တိုင်းရင်းသားအကြောင်း

လီဆူလူမျိုးများ ကချင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ဆိုင်သော အတွေးစု

ဓါတ်ပုံ – Getty Images
လီဆူလူမျိုးများ ကချင်ဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့်ဆိုင်သော အတွေးစု
– Dingyau Uma (Gumsan) 
မြန်မာနိုင်ငံရဲ့ တရားဝင်လူမျိုးများစာရင်းအရ ကချင်လူမျိုးကို လူမျိုး ၆ မျိုးနဲ့ စုဖွဲ့ထားပါတယ်။ လီဆူလူမျိုး၊ ရဝမ်လူမျိုး၊ ဂျိမ်းဖေါလူမျိုး၊ လာချိဒ်လူမျိုး၊ လော်ဝေါ်လူမျိုးနဲ့ ဇိုက်ဝါးလူမျိုးတွေဟာ ကချင်လူမျိုးအဖြစ် တရားဝင်ရပ်တည်နေကြတာဖြစ်ပါတယ်။
ရှေးလူကြီးတွေရဲ့ ပြောပြချက်အရဆိုရင် ကျွန်တော်တို့ကချင်ပြည်နယ်အထက်ပိုင်းမှာ လီဆူလူမျိုးတွေဟာ ဟိုးယခင်ကတည်းက ကျန်တဲ့ကချင်လူမျိုးတွေနဲ့ ချစ်ချစ်ခင်ခင် အတူတကွ နေထိုင်လာခဲ့ကြတယ်လို့ဆိုပါတယ်။ ထိုအချိန်က လူဦးရေအားဖြင့်တော့ ခုလောက်ထိမများပဲ နည်းပါးပါသေးတယ်။
ပြောရမယ်ဆိုရင် မြန်မာပြည်အနှံ့ ပျံ့နှံ့နေထိုင်ကြတဲ့ လူမျိုးတွေထဲမှာ လီဆူလူမျိုးဟာ ဟိုးယခင်ကတည်းက နေရာဒေသအနှံ့ ပျံ့နှံ့နေထိုင်ကြတဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်လည်း ယခင်ကတည်းက ကချင်ပြည်နယ်အတွင်းမှာနေထိုင်ကြတာရှိသလို ရှမ်းပြည်နယ်အနှံ့မှာလည်း နေထိုင်နေကြပြီဖြစ်ပါတယ်။
လီဆူလူမျိုးမှာ မျိုးကွဲတွေကလည်း အများကြီးရှိပါသေးတယ်။ခုနောက်ပိုင်းဆိုရင် အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေအထိ လီဆူလူမျိုးတွေ ရောက်ရှိနေထိုင်နေကြပြီဖြစ်ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်က ကချင်လူမျိုးတွေဟာ လီဆူလူမျိုးတွေကို ဟိုးယခင်ကတည်းက အတူတကွ ညီရင်းအစ်ကိုလို နေထိုင်လာခဲ့ကြတဲ့အတွက် အချင်းချင်းအကြောင်းတွေသိနေတော့ သူတို့နဲ့အတူရှိနေတဲ့လီဆူလူမျိုးတွေကို ကချင်လူမျိုးထဲမှာ ထည့်သွင်းသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
တရုတ်ပြည်မှာ ကွန်မြူနစ်မော်စီတုန်းအရေးအခင်းဖြစ်တော့ တရုတ်ပြည် ယူနန်ပြည်နယ်ထဲက လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လီဆူလူမျိုးအမြောက်အမြား မြန်မာပြည်ထဲကို ခိုဝင်လာကြပါတယ်။ကချင်ပြည်နယ်ထဲကို ခိုဝင်လာတဲ့ လီဆူလူမျိုးတွေကို ကချင်ဒူဝါကြီးတွေကိုယ်တိုင် နေရာချထားပေးခဲ့ကြပါတယ်။သမိုင်းသက်သေတွေလည်းရှိပါတယ်။
