ဘမာနိုက်ဇေးရှင်း အကြွင်းမဲ့ဖျက်သိမ်းရေး
– ကျော်ကိုကို (သူ့အတွေးသူ့အမြင်)
တော်လှန်ရေးကာလမှာ စစ်အာဏာရှင်ကို အားလုံးဝိုင်းတိုက်ကြရေး လိုင်းကျသွား ပါတယ်။ စစ်အာဏာရှင် တိုက်တယ်ဆိုတာ စစ်ယူနီဖောင်းဝတ်ထားတဲ့ စစ်သား တွေကို ပစ်ခတ်တိုက်ခိုက်ရုံ သက်သက်လို့ ယူဆကြတဲ့ သူတွေမနည်းပါဘူး။
အထူးသဖြင့် အာဏာအနည်းငယ်ရနေရာကနေ လက်လွတ်ခွက်ကျွတ်ဖြစ်သွားတဲ့ NLD နဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ဗမာလူမျိုးအများစုက စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရေး အသံကုန် ဟစ်ကြွေး နေကြပါတယ်။
တကယ့်တကယ်က စစ်အာဏာရှင်စနစ်ဆိုတာ စစ်တပ်တခုတည်းမဟုတ်ပါဘူး။ စစ်ဝါဒ၊ စစ်ဗျုရို ကရက် အရင်းရှင် စနစ် အပါအဝင် စစ်ကြီးစိုရေးအခြေခံစဉ်းစားချက်တွေလည်း အပါအဝင် ဖြစ်ပါတယ်။
အဆိုပါ စစ်ကြီးစိုးရေး အခြေခံစဉ်းစားချက်တွေထဲမှာ မဟာဗမာလူမျိုးကြီးဝါဒဆိုတာက ကြီးမားတဲ့ အခန်းကဏ္ဍတခု ကနေ ပါဝင်နေပါတယ်။
မဟာဗမာလူမျိုးကြီးဝါဒကနေ ဆင့်ပွားထွက်ပေါ်လာတဲ့ ဗမာဖြစ်အောင်ဇွတ်လုပ်ယူခြင်း (ဘမာနိုက်ဇေးရှင်း) ဆိုတဲ့ အယူအဆကိုလည်း တစမကျန်အောင် တိုက်ဖျက်ဖို့လိုအပ်ပါတယ်။
ဘာလို့လဲဆိုရင် ဘမာနိုက်ဇေးရှင်း ဆိုတာ လူမျိုးစုပေါင်းစုံတောင်းဆိုနေတဲ့ ဖက်ဒရယ်ကို အဟန့်အတားဖြစ်စေလို့ပဲဖြစ်ပါတယ်။
ဘမာနိုက်ဇေးရှင်း အငြင်းအခုံ
—————————-
ဗမာပြည်က အစိုးရတွေက တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ ပြည်ထောင်စုလို့ တွင်တွင်ပြောပြီး လိမ်ညာလှည့်ဖျားနေပေမယ့် တကယ်တမ်းက ဗမာ(မြန်မာ)ကြီးစိုးတဲ့ တပြည်ထောင်ကိုပဲ ခေတ်အဆက် ဆက်ပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။
တချို့က ဘမာနိုက်ဇေးရှင်းကို လက်မခံဘဲ ငြင်းခုန်နေကြပါတယ်။ဗမာစစ်တပ်နဲ့ ဗမာအစိုးရထဲမှာ လူမျိုးစု တွေ လည်းပါတယ် စသဖြင့် လက်ညှိုးထိုးပြပြီး လူမျိုးရေးခွဲခြားဆက်ဆံရေးမရှိပါဘူးလို့ ငြင်းကြတာ ဖြစ်ပါတယ်။
နောက်တမျိုးက ဘမာနိုက်ဇေးရှင်းဟာ ဗမာ့လူ့အဖွဲ့အစည်းမှာမရှိဘဲ အစိုးရမှာပဲရှိတာပါလို့ ထောက်ပြပြောဆိုတဲ့သူတွေလည်း တမျိုးတစားရှိပါသေးတယ်။
