အတွေးအမြင်

ဆီးရီးယားသင်ခန်းစာ

ဆီးရီးယားသင်ခန်းစာ
 
– ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)
 
ရာသီဥတုပြောင်းလဲခြင်းက စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကိုဖြစ်စေလား?
 
ဒါကတော့ ပညာရှင်တွေအကြားမှာ ဆန်းစစ်လေ့လာလျက်ရှိတဲ့ သုတေသန မေးခွန်းတခုလည်းပဲ ဖြစ်ပါတယ်။
 
ရာသီဥတုပြောင်းလဲမှုကြောင့်တော့ ပဋိပက္ခတွေတိုက်ရိုက်မဖြစ်သော်လည်းပဲ သွယ်ဝိုက်ပြီးတော့ သက်ရောက်မှုရှိတယ်လို့သုံးသပ်ကြတယ်။
 
ရာသီဥတုပြောင်းလဲမှုကြောင့် ဖောက်ပြန်တဲ့မိုးလေဝသအခြေအနေတွေနဲ့ သဘာဝဘေးတွေ ဖြစ်စေပါတယ်။
 
ဒါတွေက သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေပျက်ဆီးဆုံးရှုံးစေသလို လူတွေကို ပို အကာအကွယ်မဲ့စေပါတယ်၊ ဘဝရှင်သန်ရပ်တည်ရေးကို ပိုမိုခက်ခဲစေပါတယ်။
 
စားနပ်ရိက္ခါခေါင်းပါးမှုကိုဖြစ်စေပါတယ်။ ဒီအခါ လူတွေအကြား အသက်ရှင်ရပ်တည်ရေးအတွက် ပိုမိုရုန်းကန်လာရပြီး အပြိုင်အဆိုင်တွေများလာတာကြောင့်တခြားလူမှုရေးနိုင်ငံရေးနောက်ခံတွေကို အကြောင်းပြုပြီး မညီမျှမှုတွေ၊ ဘက်လိုက်ခွဲခြားဆက်ဆံမှုတွေပိုမိုဖြစ်ပွါးစေပါတယ်။
 
ဒီအခါမှာ လူမှုရေးပဋိပက္ခတွေ ထိန်းမနိုင်သိမ်းမရဖြစ်ကာ စစ်ပွဲတွေဖြစ်ရတဲ့အထိ အတောမသတ်ပြသနာတွေကြီးထွားစေပါတယ်။
 
၂၀၁၁ ကတည်းက ဖြစ်နေတဲ့ လူပေါင်းငါးသိန်းကျော်သေဆုံးခဲ့ရပြီး လူဦးရေသန်း ၂၀ ကျော်ရှိတဲ့အနက် တဝက်ကျော်လောက် (၁၃ သန်း) စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေရတဲ့ ဆီးရီးယားစစ်ပွဲ ဟာ ရာသီဥတုပြောင်းလဲခြင်းနဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်အများစုက သုံးသပ်ကြပါတယ်။
 
၂၀၀၈ ခုနှစ်ပတ်လည်တွေမှာဖြစ်ပွါးခဲ့တဲ့ မိုးခေါင်ရေရှားပူပြင်းခြောက်သွေ့မှုကြောင့် ကျေးလက် ဒေသတွေမှာ စိုက်ပျိုးရေး ပျက်ဆီးဆုံးရှုံးကာ လူဦးရေ တသန်းခွဲလောက် မြို့ပြတွေကို ရွှေ့ပြောင်း ကျူးကျော်သူတွေအဖြစ် ရောက်ရှိလာတဲ့အတွက် လူမှုရေးမတည်ငြိမ်မှုတွေ မကျေနပ်မှုတွေ ဆီးရီးယားမှာတိုးပွါးလာခဲ့ပါတယ်။
 
ဆီးရီးယားသမ္မတအာဆတ်က ဒီမိုကရေစီအခွင့်အရေးတွေကို ချုပ်ချယ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့အခါ ၂၀၁၁ ဝန်းကျင်မှာ အာရပ်နွေဦး တော်လှန်ရေးဟာ ဆီရီးယားမှာ ဖြစ်ပေါ်လာပါတယ်၊ လူမှုဘဝ အထွေထွေ အကြပ်အတည်း ကြုံတွေ့နေရတဲ့ မြို့ပြနေ ကျေးလက် ဒေသမှ ပြောင်းရွှေ့သူတွေဟာ ဒီအစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အဓိက အင်အားစုတွေအနေနဲ့ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
 
အာဆတ်အစိုးရက ဒီလူထုလှုပ်ရှားမှုတွေကို အပြင်းအထန်နှိပ်ကွက်တဲ့အခါ လူထုက ပြန်လည် ခုခံရာကနေ ပြည်တွင်းစစ်ဖြစ်လာပါတော့တယ်။ အာဆတ်ရဲ့ စစ်တပ်ကနေခွဲထွက်လာတဲ့ စစ်သား၊ စစ်ဗိုလ်တွေဟာ ဒီအစိုးရဆန့်ကျင်ရေးသမားတွေနဲ့ ပူးပေါင်းလာတဲ့အခါ ပြည်တွင်းစစ်ဟာ ပိုအရှိန်ရလာပါတော့တယ်။
 
