၂၀၂၃ ခုနှစ်ရဲ့ တော်လှန်ရေး အလားလာများ
– ဇင်ကို (သူ့အတွေးသူ့အမြင်)
၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးရဲ့ ၃နှစ်မြောက်နှစ်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာသိမ်းတာ (၂) နှစ်ပြည့်ပြီဖြစ်သလို အာဏာရှင်စနစ်အဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးဆိုတဲ့ မူဝါဒနဲ့ အရှိန်မြင့်တော်လှန်လာတဲ့တော်လှန်ရေးရဲ့ ၂နှစ်ပြည့်လည်း ဖြစ်ပါတယ်။
တော်လှန်ရေးခရီးကို လည်ပြန်ကြည့်ရမယ်ဆိုရင် ၂၀၂၁ ခုနှစ် အစောပိုင်းလတွေ မှာ အကြမ်းမဖက် လူထုသပိတ်လှုပ်ရှားမှုကို နေရာအနှံ့အပြားမှာ တောင်ပြိုကမ်းပြိုပြုလုပ်ပြီး ၂၀၂၀ခုနှစ် ရွေးကောက်ပွဲ မဲရလဒ်ကို မဲမသမာမှုရှိကြောင်း အကြောင်းပြပြီး လက်တလုံးကြား စစ်အာဏာသိမ်းမှုကို လက်မခံ ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသခဲ့ပါတယ်။
စစ်အာဏာသိမ်းအစိုးရသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ်ပြုပြီး ကိုယ်တိုင် ရေးဆွဲခဲ့သူ ဖြစ်ပေမဲ့ ဖွဲ့စည်းပုံပါ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်သော နိုင်ငံရေးအရ မကျေနပ်ချက် များကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခွင့်ကိုတောင် အလေးမထားဘဲ သပိတ်အင်အားစု တွေကို လက်နက်သုံးအကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။
ထို့ကြောင့် လက်နက်ကိုင်တော်လှန်ရေးကြီးစတင်လာပြီး အချိန်နှင့်အမျှ အင်အားကြီးမားလာခဲ့ ပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ တော်လှန်ရေးဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် (၁) အကြမ်းမဖက်ဆန္ဒပြပွဲ များဖြင့် တော်လှန်ရေးကို စတင်ခဲ့ခြင်း၊ (၂) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ထွက်ပေါ်လာခြင်း၊ (၃) အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခြင်း၊ (၄) အမျိုးသားညီညွတ်ရေး အတိုင်အပင်ခံကောင်စီ ဖွဲ့စည်း နိုင်ခြင်း၊ (၅) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF ) နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များ (LDF) ဖွဲ့စည်း နိုင်ခြင်း စသည့် အောင်မြင်မှုများကို တွေ့မြင်နိုင်ပါတယ်။
ထို့ပြင် ၂၀၂၁ ခုနှစ်သည် လက်နက်ကိုင်တော်လှန်ရေးအတွက် လက်နက်တပ်ဆင်ရေးအတွက် အထူးရုန်းကန် ခဲ့ရသော နှစ်ဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရသော အလုပ်ကို ခက်ခဲစွာ လုပ်နေကြရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုရဲ့ နိုင်ငံရေးလိုလားချက်နှင့် တော်လှန်ရေး နည်းနာများကို အသစ်ထွက်ပေါ်လာသော NUG နှင့် နွေဦးတော်လှန်ရေးအင်အားစုများ သေချာ နားလည် မထားခြင်း ဟာလည်း တော်လှန်ရေးအတွက် ကြီးစွာ အဟန့်အတားဖြစ်စေပါတယ်။
၂၀၂၂ ခုနှစ်သည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုကြီး အရှိန်မြှင့်လာသော ကာလလို့ ပြောနိုင် သလို တချိန်တည်းမှာ အမိန်ပေးစနစ် (Chain of Command ) မနိုင်နင်းသောကာလို့ ပြောလို့ ရနိုင်ပါတယ်။
လက်နက်အင်အားနှင့် တော်လှန်ရေးအတွေ့အကြုံရလာသော အချိန်ဖြစ်သောကြောင့် ထိတွေ့တိုက်ပွဲ များပြားလာပြီး၊ စစ်ကောင်စီဘက်မှလည်း လေကြောင်းသုံးပြီး သာလွန်အင်အား အလွန်အကျွံသုံးပြီး ခုခံနေရသလို၊ စစ်ရေးစည်းကမ်းကို ချိုးဖောက်မှုအများဆုံးကာလို့ ပြောလို့ ရပါတယ်။
