သတင်း

စစ်ကောင်စီတပ် ဗုံးကြဲမှု အိန္ဒိယဘက် ပေါက်ကွဲမှုမရှိဟု အာသံ ရိုင်ဖယ်တပ် ငြင်းဆိုမှုဟာ အိန္ဒိယရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကျဆင်းစေတဲ့ ပြောဆိုမှုဖြစ်တယ်လို့ CNF ပြော

ဓါတ်ပုံ – CJ (CNA တာဝန်ရှိရဲဘော်များ ကွင်းဆင်းတွေ့ရှိတဲ့မှတ်တမ်း)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃

မြန်မာ-အိန္ဒိယ နယ်စပ် ထန်တလန်မြို့နယ်ထဲက ချင်းအမျိုးသားတပ်ဉီး ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို စစ်ကောင်စီက ပြီးခဲ့တဲ့၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ ဒေသစံတော်ချိန် ညနေ ၄း၃၀ခန့်)မှာ တိုက်လေယာဉ် ၅ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ အနည်းဆုံး ဗုံး ၂ လုံးဟာ အိန္ဒိယနိုင်ငံ နယ်နိမိတ် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ CNA တာဝန်ရှိ ရဲဘော်များက ပြောပါတယ်။

 “နှစ်နိုင်ငံနယ်နိမိတ်ဖြစ်တဲ့ Tio ချောင်း၏ အိန္ဒိယဘက်ခြမ်း သဲသောင်ပြင်မှာ ကျရောက်ပေါက်ကွဲခြင်း ဖြစ်တဲ့ အတွက် ဗုံးပေါက်ကွဲ ပျက်ဆီးမှု အဆအနဟာ အခြားနေရာများလောက် သိသာမှု မရှိခဲ့တာ” လို့ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ CNA တာဝန်ရှိ ရဲဘော်များက ပြောပါတယ်။

အလားတူ ၎င်းဗုံးပေါက်ကွဲ နေရာသို့ အိန္ဒိယ တပ်မတော်(Assam Rifles) တာဝန်ရှိများလည်း လာရောက် စစ်ဆေးပြီး ဓာတ်ပုံများ ရိုက်သွားခဲ့တယ်လို့ CNA ရဲဘော်များက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြထားပါတယ်။

အိန္ဒိယအာသံ ရိုင်ဖယ်တပ်ကတော့ ချင်းအမျိုးသား တပ်မတော် (CNF) ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းအား စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက် ခိုက်မှုမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ဗုံးကျရောက် ပေါက် ကွဲခြင်း မရှိဘူးလို့  ငြင်းဆိုထုတ်ဖော်ပြောဆိုခဲ့တာပါ။

Champai ခရိုင်အတွင်းရှိ Farkawn ကျေးရွာကောင်စီဥက္ကဋ္ဌကတော့ မီဇိုရမ်ဘက်ခြမ်းရှိ Tiau မြစ်အနီးတွင် ဗုံးတလုံး ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာကောင် စီဝင်တဦး ပိုင်ဆိုင်တဲ့ ထရပ်ကားတစီး ပျက်စီးသွားတာလို့ ပြောပြချက်ကိုလည်း အိန္ဒိယ သတင်းဌာနများဖြစ်တဲ့ Rediff နဲ့ deccanherald တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ထဲက အင်အားကြီး မီဇိုလူငယ်အဖွဲ့ဖြစ်သည့် Young Mizo Association (YMA-Tuipuiral Group)ကတော့ အခုလိုမျိုး နိုင်ငံတကာဉပဒကို ချိုးဖောက်ပြီး အိန္ဒိယနိုင်ငံရဲ့ မြေပြင်နှင့် လေပိုင်နက် နှစ်ခုစလုံးကို ၀င်ရောက်ပျံသန်းကာ စစ်ကောင်စီတပ်က ဗုံးပါကြဲချခြင်းဟာ ကျနော်တို့ အမိအိန္ဒိယနိုင်ငံကြီးကို သက်သက်မဲ့စော်ကားခြင်းဖြစ်သလို မြန်မာစစ်တပ်ရဲ့ နယ်မြေ ကျူးကျော် ပျံသန်းမှုကြောင့် နယ်စပ်ရှိ အိန္ဒိယနိုင်ငံသား တောင်သူလယ်သမားများနှင့် သဲလုပ်ငန်းလုပ်ကိုင်သူများ အထိတ်တလန့်ဖြစ်ကြပြီး ၎င်းတို့ရဲ့လုပ်ငန်းခွန်တွေကို  စွန့်ခွာထွက်ပြေး ခဲ့ရတယ်လို့ ထုတ်ပြန် ပြောဆို ထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကတော့ “အမှန်ကိုအမှန်အတိုင်း ရပ်တည်ပေးတဲ့ YMA ကိုလေးစားတယ်၊ Mizoram အစိုးရကြတော့လည်း သူ့ရဲ့ ပြည်နယ်လုပ်ပိုင်ခွင့်နဲ့ သက်ဆိုင်နေတော့ နားလည်ပေးရမှာပေါ့။