ဆီးရီးယားမှာ ရုရှားရေတပ်အခြေစိုက်စခန်းတွေရှိတဲ့အတွက် ရုရှားက အာဆတ်အစိုးရကို စစ်ရေးအရ ထောက်ပံပါတယ်။
 
အီရန်နဲ့ လက်ဘနွန်ကဟက်ဇ်ဘိုလာအဖွဲ့တွေကလည်း စစ်ရေးအထောက်အပံတွေပြုကြပါတယ်။
 
အစိုးရကိုဆန့်ကျင်ကြတဲ့ စဉ်ပြိုင်အစိုးရအုပ်စု (Free Syrian Army) တွေက နိုင်ငံမြောက်ပိုင်း တူရကီနယ်စပ်က နယ်အချို့ကို သိမ်းပိုက်ထားပြီး တူရကီ၊ဆော်ဒီအာရေးဗီယျ၊ ကာတာ တို့က ပံပိုးကြပါတယ်။
 
တချိန်တည်းမှာပဲ အယ်လ်ကိုင်ဒါ နဲ့ အဆက်အသွယ်ရှိခဲ့ဘူးတဲ့ အစွန်းရောက် ဂျီဟတ်ဘာသာရေး စစ်ဆင်နွှဲလိုသူမူစလင်အဖွဲ့တွေခေါင်းထောင်ထလာပြီး အီရတ်နှင့် ဆီးရီးယားနယ် တချို့ကိုပေါင်းပြီး ဆွန်နီအစ်စလမ်မစ်ဘာသာရေးနိုင်ငံထူထောင်လိုတဲ့ ISIS အဖွဲ့ထူထောင်ကာ နယ်မြေ ထိန်းချုပ်မှုတွေ လုပ်လာကြပါတယ်။
 
သူတို့ဟာ အာဆတ်အစိုးရကိုလည်းတိုက်ခိုက်၊ ဒေသခံ ကဒ်လူမျိုးတွေနဲ့ ရှီအတ် မွတ်ဆလင် တွေကို လည်းသတ်ဖြတ်တဲ့အတွက် တူရကီအခြေစိုက်ကဒ်ခွဲထွက်သူပုန်တွေနဲ့သာမက ရှီအတ်မွတ်စလင်နိုင်ငံ ဖြစ်တဲ့ အီရန်နိုင်ငံနှင့်ကော လက်ဘနွန်နိုင်ငံအခြေစိုက် ရှီအတ်အကြမ်းဖက်အဖွဲ့ ဟက်ဇ်ဘိုလာအဖွဲ့တွေ နဲ့ပါ ထိတ်တိုက်စစ်ပွဲတွေဖြစ်လာပါတယ်။
 
အီရတ်နိုင်ငံကလည်း ISIS တွေကို စစ်ရေးထိုးစစ်တွေပြုလုပ်လာပါတယ်။ ရုရှားကလည်း သူတို့ ခရီးသည်လေယာဉ်ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် ISIS တွေ တိုက်ရိုက်ချေမှုန်းတာတွေလုပ်လာပါတယ်။
 
အလားတူ အရှေ့မြောက်နယ်က တူရကီကနေခွဲထွက်ရေးလှုပ်ရှားကြတဲ့ ကဒ်သူပုန်အုပ်စုတွေနဲ့ အဆက်အစပ်ရှိတဲ့ ဆီးရီးယားကဒ်တွေကလည်းတစခန်းထလာကြပြီး Syrian Defense Forces (SDF) အာဆတ်ကိုတော်လှန်ကြသလို ISIS တွေကို ကော စဉ်ပြိုင်ဆီးရီးယားအစိုးရအဖွဲ့တွေကိုကောပါ နယ်မြေလုပွဲအတွက် ပြန်လည်တိုက်ခိုက်ကြပြန်ပါတယ်။
 
အမေရိကန်၊ ဗြိတိန်၊ နယ်သာလန်တို့က လည်း အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်နဲ့ စစ်ရေးအကူအညီတွေပေးကြပြီး အင်္ဂလန်က စစ်လေယာဉ်တွေနဲ့ ကူပြီး ဗုံးကြဲကူခဲ့ပါသေးတယ်။
 
အာဆတ်အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ SDF နဲ့ FSA တို့ရဲ့ တိုက်ခိုက်ရေးသမား ၁၀၀၀၀ ကျော် လောက် အနောက်နိုင်ငံများက ပေးတဲ့ စစ်ရေးသင်တန်းတွေရခဲ့ကြပြီး ၊ အမေရိကန်သမ္မတ အိုဘာမားလက်ထက်မှာ Non lethal assistance လို့ အကြောင်းပြသော်လည်း အကြမ်းဖက် နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ တင့်ကားပစ်ဒုံးကျည်များအပါအဝင် စစ်လက်နက်ခဲယမ်း မီးကျောက် အမြောက်အများထောက်ပံပေးခဲ့ပါတယ်။ (ထရမ့်လက်ထက်မှာတော့ ရပ်တန့်သွား ပါတယ်)
 