နိုင်ငံရေးကဏ္ဍအရ ပြည်သူတို့ မျှော်လင့်ထားသလို သိသာသော တိုးတက်မှု၊ သဘောတူညီချက် အများအပြားမရရှိတာကြောင့် နိုင်ငံရေးနှင့် ပတ်သက်ပြီး အားမရချက်တွေ များလာပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက်အခြေခံအုတ်မြစ်တွေကို တိတိကျကျ ချမှတ်နိုင်ပြီး ပြည်သူကို ချပြနိုင်ဖို့ မျှော်လင့်ထားပေမဲ့ ဖြစ်မလာခဲ့ပါဘူး။
တချိန်တည်းမှာ တော်လှန်ရေးအရှိန်မြှင့်လာတာနဲ့အမျှ ပြည်နယ် အသီးသီးက တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးကဏ္ဍကို ကြေလည်စွာ ညှိနှိုင်းနိုင်ပြီး တစ်စုစည်းသောတော်လှန်ရေးမဟာဗျူဟာတစ်ခု ချမှတ်နိုင်ဖို့ အတွက် မျှော်လင့်ထားကြပေမဲ့ မဖြစ်လာသေးပေ။
၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ NUG အနေနဲ့ လက်ရှိအချိန်အထိ တော်လှန်ရေးမဟာဗျူဟာကို မချပြနိုင်သေးပေမဲ့ အချိန်မနှောင်းခင်မှာ ချမှတ်နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။
ထိုအတွက် အခြေခံကျတဲ့ အချက်တွေဖြစ်တဲ့ (၁) စစ်အာဏာရှင်ပြုတ်ကျရေးအပြင် ဖက်ဒရယ် ဒီမိုကရေစီ စနစ်တည်ဆောက်ရေးအတွက် တိကျရှင်းလင်းသော လုပ်ငန်းစဉ်နှင့် လုပ်ဆောင်မှု၊ အောင်မြင်မှုများရှိခြင်း၊ (၂) တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ခိုင်မာ တိကျသော ပေါင်းစည်းမှုရရှိခြင်း၊ (၃) ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တစ်ခုတည်းသော အမိန့်ပေးစနစ် ခိုင်မာစွာ တည်ဆောက်နိုင်ခြင်း၊ (၄) ကောင်းမွန်သော လက်နက်နဲ့ ခဲယမ်း ထောက်ပံ့ပို့ဆောင်ပေးနိုင်ခြင်း၊ (၅) ပြည်သူ့လုံခြုံရေးကို အလေး ထားခြင်း၊ (၆) ကောင်းမွန် ရှင်းလင်းသော နိုင်ငံတကာ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း စတဲ့အချက်တွေကို ဘယ်လောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်မလဲဆိုတာက တော်လှန်ရေးအဆုံးအဖြတ်အတွက် အရေးပါပါတယ်။
စစ်ကောင်စီအာဏာကျဆင်းမှု၊ ဒေါက်တိုင်ယိုယွင်းလာမှုတစ်ခုတည်းက တော်လှန်ရေးကို အဆုံးအဖြတ် မပေးနိုင်ဘူးဆိုတာကို သတိချပ်ဖို့ လိုပါတယ်။
စစ်ကောင်စီအုပ်ချုပ်မှုယိုယွင်းချိန်မှာ မိမိတို့ဘက်က ကောင်းမွန်တဲ့ အစိုးရစနစ်ရှိထားမှ တော်လှန်ရေးအောင်မြင်မှုဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်လို့ ရနိုင်မှာဖြစ်ပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးရော တော်လှန်ရေးအင်အားစုရော နှစ်ဘက်လုံးအင်အားယိုယွင်းလာပါက နိုင်ငံရေးလေဟာနယ်ကြီးဖြစ်ပြီး မထင်မှတ်ထားသော ပိုမိုဆိုးရွားသော ပုံပြောင်း အာဏာရှင်စနစ်ကြီး အစားထိုးဝင်လာနိုင်တယ်ဆိုတာကို သတိကြီးကြီး ထားစေချင်ပါတယ်။
၂၀၂၃ခုနှစ်ရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၏ နှစ်သစ်မိန့်ခွန်းမှာ ၂၀၂၂ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ယုံကြည်မှုကို ပိုမို တည် ဆောက် နိုင်သလို လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ တွေ အားလုံးနဲ့ ချိတ်ဆက်နိုင်ခဲ့သလို အရေးကြီးတဲ့ အဖွဲ့အစည်း တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းမှုများကို ခိုင်မာကောင်းမွန်စွာ ဆောင်ရွက်လာနိုင်ပြီးဖြစ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မဟာဗျူဟာကျကျ လက်တွဲဆောင်ရွက်မှုအပြင် ပြည်တွင်းပြည်ပ မှာရှိတဲ့ အရက်ဖက်အဖွဲ့အစည်းတွေနဲ့လည်း ပိုမိုအားကောင်းချိတ်ဆက်လာနိုင်ပြီ ဖြစ်ကြောင်းကို အဓိကထားပြောသွားပါတယ်။
