ပေါ့ကပ်စ်

တိုင်းရင်းသားတော်လှန်လူငယ် အတွေးအသံ | ကရင်နီပြည်နယ်

တိုင်းရင်းသားတော်လှန်လူငယ် အတွေးအသံ

ကနန့် – Kanan

ကရင်နီ အမျိုးသမီး၊ ကရင်နီပြည်နယ်။

၁) မေး။ ။ လူငယ်တွေ အများစုပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေး အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်ရဲ့တစ်ကြော့ပြန် အာဏာသိမ်းမှုကို လက်မခံတဲ့ အတွက်ကြောင့် တစ်နိုင်ငံအတိုင်းအတာမှာ ရှိတဲ့ လူထုတွေက အာဏာသိမ်းမှုကို လက်မခံခြင်းကို လူထုလှုပ်ရှားမှုနဲ့အတူ သပိတ်တွေကို ဖော်ဆောင်ခဲ့ကြတယ်။ အဲ့လိုဖော်ဆောင်တဲ့အချိန်မှာ လူငယ်တွေရဲ့ ဦးဆောင်မှုက သိသာထင်ရှားတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။

နွေဦးတော်လှန်ရေးမှာ လူငယ်တွေက စုစုစည်းစည်းနဲ့ ပါဝင်လာတာကို လူငယ်တစ်ယောက်အနေနှင့် ကျမရဲ့ အမြင်ကရိုးရုင်းတယ်။ အာဏာရှင်စနစ်ကို မကြိုက်လို ကျမတို့ လူငယ်တွေ တွန်းလှန်ကြတယ်။ ကျမတို့ လူငယ်တွေရဲ့ အနာဂတ်လှပဖို့ ရယ် ၊နိုင်ငံတွင်းမှာ ရှိတဲ့ လူထုတွေကို လူသားတစ်ယောက်အနေနဲ့ ခံစားခွင့်ရှိတဲ့ လူ့အခွင့်အရေးကို အပြည့်အဝခံစားခွင့်ရှိဖို့ပါ။

အထူးသဖြင့် ကျမတို့ရဲ့ မျိုးဆက်သစ်လေးတွေဖြစ်တဲ့ ကလေးတွေရဲ့ အနာဂတ် လှပဖို့အတွက်ကို ကျမတို့ လူငယ်တွေက နွေဦးတော်လှန်ရေးမှာ အားကောင်းကောင်းနဲ့ ပါဝင်နေတာ ဖြစ်တယ်။ နောက်တစ်ခုကတော့ ခေါတ်အဆက်ဆက် သက်ဆိုးရှည်နေတဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့ရယ် နောက်ထပ် ဘယ်လိုအာဏာရှင်မျိုး ကိုမှ မလိုလားလို့ရယ် ကျမတို့ လူငယ်တွေက လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်အားဖြင့် နေတာလို့ မြင်ပါတယ်။

၂) မေး။ ။ လူငယ်အများစုကတော့ နွေဦးတော်လှန်ရေး နှင့်အတူ စစ်အာဏဦရှင်စနစ် အမြစ်ပြတ်တွန်းလှန်သွားမယ်လို့ ယုံကြည်ထားကြတယ်။ ဒီအပေါ်မှာ လူငယ်တစ်ဦးအနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျမလည်း လူငယ်ထဲက လူငယ်တစ်ဦးဖြစ်တဲ့အတွက် ဒီနွေဦးတော်လှန်ရေးနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်သွားနိုင်မယ်လို့ ယုံကြည်တယ်။ ဘာလိုလဲဆိုတော့ ကျမတို့ ဒီတစ်ကြိမ်သာ အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်နိုင်ရင် နောက်ထပ် အာဏာရှင်ဆိုတာက ပေါ်လာဖို့ ခက်ယဉ်းတယ်။

