနစ်လို့ပြောတဲ့အခါမှာလည်း ပင်လုံစာချုပ်ရဲ့ အပိုဒ် (၅)နဲ့ အပိုဒ် (၇)ကို ကျွန်တော်တို့ကြည့်ရင် ဖက်ဒရယ်စနစ၊ ဒိမိုကရေစီစနစ် ကျင့်သုံးရမယ်ဆိုတဲ့ အချက်ကိုတွေ့ရတယ်။ အထူးသဖြင့် တိုင်းရင်းသားတွေရဲ့ “ ခွဲထွက်ခွင့်” ဆိုတဲ့အချက်က ပင်လုံစာချုပ်ရဲ့ အနှစ်သာရဖြစ်တယ်။ လေးစား တန်ဖိုးထားဖို့ လိုတယ်။
အဲ့ဒီ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်မှသာလျှင် ပြည်တွင်းစစ်ချုပ်ငြိမ်းမှာဖြစ်တယ်။
(၅) မေ။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြပြီ အောင်မြင်မှုဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။
ဖြေ။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်ကြမယ်လို့ ကြွေးကြော်ကြတာ သိပ်ကောင်းပါတယ်။ သို့သော်တိုင်းရင်းသားခေါင်းဆောင်တွေက ဟိုးကနဦးကတည်းက ဒီရပ်တည်ချက်နဲ့ တော်လှန်ရေး လုပ်လာခဲ့ကြတာဖြစ်တယ်။ ဒါကိုလေးစားအသိအမှတ်မပြုလို့မရဘူး။
အောင်မြင်ဖို့အတွက်ဆိုရင် ပြည်ထောင်စုသဘောတူစာချုပ်( ပင်လုံစာချုပ်)ကို အကောင်အထည်ဖော် ကိုးဖော်ရလိမ့်မယ်။ ဒါကိုအကောင်အထည်မဖော်နိုင်ရင် ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။ အဲ့ဒီအချက်ကို လူငယ်တွေက နားလည်ဖို့လိုတယ်။ တော်လှန်ရေးလုပ်ရင်လည်း အဲ့ဒီအခြေခံကနဲ့လုပ်ဖို့လိုတယ်။
တကယ်လို့များ ပင်လုံသဘောတူစာချုပ်ကို အကောင်ထည်ဖော်ဖို့ စာချုပ်ကအားနည်းချက်တွေရှိတယ်ဆိုရင် နောက်ထပ်နည်းလမ်းက တိုင်းရင်းသားခေါင်းဆောင်တွေ ပြန်ထိုင်ပြီးတော့ ပြည်ထောင်စုသဘောတူ စာချုပ် (သို့မဟုတ်) ငြိမ်းချမ်းရေးသဘောတူစာချုပ်အသစ်ကို ရေးဆွဲဖို့လိုတယ်။ အခင်းအကျင်းအသစ်နဲ့ သွားရပါ လိမ့်မယ်။
အဲ့ဒီ ပြည်ထောင်စုသဘောတူစာချုပ်(သို့) ငြိမ်းချမ်းရေးစာချုပ်အသစ်ရေးဆွဲပြီး အကောင်အထည်ဖော်နိုင်မှ သာ လျှင် ဒီပြည်တွင်းစစ်ကိုချုပ်ငြိမ်းနိုင်မှာဖြစ်တယ်။ အဲ့ဒီစာချုပ်သစ်မှာလည်း တိုင်းရင်းသားအချင်းချင်းကြား ပြီးပြည့်စုံသောတန်းတူရေး(Substantive Equality)ကိုအာမခံချက်ရှိဖို့လိုတယ်။ ဒါမှ ဖက်ဒရယ် ပြည်ထောင်စု အစစ်အမှန်ကိုတည်ဆောက်နိုင်မှာဖြစ်တယ်။
(၆) စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘော ထားမျိုးရှိလဲ။
အခုဒီစစ်ကောင်စီက ရွေးကောက်ပွဲမကြာခင်လုပ်ဖို့ ပြင်ဆင်တယ်။ ဒီရွေးကောက်ပွဲက အထမြောက်နိုင်ပါတယ်။ သို့သော် တရားမျှတတဲ့ရွေးကောက်ပွဲ၊ လွတ်လပ်တဲ့ရွေးကောက်ပွဲတော့ မဖြစ်နိုင်ဘူး။
သမိုင်းကို ပြန်ကြည့်ရင် ၁၉၅၀ ခုနှစ်မှာလည်း မငြိမ်းချမ်းတဲ့ကြားက မရမကရွေးကောက်ပွဲကျင်းပခဲ့တယ်။ မငြိမ်းချမ်းတဲ့နေရာတွေကိုချန်၊ ငြိမ်းချမ်းတဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်တယ်။
နေရာကွက်ကြားရွေးကောက်ပွဲပေါ့။အဲ့ဒီရွေးကောက်ပွဲရလာဒ်နဲ့ တရားဝင်အစိုးရဖွဲ့တယ်။
ပြီးတော့ (၂၀၁၀) ခုနှစ်မှာလည်း NLD ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးကောက်ပွဲကို ကန့်ကွက် သပိတ်မှောက်ခဲ့ကြပေမယ့် မရမက ရွေးကောက်ပွဲလုပ်ခဲ့ကြပြန်တယ်။ ထိုနည်းတူပဲ အခု (၂၀၂၃) ခုနှစ်မှာလည်း မဖြစ်ဖြစ်အောင် ထပ်လုပ်လာနိုင်ပါတယ်။ လုပ်လို့ရတဲ့နေရာတွေကို ကွက်ကြားလုပ်ပြီး အဲ့ဒီ ရွေးကောက်ပွဲရလဒ်နဲ့ တရားဝင်အစိုးရဖြစ်ကြောင်း၊ လူထုရွေးကောက်တင်မြောက်ထားတဲ့ အစိုးရဖြစ်ကြောင်း ကြေညာ လာပါလိမ့်မယ်။ သို့သော် အဲ့ဒီရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ် ချုပ်ငြိမ်းသွားမှာမဟုတ်သလို၊ ပြည်ထောင်စုစနစ်ကို ဖော်ဆောင် တဲ့အစိုးရလည်း ဖြစ်လာနိုင်စရာအကြောင်းမရှိဘူး။