တရုတ်ပြည်တွင်းရေး ပြန်လည်ငြိမ်သက်သွားတော့ လီဆူလူမျိုးအတော်များများ သူတို့ရဲ့ဒေသကို ပြန်သွားကြသလို၊ တချို့ကတော့ ကချင်ပြည်နယ်အတွင်းမှာပဲ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ပြီး မပြန်တော့ပဲ ကျန်ရှိနေခဲ့ကြပါတယ်။ထိုနည်းတူ အခြားသောနေရာဒေသတွေမှာလည်း ရောက်ရှိအခြေချပြီးတော့ နေထိုင်နိုင်ပါတယ်။
ဒီလိုတရုတ်ပြည်ထဲက လီဆူလူမျိုးအမြောက်အမြား ဝင်ရောက်လာတဲ့အတွက် မူလကတည်းက ကချင်တွေနဲ့အတူရှိနေခဲ့ကြတဲ့ လီဆူလူမျိုးတွေဟာ စိုးရိမ်ခဲ့ကြပါတယ်။ ဘာကြောင့်ဆိုတော့ အသစ်ဝင်ရောက်လာတဲ့ တရုတ်ပြည်ထဲက လီဆူလူမျိုးတွေနဲ့ မူလကနည်းကရှိနေတဲ့ လီဆူလူမျိုးတွေဟာ အကျင့်စရိုက်နဲ့ ခံယူချက်တွေ မတူညီကြတဲ့အတွက်​၊ အသစ်ရောက်ရှိလာတဲ့ လီဆူလူမျိုးတွေကြောင့် မူလကတည်းကနေထိုင်ခဲ့ကြတဲ့လီဆူလူမျိုးတွေ အနေအထိုင်ခက်လာမှာ၊ ကျန်တဲ့ကချင်လူမျိုးတွေနဲ့ ပြဿနာဖြစ်လာမှာကို စိုးရိမ်ခဲ့ကြတယ်လို့ ကျွန်တော့အဖိုးက ပြောပြခဲ့ဖူးပါတယ်။
ကချင်ဒေသက လီဆူလူမျိုးတွေကို ကချင်လူမျိုးထဲ ထည့်သွင်းသတ်မှတ်လိုက်ကြပေမဲ့ ထိုအချိန်က ကချင်ခေါင်းဆောင်တွေဟာ လီဆူလူမျိုးအများအပြား ကျန်တဲ့ဒေသတွေ(ဥပမာ ရှမ်းပြည်နယ်လိုနေရာမျိုး)မှာ ရောက်ရှိနေထိုင်နေကြတာကို သိရှိပုံမရပါဘူး။ ဒါကြောင့်လည်း ကိုယ့်ဒေသမှာ အတူတကွနေထိုင်လာခဲ့တဲ့ လီဆူလူမျိုးတွေကို ကိုယ့်အိမ်သားအဖြစ် ညီအစ်ကိုတွေအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
ဒါ​ပေမဲ့ မိုးကုတ်လီဆူတွေနဲ့ ရှမ်းပြည်ဖက်က လီဆူလူမျိုးတွေဟာ ကချင်လူမျိုးထဲမှာမပါပဲ သီးခြားလူမျိုးအဖြစ် ရပ်တည်လာတော့ ဗိုလ်ချုပ်ခင်ညွှန့်တို့ နဝတ၊နအဖအစိုးရက တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီကိစ္စမှာ တခြားနိုင်ငံရေးအကြောင်းရင်းတွေလည်း ပါရှိနိုင်ပါတယ်။ဒါကလည်း ရှမ်းပြည်ဘက်က လီဆူလူမျိုးတွေဟာ ကချင်ပြည်နယ်ထဲက လီဆူလူမျိုးတွေနဲ့ စရိုက်ချင်းမတူပဲ တရုတ်လူမျိုးဆန်ဆန် ပြုမူနေထိုင်ကြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပြောရရင်တော့ လီဆူလူမျိုးဆိုတာ တရုတ်ပြည်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အသိအမှတ်ပြုခံရတဲ့ တိုင်းရင်းသားလူမျိုး ၅၈ မျိုးစာရင်းဝင် သီးခြားလူမျိုးတစ်မျိုးဖြစ်ပါတယ်။ကချင်လူမျိုးလည်း “ဂျိမ်းဖေါဆူ´´ဆိုပြီးတော့ ထိုနည်းလည်းကောင်း တရုတ်ပြည်ထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးခြားလူမျိုးတစ်မျိုးဖြစ်ပါတယ်။
