– Getty Images
လွတ်လပ်ရေးနေ့ (ယနေ့)အတွက် တိုင်းရင်းသားတစ်ဉီး၏ မှတ်ချက်သုံးခု
– ဆလိုင်း ကျဲအိုဘိခ်ထောင် (သူ့အတွေးသူ့အမြင်)
ယနေ့သည် မြန်မာနိုင်ငံ၏ စိန်ရတု (၅၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါသည်။
ဤနိုင်ငံမှာ အာဏာရသူများက သမိုင်းကို လိုရာစွဲပြီး မဟုတ်မမှန်ရေးသားမှု၊ အတင်းအဓမ္မ သင်ကြားခိုင်းစေမှုနှင့် ဝါဒမှိုင်းတိုက်မှုရှိခဲ့သည့်အတွက် တိုင်းရင်း သားများ နစ်နာမှုရှိခဲ့သည်။
ထို့ကြောင့် လွလ်လပ်ရေးနေ့ အနစ်သာရကို ဒီဘက်ခေတ် တိုင်းရင်းသားတစ်ဉီးအနေဖြင့် ဘယ်လို ရှုမြင်သလဲဆိုသည်ကို အချက်သုံးချက်ဖြင့် အကျဉ်းချုံး ဖော်ပြလိုပါသည်။
ပထမအချက်___မည်သူ့ကြောင့် လွတ်လပ်ရေးရခဲ့သနည်း။ ယနေ့ NUG ကြောညာချက်မှာ “ပြည်သူလူထုတစ်ရပ်လုံး ကြိုးစားအားထုတ်မှုကြောင့်”ဟု ရေးသားတာကို တွေ့ရသည်။
အရင်ဗမာ ခေါင်းဆောင်များက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း(ဉီးဆောင်မှု)ကြောင့် ဆို တာမျိုး မသုံးတော့လို့ တော်သေးတယ်ဟု ဆိုရမည်။ တကယ်တမ်းပြောရလျှင် “မြန်မာပြည်သူ လူထု၏ ကြိုးပမ်းမှုကြောင့် ရရှိခဲ့ခြင်းပြင်ဟုတ်သလား”ဆိုတာ မေးခွန်းထုတ် လို့ရပါသည်။
နိုင်ငံရေးအရ NUG က ထိုသို့ ရေးသားသည်မှာ နားလည်လို့ရသော်လည်း သမိုင်း အချက်အလက် သဘောအရ ယင်းသည်ပြင် ရာနှုန်းပြည့် မှန်ကန်မှုမရှိပေ။
အမှန်အတိုင်းဆိုရလျှင် မြန်မာနိုင်ငံအပါအဝင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း လွတ်လပ်ရေးရသည့် နိုင်ငံများအားလုံးသည် ထိုခေတ်က ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနှင့်သာ အဓီက သက်ဆိုင်ခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း၊ ၁၉၄၁ခုနှစ်မှာ အမေရိကန်သမ္မတ ရိုးစဗဲလ်နှင့် ဗြိထိန်ဝန်ကြီးချုပ် ဝင်စတန် ချာချီလ်တို့ သဘောတူခဲ့တဲ့ Atlantic Charter (ပုဒ်မ ၁ နှင့် ၅၅)နှင့် ၁၉၄၅ခုနှစ်မှာ ပေါ် ပေါက်လာသော ကမ္ဘာ့ကုလသမဂ္ဂ (UNO) ၏ Charter အရ ကိုယ်လိုနီများနှင့် လူမျိုး/နိုင်ငံများ အားလုံးကိုယ်ပိုင်ပြဌာန်းခွင့် (Self-determination) အတွက် လမ်းဖွင့်ထားခြင်း၊ ထို့ပြင် အင်္ဂလိပ် (ဗြိထိန်)နိုင်ငံမှာ ကိုလိုနီကို ဝန်ထုတ်ဝန်ပိုးအဖြစ် ရှုမြင်လာသည့် Labor Party က ၁၉၄၅ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရရှိခြင်း စသည်တို့က အဓိကဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့သူအားလုံးကို လေးစားပါသည်။ အသိအမှတ်ပြုရပါမည်။