MNDAA, PSLF/TNLA နှင့် AA တို့၏ ညီနှောင်မဟာမိတ်၃ဖွဲ့မှ နှစ်သစ်ကူးဆုတောင်းတွင် စစ်ဘေး ဒဏ်သင့်နေသော မြန်မာပြည်သူလူတထုတစ်ရပ်လုံး၏ ခံစားနေရသော ခံစားချက်များကို ထပ်တူ ထပ်မျှ နားလည်ခံစားမိကြောင်းနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော တော်လှန်ရေး အဖွဲ့ အစည်းများ ထဲမှ ပြည်သူထောက်ခံမှုရရှိထားပြီး တော်လှန်ရေးဆန်သော အဖွဲ့တချို့နှင့်လက်တွဲ ကာ အာဏာရှင် စနစ်တိုက်ထုတ်ရန်အတွက် လုပ်ဆောင်သင့်တာ လုပ်ဆောင်သွားမယ်လို့ ဖော်ပြထား ပါတယ်။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ နှစ်သစ်မိန့်ခွန်းမှာလည်း အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ရန်သူသာ မဟုတ်ပဲ ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်တာကြောင့် ရန်သူကို ပြတ်ပြတ်သားသားချေမှုန်းသွားမယ်လို့ ပြောထားပြန်ပါတယ်။
ချင်းအမျိုးသားတပ်ဦး ဥက္ကဋ္ဌ Pu Zing Cung မှလည်း ချင်းအမျိုးသားတပ်ဦးဟာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၊ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ စစ်အာဏာရှင်ဖြုတ်ချရေး အတွက် တိုက်ပွဲဝင်နေသူများ၊ နိုင်ငံတကာအသိုက်အဝန်းအားလုံးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နှစ်သစ်သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကရင်နီပြည်သူလူထုများနှင့် နိုင်ငံတဝှမ်းရှိပြည်သူလူထုများအတွက် ထုထည်ကြီးမားသည့် ကဏ္ဍအသီးသီးမှ လိုအပ်ချက်များအတွက်သော်လည်းကောင်း၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက်သော်လည်းကောင်း၊ နိုင်ငံတဝှမ်းလုံး မှခေါင်းဆောင် များနှင့်အတူ နိုင်ငံတကာမှ ခေါင်းဆောင် များ၊ အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းပြီး လူထုကို မျက်နှာမူ တဲ့ အဆုံးသတ်တိုက်ပွဲဆင်နွဲမယ့် တော်လှန်ရေး ဖြစ်ကြောင်း KNPP ဥက္ကဋ္ဌ မှ နှစ်သစ် မိန့်ခွန်းထဲတွင် ပြောထားပါတယ်။
KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး မှ ခေတ်စနစ်နှင့် နိုင်ငံရေးလိုအပ်ချက်များနှင့် အညီ စစ်အာဏာရှင် စနစ်အပြင် အာဏာရှင်စနစ် အလုံးစုံကျဆုံးရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်း၊ အစုအဖွဲ့တိုင်းနှင့် လက်တွဲလုပ်ဆောင်ရပါမည်။
အပြောင်းအလဲဖြစ်နေသော နိုင်ငံရေးနှင့် ခေတ်စနစ်များ၏လို အပ်ချက်များအတိုင်း မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ် အကောင်အထည်ဖော်ဆောင်ရပါမည် ဟူ၍ ကရင်နှစ်သစ်ကူး နေ့ မိန့်ခွန်းတွင် ထုတ်ပြန်ထားပါတယ်။
NUCC နှင့် အဖွဲ့ ၂၂ခု၏ ပူးတွဲထုတ်ပြန်ထားသော နှစ်သစ်ကူး ကြေညာစာတမ်းမှာလည်း အရပ်သား အစိုးရ၏ ကွပ်ကဲမှုကို လိုက်နာခံယူသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြု ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထူထောင်ဖို့ကိုလည်း အလေးပေးဖော်ပြထားသည်ကို တွေ့ရပါတယ်။
အနှစ်ချုပ်ရမည်ဆိုလျှင် မြန်မာနိုင်ငံရှိ အမျိုးမျိုးသော တော်လှန်ရေးအင်အားစုတို့သည် စစ်အာဏာရှင် စနစ်ကို အမြစ်ပါ မကျန်တွန်းလှန်ဖို့အတွက် ဆုံးဖြတ်ချက်ကျပြီးဖြစ်တာကြောင့် အားလုံးလိုလားသော အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အလေးထား ဖော်ဆောင် သည့် ဖက်ဒရယ်ဒီ မိုကရေစီပြည်ထောင်စု တည် ဆောက်ရေးအတွက် ယုံကြည်ချက် တည်ဆောက် နိုင်သော လုပ်ရပ်များနှင့် အောင်မြင်မှုများကို ပြသကာ စိတ်ရင်းဆန္ဒကို ဖော်ပြရင်း တော်လှန်ရေးကို တသွေးတသားတည်းစိတ်ဓာတ်ဖြင့် တွန်းလှန်နိုင်ကြပါစေကြောင်း။