ဒါပေမဲ့ ကချင်ပြည်နယ်အတွင်းမှာတော့ လီဆူလူမျိုးကို ကချင်လူမျိုးစာရင်းဝင် လူမျိုးစု ၆ စုထဲမှာ ပါဝင်တဲ့လူမျိုးအဖြစ် ကျန်တဲ့ကချင်လူမျိုးစု ၅ စု(ဂျိမ်းဖေါ၊ ရဝမ်၊ လာချိဒ်၊ လော်ဝေါ်နဲ့ ဇိုက်ဝါး)တွေကလည်း အသိအမှတ်ပြုထားပါတယ်။ လီဆူလူမျိုးတွေကို ကချင်လူမျိုးအဖြစ် ကျေကျေနပ်နပ်နဲ့ကို လက်ခံထားကြတာဖြစ်ပါတယ်။
ဒါကြောင့်လည်း ဗြိတိသျှကိုလိုနီခေတ်မှာ ကချင်တပ်ရင်းတွေကိုဖွဲ့ပေးတော့ လီဆူလူမျိုးအမြောက်အမြား ကချင်တပ်တွေမှာ ကျန်တဲ့ကချင်လူမျိုးတွေနဲ့အတူတကွ ပါဝင်အမှုထမ်းခဲ့ကြတာဖြစ်ပါတယ်။ ကချင်တပ်ထဲမှ ထူးချွန်တဲ့ လီဆူစစ်သားကောင်းများစွာ ပေါ်ထွက်လာခဲ့ပါတယ်။ထိုအထဲမှ ဗိုလ်ကြီးဆီဖာမိတုံတန်ဟာ ထင်ရှားကျော်ကြားပါတယ်။
ကျွန်တော့အထင် လီဆူလူမျိုးတွေ ကချင်လူမျိုးစာရင်းမှာပါခဲ့တာကို ဟိုးယခင်ကတည်းက အတူတကွရှိခဲ့ကြတဲ့ လီဆူလူမျိုးတွေကိုယ်တိုင်ကလည်း ကျေကျေနပ်နပ်နဲ့ လက်ခံခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကန့်ကွက်သံတွေကို မကြားခဲ့ရခြင်းဖြစ်ပါတယ်။
ကျွန်တော့စိတ်ထဲမှာလည်း ကချင်ဒေသက လီဆူလူမျိုးတွေကို ကချင်လူမျိုးစုဝင်အဖြစ် လက်ခံပါတယ်။ ဒါဟာ အမှန်တရားဖြစ်ပါတယ်။
ဒါပေမဲ့ ကျန်တဲ့ဒေသက လီဆူလူမျိုးတွေကတော့ သူတို့ဟာ ကချင်ထဲမှာမပါပဲ သီးသန့်လူမျိုးဖြစ်ကြောင်း လက်ခံထားကြပုံပေါ်ပါတယ်။ဘာကြောင့်ဆိုတော့ သူတို့တွေဟာ ကချင်လူမျိုးတွေနဲ့ အတူတကွနေထိုင်ကြတာမဟုတ်လို့ဖြစ်ပါတယ်။သူတို့အယူအဆကိုလည်း မှားတယ်လို့ပြောလို့မရပါဘူး။
ဘာကြောင့်ဆိုတော့ တရုတ်ပြည်ထဲမှာ သီးသန့်လူမျိုးတစ်မျိုးအဖြစ်နဲ့ နေထိုင်လာခဲ့ကြတဲ့သမိုင်းက ရှိနေလို့ဖြစ်ပါတယ်။။ 
သို့သော် ဒီအယူအဆကို လီဆူလူမျိုးတချို့ ကချင်ပြည်နယ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ထုတ်လာကြတဲ့အတွက် အရင်ကမရှိခဲ့ဖူးတဲ့ပြဿနာတွေဟာ ဒီနေ့ဒီအချိန်မှာ ပေါ်ပေါက်လာရတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင် နဂိုရှိနှင့်ပြီးသားလီဆူလူမျိုးတွေနဲ့ ကျန်တဲ့ကချင်တွေကြားမှာ သွေးကွဲလာစေခဲ့ပါတယ်။