နိုင်ငံတွင်းမှာ အာဏာရှင်ဆိုတာ ပေါ်လာတိုင်း ပေါ်လာတိုင်း ပြည်သူတွေက တွန်းလှန်နေကြတာဘဲ။ ဒါပေမဲ့ အမြစ်ပြတ်တဲ့ အထိ ကျမတို့တွေ မတွန်းလှန်နိုင်ခဲ့ဘူး။ ဒါကြောင့် ဒီတစ်ကြိမ်တော့ ကျမတို့ လူငယ်တွေနဲ့အတူ လူထုတစ်ရပ်လုံးက အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့လိုတယ်။

ဒါမှဘဲ နောက်ထပ် နောက်ထပ် အာဏာရှင်တွေ ပေါ်မလာနိုင်အောင် ဒီတစ်ကြိမ်မှာ ကျမတို့ အပြီးသတ်ရမှာ ဖြစ်တယ်။ လက်ရှိမှာ ကျမတို့ လူငယ်တွေအနေနဲ့က အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်ဖို့အတွက် စိတ်ဓါတ်ကော ၊ လူကော နောက်ဆုံး အသက်ပါ စတေးထားပြီး ဖြစ်တယ်။ နိုင်ကိုနိုင်ရမယ်။ မနိုင်ခင်မှာ ကျတော် ကျဆုံးသွားရင်တောင် နောက်ထပ် လူငယ်တွေရှိသေးတယ် ဆိုတဲ့ စိတ်မျိုးနဲ့ နွေဦးတော်လှန်ရေးကို ဆင်နွဲနေတာ ဖြစ်တယ်။

ဒီတော့ လူထုတွေအနေနဲ့ နွေဦးတော်လှန်ရေးကို စိတ်ပျက်တာတွေ ၊ ပင်ပန်းတာတွေ ရှိနေမှာဘဲ။ ခနတော့ သီးခံပေးကြပါ။ နွေဦးတော်လှန်ရေးကို လူငယ်တွေနဲ့ အတူတကွ ရှိနေကြောင်းကို ပြသခြင်းဖြင့် အာဏာရှင်စနစ်ကို အနိုင်ယူဖို့ လိုပါတယ်။ ပြီးရင် ကူညီနိုင်တဲ့ လူထုတွေ အနေနဲ့က လူငယ်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

အထူးသဖြင့် နိုင်ငံတကာရဲ့ အကူအညီ လိုအပ်ပါတယ်။ နိုင်ငံတကာရဲ့ အကူအညီနဲ့ လူထုတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ အားကောင်းကောင်းနဲ့ ဝိုင်းဝန်းဖြေရှင်းခြင်းဖြင့် အာဏာရှင်စနစ်ကို အတူတကွ အမြစ်ဖြတ် ချေမှန်းနိုင်မှာဖြစ်တယ်လို့ မြင်ပါတယ်။

၃) မေး။ ။ အထက်က မေးခွန်းနှင့် ဆက်စပ်ပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်နေရတဲ့ အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။

ဖြေ။ ။ အာဏာရှင် သက်ဆိုးရှည်နေရတဲ့ အကြောင်းအရင်းကတော့ အာဏာက လူထုဆီကနေ လာတယ်ဆိုပေမဲ့ အာဏာ ကို အထက်စီးဆန်စွာ အသုံးပြုနေတဲ့ အုပ်စုတွေ ရှိနေတယ်။ အာဏာရူးတဲ့ အုပ်စုက တစ်စုတည်း မဟုတ်ဘဲ အာဏာရှင် ပေါက်စတွေကော ၊ အာဏာရှင် ကြီးတာတွေကော အုပ်စုအမျိုးမျိုးရှိတဲ့အတွက် အာဏာလုပွဲ ဖြစ်ရတဲ့ အချက်က စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပံ့ပိုးနေတယ်လို့ မြင်ပါတယ်။