ဘယ်လိုပဲငြင်းငြင်း ဘမာနိုက်ဇေးရှင်းရဲ့ အဓိကလက္ခဏာတွေဖြစ်တဲ့ အခြားလူမျိုးတွေအပေါ် ခွဲခြား ဆက်ဆံတာနဲ့ နေရာမပေးဘဲ ဖယ်ထုတ်စဉ်းစားတာတွေလုပ်နေတဲ့အချက်တွေကိုတော့ ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး။
ဘမာနိုက်ဇေးရှင်း ဘယ်လိုလုပ်သလဲ
———————————–
ဗမာ(မြန်မာ)လူမျိုးကို ဗဟိုပြုပြီးစဉ်းစားခြင်းဟာ ဘမာနိုက်ဇေးရှင်းရဲ့ အဓိကအနှစ်သာရဖြစ်ပါတယ်။
ဗြိတိသျှကိုလိုနီက ကျူးကျော်စစ်သုံးကြိမ်ပြုပြီး သိမ်းထားတဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းအတော် များများကို Proper Burma လို့သတ်မှတ်ပြီး ၁၉၃၅ ဘားမားအက်ဥပဒေအရ အုပ်ချုပ်ရေးနယ်မြေ တခု သတ်မှတ်ခဲ့ပါတယ်။
အဆိုပါနယ်မြေထဲမှာ ရခိုင်၊ တနင်္သာရီ၊ ကရင်နယ်တွေ၊ မွန်နယ်တွေအပြင် အလျှိုချင်းနယ်တွေ၊ ပအို့ဝ်နယ်တွေလည်း ပါဝင်နေခဲ့ပါတယ်။
ဒီလို လူမျိုးစုဒေသတွေပါဝင်သော်ငြားလည်း လွတ်လပ်ရေးယူတဲ့အခါမှာ မွန်အတွက်၊ ကရင်
အတွက်၊ ရခိုင်အတွက်၊ အလျှိုချင်းအတွက်၊ ပအို့ဝ်တွေအတွက် စဉ်းစားချက်မပါဝင်ခဲ့ပါဘူး။
အဲ့ဒီလူမျိုးစုတွေအတွက် အမျိုးသားနယ်မြေတွေ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေ တည်ဆောက်ပေးဖို့ ရည်ရွယ်ချက်တွေ မရှိခဲ့ဘဲ အက်တလီနဲ့ အောင်ဆန်း ညှိတဲ့အခါ ဗမာ့လွတ်လပ်ရေးခေါင်းစဉ်နဲ့ပဲ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
လွတ်လပ်ရေးယူဖို့ တောင်တန်းနဲ့ပြည်မ ဆွေးနွေးကြတဲ့အခါမှာလည်း ကချင်၊ချင်း၊ရှမ်း ခေါင်းဆောင်များနဲ့ ဗမာပြည်မက ဖဆပလခေါင်းဆောင်တွေ သဘောတူညီချက်ရဖို့သာ အဓိကထားကြတာကို တွေ့ရပါတယ်။
ထိုအချိန်က အင်အားကြီးလူမျိုးစုဖြစ်တဲ့ ကရင့်အရေး မပါဝင်လို့ နောက်ပိုင်း ကရင်လူမျိုးစုတွေရဲ့ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့တာကို တွေ့ရပါတယ်။
ဗမာ(မြန်မာ)လူမျိုးကလွဲရင် အခြားလူမျိုးစုကို နိုင်ငံရေးအရ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးဖို့ စဉ်းစားချက်မရှိတာဟာလည်း ဘမာနိုက်ဇေးရှင်းရဲ့ လုပ်ဟန်တမျိုးလို့ ဝေဖန်ရမှာပဲဖြစ်တယ်။
ဖဆပလ ဦးဆောင်ရေးဆွဲထားတဲ့ ၁၉၄၇ အခြေခံဥပဒေမှာ လူမျိုးစုလွှတ်တော်အမတ် အရေ အတွက်ထက် ပြည်သူ့လွှတ်တော် အမတ်အရေအတွက်က နှစ်ဆကျော်များနေတာဟာ ဝန်ကြီးချုပ်ရာထူးကို မြန်မာလူမျိုးက အမြဲတမ်းယူဖို့ စဉ်းစားချက်လို့ ဆိုရမှာဖြစ်ပါတယ်။
စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ စမစ်ဒွန်းနောက်ပိုင်း ဗမာကလွဲပြီး အခြားဘယ်လူမျိုးစုမှ စစ်တပ်အကြီးအကဲ မဖြစ်တော့တာကို တွေ့ရပါတယ်။
မင်းအောင်လှိုင်ကို ထားဝယ်လို့ ထောက်ပြပြီး လူမျိုးစုထဲက စစ်တပ်အကြီးအကဲဖြစ်သေးတယ်လို့ ပြောလာရင် ပြန်ချေပလိုတာက သူဟာ ဗမာပြည်မှာ ကြီးပြင်းနေထိုင်ပြီး လူမျိုးစုဘာသာစကား ကိုလည်း သာမန်ထားဝယ်အရပ်သားတယောက်လို နေ့စဉ်ဘဝမှာ ပြောဆိုသုံးစွဲခြင်းရှိသူ တဦး မဟုတ်ဘူးဆိုတာ ထောက်ပြလိုပါတယ်။
ဗျုရိုကရက်အသိုင်းအဝိုင်းမှာ မွေးဖွား ကြီးပြင်း ပြီး ဗမာစစ်အုပ်စုရဲ့ အတွေးအခေါ်ကို အပြည့်အဝလက်ခံထားမှသာ စစ်ရာထူးပေးတာကို မမေ့သင့်ပါ။
ဗမာလူမျိုးကလွဲရင် အခြားလူမျိုးစုတွေရဲ့ ဖြစ်တည်မှုကိုပါ ထိန်းချုပ်ကန့်သတ်တာဟာလည်း ဘမာနိုက် ဇေးရှင်းရဲ့ အဓိကကျတဲ့ အယူအဆတခုဖြစ်နေပြန်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လက်အောက်မှာ နိုင်ငံသားစိစစ်ရေးကဒ်လုပ်တဲ့အခါ တရုတ်၊ကုလား၊သွေးနှော စသဖြင့် ခွဲခြားဆက်ဆံပြီး နိုင်ငံသားကဒ်ရဖို့ ခက်ခဲတာမျိုးတွေရှိပါတယ်။
တချို့ဆို အသက်(၄၀)နီးမှ ပြုနိုင်ငံသားကဒ်ကို ရတာမျိုးတွေရှိပြီး ဒီလိုရဖို့ အတွက် ငွေသိန်းဆယ် နဲ့ချီပြီး လာဘ်ထိုးရတာမျိုးတွေလည်း ကြားဖူးပါတယ်။
အဆိုးဆုံးက ဗမာ(မြန်မာ)လူမျိုး မဟုတ်တဲ့ အခြားလူမျိုးစုတွေဆိုရင် ဦးစားပေးအဆင့် သတ်မှတ် မခံရဘဲ မိသားစုထဲမှာ အဘိုး၊အဘွား၊အဖေ၊အမေက ဘာလူမျိုးဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ဗမာလို့ ပြောတဲ့သူမှ မှတ်ပုံတင် အမြန်ရတာမျိုးကြောင့် ဒီနိုင်ငံမှာ လူမျိုးစုကပြားပေါင်းစုံကနေ ဖြစ်လာတဲ့ ဗမာ(မြန်မာ)တွေ အများကြီးရှိလာပါတော့တယ်။
အဖေက ကရင်၊အမေက မြန်မာဆိုရင်လည်း ကရင်-မြန်မာလို့ မရေးဘဲ မြန်မာလူမျိုးလို့ပဲ အလွယ် သတ်မှတ် လိုက်ကြတာမျိုးကို တွေ့ရပါတယ်။
ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစာ၊မြန်မာစကားကို လူများစုက ပြောဆိုသုံးစွဲ နေကြတဲ့အတွက် ဘယ်လူမျိုးကလာလာ မြန်မာဖြစ်ရတာ သိပ်မြန်လာပါတယ်။