အဓိကကတော့ နောက်ပိုင်းဝင်ရောက်လာတဲ့ လီဆူလူမျိုးတွေကြောင့် ခုလိုပြဿနာဖြစ်လာရတာလို့ပဲမြင်မိပါတယ်။
အမှန်က လီဆူလူမျိုးဆိုတာ လူဦးရေအရလည်း များပြားသလို ကိုယ်ပိုင်နယ်မြေဒေသ၊ ကိုယ်ပိုင်ယဥ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားနဲ့ ကိုယ်ပိုင်စာပေရှိတဲ့ သီးသန့်လူမျိုးတစ်မျိုးဖြစ်ပါတယ်။
ကချင်ထဲမှာ ပါခြင်း၊ မပါခြင်းကတော့ လီဆူလူမျိုးတွေကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။
သေချာတာတစ်ခုက ဒီကိစ္စမှာ လီဆူလူမျိုးတွေကိုယ်တိုင်ကလည်း အမြင်ကွဲကြပါလိမ့်မယ်။
အကောင်းဆုံးကတော့ တရုတ်ပြည်ထဲမှာ သီးသန့်လူမျိုးအနေနဲ့နေထိုင်ပေမဲ့ မြန်မာနိုင်ငံထဲမှာတော့ ကချင်ထဲမှာပါတဲ့ လီဆူလူမျိုးအဖြစ်နဲ့နေထိုင်တာက ပိုမိုကောင်းမွန်တယ်လို့ မြင်မိပါတယ်။ ဒါကလည်း ကျွန်တော့ရဲ့ခံယူချက်အမြင်သာဖြစ်ပါတယ်။တကယ်ဆုံးဖြတ်ရမှာက လီဆူလူမျိုးတွေကိုယ်တိုင်ဖြစ်ပါတယ်။
နောက်ပိုင်း ကမ္ဘာ့သမိုင်းတွေပြောင်းလဲလာလို့ အခြေအနေတွေပြောင်းလဲလာခဲ့ရင် ပြောင်းလဲသွားတဲ့ခေတ်အခြေအနေအလိုက် ကျွန်တော်တို့တွေရဲ့အခြေအနေတွေဟာလည်း လိုက်ပါပြောင်းလဲသွားကြရမှာဖြစ်ပါတယ်။
အဲ့ဒီအခါမှာ ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေသာ ဖြစ်လာပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။
မှတ်ချက်။ ။ အထက်ပါအမြင်ဟာ ကျွန်တော် သိရှိထားတဲ့အချက်တွေနဲ့ ကျွန်တော့ရဲ့အမြင်သာဖြစ်ပါတယ်။ နောက်ထပ်ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ်ထပ်ပြီးတော့ လေ့လာဖို့လိုအပ်ပါသေးတယ်။မူလကတည်းက ကချင်လူမျိုး ၅ မျိုးနဲ့ အတူတကွ နေထိုင်လာခဲ့ကြတဲ့ လီဆူလူမျိုးတွေရဲ့ မျိုးဆက်ဖြစ်တဲ့ လီဆူလူကြီး အဖိုးအဖွားတွေကိုလည်း မေးမြန်းစုံစမ်းသင့်ပါတယ်။
ဒီလိုရေးလိုက်လို့ လီဆူလူမျိုးတွေနဲ့ ကျန်တဲ့ကချင်လူမျိုးတွေကြားမှာ သွေးကွဲစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။အပြုသဘောနဲ့ အမှန်အတိုင်း ရှုမြင်နိုင်အောင်လို့ အဖြစ်မှန်ကို တင်ပြခြင်းမျှသာဖြစ်ပါတယ်။

Related Articles

Back to top button