တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

CNA ဌာနချုပ်ကို တိုက်ခိုက်တဲ့ စစ်ကောင်စီ၏ လေယာဉ်ဗုံးနှစ်လုံး အိန္ဒိယနယ်နိမိတ်ထဲ ကျရောက်မှုရှိ

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၃

မြန်မာ-အိန္ဒိယ နယ်စပ် ထန်တလန်မြို့နယ်ထဲက ချင်းအမျိုးသားတပ်ဉီး ဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို စစ်ကောင်စီက ယမန်နေ့(၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ ဒေသစံတော်ချိန် ညနေ ၄း၃၀ခန့်)မှာ တိုက်လေယာဉ် ၅ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာ အနည်းဆုံး ဗုံး ၂ လုံးဟာ အိန္ဒိယနိုင်ငံ နယ်နိမိတ် အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

 “နှစ်နိုင်ငံနယ်နိမိတ်ဖြစ်တဲ့ Tio ချောင်း၏ အိန္ဒိယဘက်ခြမ်း သဲသောင်ပြင်မှာ ကျရောက်ပေါက်ကွဲခြင်း ဖြစ်တဲ့ အတွက် ဗုံးပေါက်ကွဲ ပျက်ဆီးမှု အဆအနဟာ အခြားနေရာများလောက် သိသာမှု မရှိခဲ့တာ” လို့ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ CNA တာဝန်ရှိ ရဲဘော်များက ပြောပါတယ်။

အလားတူ ၎င်းဗုံးပေါက်ကွဲ နေရာသို့ အိန္ဒိယ တပ်မတော်(Assam Rifles) တာဝန်ရှိများလည်း လာရောက် စစ်ဆေးပြီး ဓတ်ပုံများ ရိုက်သွားခဲ့တယ်လို့ CNA ရဲဘော်များက ပြောပြပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း CNF / CNA ဌာနချုပ်ထဲကိုတော့ ဗုံး ၇ လုံး ကျရောက်ပြီး ၄ လုံးပေါက်ကွဲကာ ၃ လုံး မပေါက်ကွဲဘဲ ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ လေယာဉ်များ အိန္ဒိယနိုင်ငံ လေပိုင်နက်ချိုးဖောက် ပြန်သန်းပြီး အိန္ဒိယနိုင်ငံ နယ်နိမိတ်ထဲသို့ ဗုံးကြဲချမှုအပေါ် အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ရှိ ဒေသခံပြည်သူများက သူတို့၏ စိုးရိမ်မှုနှင့် အမြတ်ဒေါသ ထွက်မှုများကို လူမှုကွန်ရက်များမှတစ်ဆင့် ရေးသားဖော်ပြနေကြပေမယ့် အိန္ဒိယ ဗဟိုအစိုးရဟာ ယခုအချိန်ထိ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်နေပါတယ်။

လေ့လာသူတစ်ချို့၏ သုံးသပ်ချက်အရ စစ်ကောင်စီအနေဖြင့် အခုလို CNF ဌာနချုပ်ထဲကို ဗုံးကြဲချဖို့အတွက် နယူးဒေလီအစိုးရကို ကြိုတင်အသိပေး ခွင့်ပြုချက် ရယူထားပုံရတယ်လို့ သုံးသပ်ကြပါတယ်။

“လေယာဉ်မလာခင် နှစ်နာရီလောက်မှာ ဟိုဘက်က အိန္ဒိယစစ်သား(Assam Rifles)တွေက ကြိုသိထားပြီး သား ပုံစံဖြစ်နေတယ်၊ အရင်က ကင်းထောက်လေယာဉ်လာတုန်းကလည်း မလာခင်ကတည်းက ဒီဘက်က အိန္ဒိယစစ်သားတွေက တပ်လှန့်ထားမှုတွေ၊ ရွာသားတွေကို သွယ်ဝှက်သတိပေးမှုတွေ လုပ်ခဲ့တာတွေ ရှိတယ်”ဟု အမည်မဖော်လိုသည့် စစ်အရာရှိတစ်ဉီးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပြပါတယ်။

စစ်ကောင်စီ၏ အာဘော်ဖြစ်တဲ့ Burmese National Political Affairs ဆိုသည့် Facebook Page ကလည်း ‘မြန်မာအိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသများငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသဘောတူညီချက်များအရ ထိုကဲ့သို့ အိန္ဒိယလေပိုင်နက်ကို အသုံးပြု[နိုင်]ခြင်းဖြစ်ကြောင်း’ ရှင်းလင်းဖော်ပြထားပါတယ်။

အိန္ဒိယ BJP ပါတီ၏ ဝန်ကြီးချုပ် Modi ဉီးဆောင်သည့် အိန္ဒိယဗဟိုအစိုးရသည် အိမ်နီးချင်း မြန်မာ ပြည်သူ လူထု၏ ဒီမိုကရေစီ တော်လှန်ရေးကို အားပေးထောက်ခံမှုမပြုဘဲ အာဏသိမ်းစစ်ကောင်စီ ဘက်ကို ရပ်တည်ကာ စစ်ရေးနှင့် နိုင်ငံရေးအရ အကူအညီများ ထောက်ပံ့ပေးနေတာ တွေ့ရပါတယ်။ 

Related Articles

Back to top button