နောက်ဆုံးတော့ ကြီးမားတဲ့ လူအင်အားကို ရရှိလာတဲ့အတွက် နိုင်ငံရေးမှာလည်း ကြီးမားတဲ့ ပါဝါစွမ်းအား ကို သုံးစွဲဖို့ အခွင့်အရေးရှိလာကြပါတယ်။
ဒီနိုင်ငံမှာ ဘမာနိုက်ဇေးရှင်းက အစိုးရပေါ်လစီကြောင့် ပေါ်ပေါက်လာသော်လည်း နေရာတိုင်းမှာ တည်ရှိ နေတဲ့ အယူအဆဖြစ်လာပါတယ်။
ဗမာ(မြန်မာလူမျိုး)နဲ့ ဗုဒ္ဓဘာသာကလွဲရင် အခြားလူမျိုးနဲ့ အခြားအယူဝါဒ တွေကို ခွဲခြားဖယ်ထုတ် ပစ်ကြတာကို တွေ့ရပါတယ်။
အစ္စလာမ်မိုဖိုးဘီးယားတွေ၊တရုတ်မုန်းတီးရေးတွေ ပုံစံမျိုးစုံ၊အသွင်သဏ္ဍာန်မျိုးစုံနဲ့ တည်ရှိနေတဲ့ နိုင်ငံမှာ လူအတော်များများက ပုံမှန်ဗမာ အသိုင်းအဝိုင်းထဲဝင် ဆန့်အောင် ကိုယ့်ဇာတိကိုယ်ဖျောက်ပြီး ဟန်ဆောင်နေထိုင်ကြရပါတယ်။
စစ်အုပ်စုလက်ထက် ဘမာနိုက်ဇေးရှင်း
————————————-
စစ်အုပ်စုအာဏာရကတည်းက ဘမာနိုက်ဇေးရှင်းကို တွင်တွင်ကျယ်ကျယ်လုပ်လာတာကို တွေ့ရပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ စစ်ပွဲ၊စာသင်ကျောင်းနဲ့ မူးယစ်ဆေးဝါးဆိုတဲ့ လက်နက်
(၃)မျိုးကို သုံးပြီး လုပ်လာတာ ကို တွေ့ရပါတယ်။
လူမျိုးစုဒေသတွေကို ထိုးစစ်ဆင်ပြီး စစ်တလင်းပြင်ဖြစ်အောင်ဖန်တီးလိုက်လို့ ဒေသခံအတော်များများ ကျေးလက်ကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
ဒီလိုထွက်ပြေးရတဲ့အတွက် တချို့က ပြည်ပက ဒုက္ခသည်စခန်းတွေကို ရောက်သွားကြရပြီး တချို့က မြို့ပြတွေမှာပဲ အလုပ်ရှာ အိမ်ထောင်ကျ ကလေးရပြီး သောင်တင်သွားရင်း နောက်မျိုးဆက်က ဗမာဖြစ်သွားရပါတယ်။
စာသင်ကျောင်းကတဆင့် ဘမာနိုက်ဇေးရှင်းလုပ်တာကတော့ လူမျိုးစုတွေရဲ့ မိခင်ဘာသာစကား သင်ကြားခွင့်ကို ပိတ်ပင်တားမြစ်ထားတာ သို့မဟုတ် တရားဝင်ခွင့်မပြုပေးတာကတော့ အသိသာ ဆုံးကိစ္စပါ။
ပြီးတော့ လူမျိုးစုတွေရဲ့ သမိုင်းကိုမသင်ရဘဲ ဗမာလူမျိုးကြီးသမိုင်းကိုပဲ သင်ကြားပို့ချပြီး ရှေးဗမာမင်းတွေရဲ့ ဘုန်းတော်ဘွဲ့တွေနဲ့ပဲ တဖတ်သတ်မှိုင်းတိုက်လိမ်ညာတာမျိုးကလည်း တကယ့်ပြဿနာပါပဲ။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ မှောင်ခိုအဖွဲ့တွေ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့အချို့နဲ့ ဌာနေ ပြည်သူ့စစ် တွေကို စစ်အုပ်စုက ကျောထောက်နောက်ခံပေးထားတာကြောင့် လူမျိုးစု ဒေသတွေမှာ ဆေးစွဲသူတွေ၊ ဘိန်းစားတွေ တအားများလာတာမျိုးဖြစ်ခဲ့ပါတယ်။