ဒီလိုနဲ့အဖွဲ့ကြီးလေးဖွဲ့ဟာ ဆီးရီးယားကို နယ်မြေအသီးသီးခွဲဝေယူကာ တဖွဲ့နှင့်တဖွဲ့ ပတ်လည် ပြန်ပြီး တိုက်ခိုက်ကာ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေတာ ဒီကနေ့ဆိုရင် ၁၁ နှစ်ကျော်လာပြီဖြစ်ပါတယ်။
 
တနိုင်ငံလုံးလဲ ဖွတ်ဖွတ်ကျေကာ ငြိမ်းချမ်းရေးက အလှမ်းဝေးကွာဆဲဖြစ်ပါတယ်။ ရေနံက ရတဲ့ငွေရယ်၊ ရုရှားရဲ့ စစ်ရေးထောက်ပံမှုကို ကျောထောက်နောက်ခံပြုထားတဲ့ အာဆတ်အစိုးရကို ဖြုတ်ချနိုင်ခြင်း မရှိသေးပါဘူး။
 
ဆီရီးယား အတိုက်အခံယှဉ်ပြိုင်အစိုးရအနေနဲ့လည်း အာဆတ်ကို ဖြုတ်ချနိုင်ခဲ့ရင်တောင်မှ လူမျိုးရေး အခြေပြုခွဲထွက်မဲ့ ကဒ်လူမျိုးစုတွေနဲ့ ဆက်ပြီး ပြသနာရှင်းရဖို့ရှိသလို အစွန်းရောက် မူစလင် ဘာသာ ရေး အုပ်စုတွေကိုလည်း နှိမ်နင်းရမဲ့ ဒုက္ခကလည်းမသေးလှပါ။
 
UN က ကမကထ ပြုတဲ့ ဂျနီဗာ ဆီရီးယား ငြိမ်းချမ်းရေးစေ့စပ်​ရေး ကလည်း စာရွက်ပေါ်မှာသာ ရှိနေပြီး အရာမရောက်ဖြစ်နေပါတယ်။
 
ယူကရိန်းစစ် အခြေအနေတမျိုးတဖုံဖြစ်သွားလို့ ပထဝီဝင်နိုင်ငံရေး အပြောင်းအလဲဖြစ်သွားရင်တော့ အာဏာရှင် သမ္မတအာဆတ် ဘယ်လောက် ကြာကြာတောင့်ခံနိုင်ဦးမလဲဆိုတာ ဆက်စောင့် ကြည့်ရဦး မှာ ဖြစ်ပါတယ်။
 
လောလောဆည်တော့ အစိုးရအတိုက်အခံအဖွဲ့တွေဟာ စုစည်းခိုင်မာမှု နဲ့ နိုင်ငံတကာ အထောက်အပံ တွေ လျော့နည်းသွားသလို စစ်ရေးအရထိန်းချုပ်ထားနိုင်တဲ့နယ်မြေတွေ ပြန်လည်ဆုံးရှုံးလျက် ရှိပါတယ်။
 
ရေနံငွေပုံမှာ ထိုင်နေတဲ့ အာဏာရှင်တွေကိုကြည့်ပြီး သယံဇာတကျိန်စာသင့်နေတဲ့ နိုင်ငံတွေ ဒီကျိန်စာက ဘယ်လို ဖောက်ထွက်လွန်မြောက်နိုင်မလဲ ဆိုတာကိုပဲ တွေးနေမိပါတယ်။
 
ဆီးရီးယားမှာ ငွေကြေး၊ နည်းပညာ၊ စစ်ရေးအကူအညီ ပေးခဲ့ကြတဲ့ အနောက်နိုင်ငံတွေကလည်း ရလဒ်မဲ့ဒီအတွေ့အကြုံအပေါ်အခြေခံပြီး စစ်ဘေးဒုက္ခသည်ဝန်ထုတ်ဝန်ပိုး ကိုလည်း စိုးရိမ်သည့် အလျှောက် အခြားနိုင်ငံက အာဏာရှင်ဖြုတ်ချရေးလှုပ်ရှားမှုတွေ အပေါ် ထဲထဲဝင်ဝင်ကူညီဘို့ တွန့်ဆုတ်သွားကြတာလို့ ယူဆမိပါတယ်။
 
ပြည်တွင်းရေးကို အကြောင်းပြုပြီး အီရန်နှင့် မတည့်သည့်ဆော်ဒီအာရေဗျ၊ ရုရှားနှင့်အမေရိကန် အစရှိတဲ့ အင်အားကြီးနိုင်ငံတွေကလည်း Proxy war ဆီးရီးယားမှာ ဆင်နွဲအားပြိုင်နေကြသည့်အတွက် အများတောင့်တတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမရပဲ ပြသနာတွေသာ ပိုရှုပ်ထွေး ရှင်းမရ ဖြစ်ကာ ဆီးရီးယားပြည်သူအများသာ ဒုက္ခပင်လယ်ဝေနေရပါတော့တယ်။

Related Articles

Back to top button