သို့သော် နှစ်ပေါင်း ၆၀ ကျော် ကိုလိုနီဖြင့် အုပ်ချုပ်ခဲ့သည့် ဗြိထိန်နိုင်ငံကို ကျန်တော်တို့က အနိုင် ယူနိုင်ခဲ့လို့ လွတ်လပ်ရေးရခဲ့သယောင်ယောင်၊ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကြောင့် လွတ် လပ်ရေးရခဲ့ သယောင်ယောင်၊ ပင်လုံစာချုပ်အတိုင်း ဗမာပြည်မနှင့်အတူ လွတ်လပ်ရေး မယူခဲ့လျှင် တိုင်းရင်းသားများ ကျွန်ဘဝမှာ ဆက်လက်ဒုက္ခရောက်နေခဲ့ရမည့် သယောင်ယောင်၊ ဗိုလ်ချုပ် အောင်ဆန်းက တိုင်းရင်းသားများ အတွက်ပါ ကယ်တင်ရှင်ဖြစ်သယောင်ယောင် ပြောဆို ရေးသား ခြင်းသည် ထိုခေတ်က ကမ္ဘာ့နိုင်ငံရေးကို မသိခဲ့ခြင်း သို့မဟုတ် နိုင်ငံရေးအမြတ်ထုတ်လိုခြင်း တစ်ခုခုဖြစ်ပါလိမ့်မည်။
ဒုတိယအချက်___ ယခုရော ကျန်တော်တို့ လွတ်လပ်သလားဆိုသည့်အချက်။ Independence ဆိုသည့် လွတ်လပ်မှု၊ တစ်နည်းအားဖြင့် တိုင်းတပါး အုပ်ချုပ်မှုမှလွတ်မြှောက်ခြင်းကိုမူ ရရှိပြီဟု ဆိုနိုင်သော်လည်း နိုင်ငံအတွင်း ဘာသာရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ လူ့အခွင့်အရေး အရဖြစ်စေ Freedom ဆိုသည့် လွတ်လပ်မှုကိုမူ လုံးဝ မရရှိကြသေးပါ။
ဗမာလူမျိုးများက ဒီမိုကရေစီ လွတ်လပ်ခွင့်ကို ဆုံးရှုံးနေကြ သကဲ့သို့ တိုင်းရင်းသားများကလည်း ပင်လုံစာချုပ်အပိုဒ် (၇)အရ အာမခံထားသော ဒီမိုကရေစီလွတ်လပ်မှု ဆုံးရှုံးနေသည့်အပြင် အပိုဒ်(၅)အရ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုလည်း ဆုံးရှုံးနေကြဆဲဖြစ်ပါသည်။
နှစ်ထပ်ကွမ်း နစ်နာလျက်ရှိသည်ဟု ဆိုရမည်။
တတိယအချက်___ တိုင်းရင်းသားများက အင်္ဂလိပ်ခေတ်ကို ပြန်တမ်းတရမလို ဖြစ်လာခြင်း။ အစ္စရေး(ဂျူး)လူမျိုးများသည် ဘီစီ ၁၅၀၀ ဝန်းကျင်မှာ အီဂျစ်ပြည်၏ ကျွန်ဘဝမှ လွတ်မြှောက်ပြီး ခါနန်ပြည်(ပလက်စတိုင်း)သို့ ထွက်ပြေးခဲ့ရသည့် နှစ်ပေါင်း ၄၀ ကြာ လမ်းခုလပ် သဲကန္တာရမှာ ဒုက္ခပေါင်းစုံ ကြုံတွေ့နေခဲ့သည့်အတွက် တစ်ချို့က အီဂျစ်ပြည်က ကျွန်ဘဝကိုတောင် ပြန်တမ်းတခဲ့ကြသည်။
အလားတူစွာဖြင့် ရာစုနှစ်တစ်ခုနီးပါး ပြည်တွင်းစစ်ထဲမှာ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရသည့် တိုင်းရင်းသား ခပ်များများအနေဖြင့် ဗမာဉီးဆောင် အစိုးရ အဆက်ဆက် ဗဟိုကြိုးကိုင်မှုထက် ကိုလိုနီအင်္ဂလိပ် အုပ်ချုပ်ခဲ့စဉ်ဘဝကို ပြန်လည်တမ်းနေရသည့် အဖြစ်သို့ ရောက်ရှိလာသည်။
တကယ်လည်း ချင်း၊ ကချင်၊ ရှမ်းနှင့် ကရင်နီတို့အတွက် ဆိုလျှင် ဤအစိုးရအဆက်ဆက်၏ တစ်ပြည်ထောင်အုပ်ချုပ်မှု စနစ်ထက် လွတ်လပ်ရေးမတိုင်ခင် (အင်္ဂလိပ်ခေတ်) အုပ်ချုပ်မှုစနစ်သည် ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ပေတံဖြင့် တိုင်းတာရလျှင် များစွာ အဆင့်မြင့်ပါသည်။
နိဂုံးချုပ်ရလျှင် NUG က ကြေညာချက်မှာ “ဒုတိယအကြိမ် လွတ်လပ်ရေး”ဟု ဖော်ပြခဲ့သကဲ့သို့ ဤတစ်ကြိမ် အနိုင်ရလျှင် နိုင်ငံတော်ကို ‘အသစ်’ဖြင့် ပြန်လည်တည်ဆောက်ရန်လိုအပ်သည်။
တစ်နည်းအားဖြင့် ဆိုရလျှင် ယနေ့ နွေဉီးတော်လှန်ရေးသည် “တွဲရေး (ပြည်ထောင်စု တည်ဆောက် ရေး)” အတွက် နောက်ဆုံး မျှော်လင့်ချက်ဟု ဆိုရမည်။
ဤတစ်ခေါက်မှာမှ မတည်ဆောက်နိုင်လျှင် ကိုယ်စီလွတ်လပ်ရေးအတွက် ကိုယ့်လှေကိုယ်စီးကြရမည့် အခြေအနေသို့ စိုက်ရောက်သွားနိုင်သည်။