နောက်တစ်ခုက အာဏာရှင်စနစ်ကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေး လုပ်ငန်းရှင် ( စစ်တပ်ရဲ့ လက်ဝေခံအုပ်စု )  အချို့ရှိနေလို့ ဖြစ်တယ်။ ဒီအပြင် လူထုတွေကို သမိုင်းအလိမ်တွေ ၊ နိုင်ငံရေး အသိပညာနဲ့ ပတ်သက်ပြီး လူထု တွေရဲ့ လက်လှမ်းမှီမှု အားနည်းတာတွေကြောင့်လည်း စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေတာ ဖြစ်တယ်လို့ မြင်ပါတယ်။

 စစ်အာဏာရှင် အမြစ်ပြတ်ဖို့အတွက်က ၁) လူထုတွေကို နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမယ်။ ၂) နိုင်ငံရေး ၊ အုပ်ချုပ်ရေးတွေကို လူထုတွေရဲ့ ဆန္ဒတွေနဲ့ သဘော ထားတွေအပေါ် အခြေခံပြီး အနီးစပ်ဆုံး ပုံဖော်ပေးဖို့ လိုအပ်ပါတယ်။ ၃) အာဏာရှင်စနစ်ကို ပံ့ပိုးနေတဲ့ စီးပွားရေး လုပ်ငန်းရှင် ( စစ်တပ်ရဲ့ လက်ဝေခံ အုပ်စု ) တွေကို ဖယ်ထုတ်ပြီး ခိုင်မာအားကောင်းတဲ့ စီးပွားရေး မဏ္ဍာန်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ရမယ်လို့ မြင်ပါတယ်။

၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်ပုံစနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဖြေ။ ။ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေး စနစ်နဲ့ အုပ်ချုပ်ရမလဲလို့ ပြောရင် စနစ်တိုင်း စနစ်တိုင်းကတော့ အားနည်းချက်တွေ အားသာချက်တွေရှိပါတယ်။ ဘယ်စနစ်ကိုဘဲ သွားသွား လူထုကို အခြေမခံတဲ့ စနစ်ဖြစ်နေရင် အာဏာရှင်ဆန်နေအုန်းမှာဘဲ။

ဒီတော့ လူထုကို အမှန်တစ်ကယ် အခြေပြုပြီး လူထုတွေကို ကိုယ်စားပြုတဲ့ စနစ်နဲ့ သွားရင်တော့ အာဏာရှင်စနစ်ကို အမြစ်ပြတ်နိုင်မှာ ဖြစ်ပြီး ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေမှာ ဖြစ်ပါတယ်။ အချုပ် အားဖြင့် လူထုကို အခြေပြုတဲ့ နိုင်ငံရေး နဲ့ လူထုကို ကိုယ်စားပြုတဲ့ အုပ်ချုပ်ပုံစနစ်ဖြစ်မယ်ဆိုရင်တော့ အကောင်း ဆုံး ဖြစ်မယ်လို့ မြင်ပါတယ်။

၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့် အတူ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြပြီး အောင်မြင်ဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို မြင်လဲ။

ဖြေ။ ။ နွေဦးတော်လှန်ရေး နှင့် အတူ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကတဲ့အပေါ် လူငယ်တစ်ယောက်အနေနဲ့ ကျမရဲ့ အမြင်က နွေဦးတော်လှန်ရေးနဲ့အတူ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်တည်ဆောက်ဖို့ ကိစ္စရပ်ကိုလည်း လက်ရှိ ကာလကတည်းက ဖော်ဆောင်ထားရ မယ်လို့ မြင်ပါတယ်။ နွေဦးတော်လှန်က ဘယ်လောက်ကြာမယ် မသိဘူး။

နောက်ထပ် တစ်နှစ်လား ၊ နှစ်နှစ်လား ဒါမှမဟုတ် နှစ်လတည်းနဲ့လည်း နွေဦးတော်လှန်ရေး ပြီးသွားနိုင်ပါတယ်။ ဘယ်အချိန်ဘဲ ပြီးပြီး ဘယ်လောက်ဘဲ ကြာကြာ ကျမတို့မှာ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ဖို့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခု ရှိကို ရှိရမှာ ဖြစ်တယ်။