ဒီလို မူးယစ်ဆေးသုံးစွဲတဲ့အတွက် လူမျိုးစုတွေထဲက အရွယ်ကောင်းသူ အမျိုးသားတွေ အတော် များများ ပျက်ဆီးကြ၊ငယ်ငယ်နဲ့သေဆုံးကြရပြီး ကျန်ရစ်သူ မုဆိုးမငယ်ငယ်တွေခမျာ စီးပွားရေး ကြောင့် နောက်အိမ်ထောင်ပြု ကြတာမျိုးတွေ ရှိလာပါတယ်။
အနည်းစုလည်း ဘဝပျက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ လူမျိုးတုန်းစေတဲ့ ဘိန်းစစ်ပွဲကို နယ်ချဲ့က တရုတ်ပြည်မှာ လုပ်သလိုနည်းလမ်းအတိုင်း စစ်အုပ်စုက ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
ဒီလက်နက်သုံးမျိုးအပြင် စစ်ကာလအတွင်း လူသတ်တာနဲ့ အုပ်စုလိုက် မုဒိန်းကျင့်တာတွေကလည်း လူမျိုးစုတွေအပေါ် ကြီးမားတဲ့စိတ်ဒဏ်ရာတွေ ရရှိစေနိုင်တဲ့ ဘမာနိုက်ဇေးရှင်း လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
တော်လှန်ရေးလုပ်တယ်ဆိုတာ
—————————–
ဒီနွေဦးတော်လှန်ရေးမှာ စစ်အုပ်စုကို တိုက်ကြတဲ့အခါ စစ်တပ်ကို လက်နက်နဲ့ဖြိုရင် ပြီးပြီလို့တော့ တထစ်ချပြောလို့မရသေးပါဘူး။
စစ်တပ်ရဲ့အတွေးအခေါ်တွေကို မဖြိုရင် ကိုယ်တိုင်ကလည်း လက်နက် ကိုင်ပြီး သောင်းကျန်းတတ်တဲ့ စစ်အုပ်စုအမျိုးအစားသစ်တွေဖြစ်လာတတ်ပါတယ်။
ဒါကြောင့် လက်နက်ကိုင်ဖို့ပြင်ဆင်တဲ့အခါ အရင်ဆုံး အတွေးအခေါ်လက်နက်ကို အရင်တပ်ဆင်ရ ပါတယ်။
ကျနော်တို့အမြင်အရ ရန်သူစစ်အုပ်စုရဲ့ အတွေးအခေါ်ကို ဖြိုချပစ်ပြီး ကိုယ်ပိုင်အတွေးအခေါ်အသစ်ကို တည်ဆောက်ဖို့ ပထမဆုံးလိုအပ်ပါမယ်။
နောက်မှ စစ်တပ်ကို လက်နက်နဲ့ဖြိုပြီး ကိုယ်ရည်မှန်းတဲ့ နိုင်ငံရေးစနစ်သစ်ကို ကိုယ့်လူထုအားအင်နဲ့ ပြန်လည်တည်ဆောက်ဖို့လိုပါမယ်။ ဒါကို ဖြိုနှစ်ဖြို၊တည်နှစ်တည် အယူအဆလို့ ကျနော်တို့ကြားမှာ ခေါ်ဝေါ်သုံးစွဲကြပါတယ်။
“ဖြိုနှစ်ဖြို”ထဲက စစ်အုပ်စုအတွေးအခေါ်တွေကို ဖြိုရာမှာ မဟာလူမျိုးကြီးဝါဒအတွေးအခေါ်ကိုလည်း ဖြိုရမှာဖြစ်ပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်ဖြစ်တဲ့ ဘမာနိုက်ဇေးရှင်းလုပ်ရပ်တွေကိုလည်း အပြီး တိုင် ခြွင်းချက်မရှိ ဖျက်သိမ်းပစ်မှသာ ကျနော်တို့ အနာဂတ်ဟာ သာယာနိုင်မှာဖြစ်ကြောင်း။ ။