Assam rifle ကိုယ်တိုင်ကွင်းဆင်းမှု လာလုပ်ရက်သားနဲ့ ယခုလို ငြင်းဆိုတာ India ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ ကျဆင်းစေတာပေါ့”  လို့  အခုလို မှတ်ချက်ပြု ပြောဆိုပါတယ်။

ချင်းလဲန်းကာကွယ်ရေးပူးတွဲကော်မတီ (CJDC) အတွင်းရေးမှူး ဆလိုင်းတင်မီ ကတော့ “ ပထမအချက် အနေနဲ့ သန်း ၆၀ ကျော်သော မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ဆာငတ်မွတ်သိပ်မှုကို အိမ်နီးချင်းနိုင်ငံအနေနဲ့ မထီမဲ့မြင်ပြုပြီး အရပ်သားပြည်သူပေါင်းများစွာကို မတရားသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ အိန္ဒိယဗဟို အစိုးရဟာ သူ့ရဲ့အကျိုးစီးပွားအတွက် ပူးပေါင်းခဲ့တယ်။

ဒုတိယ အချက်ကတော့ လက်နက်ကြီးဟာ သူ့နိုင်ငံပိုင်နက်ထဲကျရောက်လို့ သူ့နိုင်ငံသားတွေအပျက်အစီးနဲ့ ရင်ဆိုင်ခဲ့ရပြီး ခေတ္တတိမ်းရှောင်သူတွေတောင် ရှိခဲ့တာကို လစ်လျှူရှုခဲ့တယ်။ ဒီလိုလုပ်ရပ်ဟာ စကစရဲ့ လူသားမဆန်တဲ့လုပ်ရပ်ကို အားပေးထောက်ခံတာဖြစ်သလို နိုင်ငံတကာလူ့အခွင့်ရေးချိုးဖောက်မှုမှာ သူ(အိန္ဒိယအစိုးရ)ကိုယ်တိုင်က ပါဝင်နေတယ်ဆိုတာ ပြသလိုက်တာပဲဖြစ်ပါတယ်” ထောက်ပြ ဝေဖန် ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) Deputy Executive Director Salai Za Uk Ling ကတော့ “ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ခရစ်စမတ်မတိုင်ခင်က CNF စခန်း နဲ့ KIO စခန်း ကို လေကြောင်းတိုက်ခိုက်ဖို့ ရယ်ရွယ်ကြောင်း သူတို့(စကစ)ရဲ့ လျှို့ဝှက်စာထွက်လာခဲ့တယ်။ သို့သော် ၂၀၂၂ နှစ်ကုန်အထိတော့ မတွေ့ခဲ့ရဘူး။ CNF ဟာ ၂၀၂၃ နှစ်သစ်မှာ ထုတ်ပြန်ချက် နှစ်ခုထုတ်ပြန်ခဲ့ပါတယ်။ SAC မှ ပြုလုပ်မည့်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ခိုက်ဖို့ အခိုင်အမာ ဆိုထားပါတယ်။ နောက်တစ်ပတ်လောက်အကြာမှာတော့ KIO နှင့် CNF ကို နှစ်ဖွဲ့စလုံး စတိုက်ခိုက်ပါတယ်။ သူတို့(စကစ) က ဒါကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သလို သူတို့နှစ်ဖွဲ့ (CNF and KIO) ကို ဘယ်လိုမှ ရွေးကောက်ပွဲအတွက် စည်းရုံးလို့မရတော့ဘူးလို့ ယုံကြည်လို့လည်း လုပ်ဆောင်တာ ဖြစ်နိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်၊ Champai ခရိုင်အတွင်း ဗုံးကျရောက် ပေါက်ကွဲမှုများရှိခဲ့တာကို ဒေသခံများက သူတို့၏ စိုးရိမ်မှုနှင့် အမြတ်ဒေါသ ထွက်မှုများကို လူမှုကွန်ရက်များမှတစ်ဆင့် ရေးသားဖော်ပြနေကြသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ထံကိုလည်း ပြောဆိုတိုင်ကြားမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။

အာသံရိုင်ဖယ်တပ်ဟာ အိန္ဒိယ- မြန်မာ နယ်စပ်တလျောက်လုံခြုံရေးယူထားသည့် အိန္ဒိယဗဟိုအစိုးရ၏ လုံခြုံရေးတပ် ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ CNF ဌာနချုပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တိုက်လေ ယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း CNF ဌာနချုပ်ရှိ ဆေးရုံတရုံအပါအဝင် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ သည့်အပြင် တပ်ဖွဲ့ဝင် ၅ ဦးလည်း သေဆုံးခဲ့ရပါတယ်။

Related Articles

Back to top button