ဒါကြောင့် ကျမအမြင်ကတော့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းဖို့အတွက် နွေဦးတော်လှန်ရေးကိုလည်း ဆက် လက်ဆင်နွဲဖို့လိုသလို တစ်ဘက်မှာလည်း နိုင်ငံအတွက်သော်လည်းကောင်း ၊ ပြည်နယ်အတွက်သော် လည်းကောင်း အုပ်ချုပ်နိုင်ဖို့အတွက်ကိုလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုကို ရေးဆွဲရ မယ်လို့ မြင်ပါတယ်။ ဒီတော့ လူထုတွေအနေနဲ့ မိမိတို့ အားသာရာ နှင့် နိုင်ငံရေးအရ လိုအပ်တဲ့ နေရာမှာ ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရမှာ ဖြစ်တယ်။ စည်းစည်းလုံးလုံးနဲ့ သွားရမှာ ဖြစ်တယ်။

) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ် ရွေးကောက်ပွဲအပေါ် လူငယ်တစ်ဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘောထားမျိုးရှိလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကတော့ စစ်ကောင်စီက ရအောင်ကျင်းပမယ်လို့မြင်တယ်။ လက်ရှိမှာ နိုင်ငံတွင်းမှာ ရှိနေတဲ့ အာဏာ တစ်ဝက်လောက်က သူတို့လက်ထဲမှာရှိတယ်လို့ မြင်တယ်။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး  ဘယ်လောက် ရာခိုင်နှုန်းကို အကောင်အထည်ဖော်မှ အထမြောက်မယ်ဆိုတဲ့ ဥပဒေလည်း မရှိတဲ့အတွက် လုပ်လို့ရတဲ့ နေရာမှာ စစ်ကောင်စီကတော့ လုပ်မယ်လို မြင်တယ်။

ပြီးရင် ရွေးကောက်ပွဲနဲ့ နိုင်ငံတကာရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုကိုရဖို့ လုပ်ဆောင်သွားမယ်လို့ မြင်တယ်။ ဒီတော့ လူငယ်တစ်ယောက်အနေနဲ့ မိမိတို့ နေထိုင်တဲ့ နေရာတွေမှာ မဲရုံထောင်လို့ မရအောင်ကို ကျမတို့က တားရမှာ ဖြစ်တယ်။ မဲရုံထောင်နိုင်ရင် မဲတွေက သူတို့လက်ထဲမှာရှိတယ် ၊ မဲအရေအတွက် ဘယ်လောက် လိုလဲ ၊ သူတို့တွေ အကုန်လုပ်နိုင်တယ်လိုမြင်ပါတယ်။

ဒါကြောင့်လည်း မိမိတို့ နေထိုင်ရာ ပြည်နယ် အလိုက် တိုင်းအလိုက်ကို စစ်ကောင်စီက မဲရုံမထောင်နိုင်ဖို့ရယ် ၊ ပြည်နယ်တွင်းမှာ ရှိနေတဲ့ အားကောင်းတဲ့ အစုအဖွဲ့အနေနဲ့လည်း စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ်မှာ အားဖြည့်ဆောင်ရွက်မှု မလုပ်ဖို့လိုတယ်လို့လည်း မြင်ပါတယ်။ ဒီအပြင် လူထု ၊ လူငယ်တွေ နဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပြီး စစ်ကောင်စီ အကောင်အထည်ဖော်ဆောင်မဲ့ ရွေးကောက်ပွဲ မလုပ်ဆောင်နိုင်ဖို့ကို အားကောင်းကောင်းနဲ့ လုပ်စရာရှိတာကို လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။

Related Articles

Back to top button