ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၉
– မောင်မောင်စိုး
နန့်ခိုင်ချောင်း
၁၉၈၀ ခုနှစ် နှစ်ဆန်းတွင် ဒုတိယံပိ ရွှေလီချိုင့်ဝှမ်းဂွင်သို့ ဝင်ရောက်လှုပ်ရှား ရပြန် သည်။ ထိုအခါက တပ်ရင်း ၃ ရင်း အင်အား ၅၀၀ ခန့်ရှိမည်။ နိုင်ငံရေးမှူးက ရဲဘော် အောင်ကျော်မိုး ခေါ် ဗိုလ်မိုး (ကျဆုံး) ၊ တပ်မှူးက ရဲဘော်ကြည်မြင့် (ယခု မိုင်းလား ) တို့ဖြစ်သည်။
မုန်းကိုး၊မုန်းပေါ်ဒေသတွင် တပ်စုဖွဲ့ပြီး မူစယ် ၊ ကွတ်ခိုင်ကားလမ်းကို နန့်ခိုင်အနီးမှဖြတ်၍ ရွှေလီ ချိုင့်ဝှမ်းဂွင်အတွင်းသို့ တိုးဝင်သည်။
ကားလမ်းတောင်ဖက်ရောက်တော့ နန့်ခိုင်ချောင်းဘေးအတိုင်းချီတက်ကြသည်။ ပုံမှန် လူသွားလမ်းမရှိ။ ချောင်းဘေးအတိုင်း တောတိုးချီတက်ကြခြင်းဖြစ်သည်။ တနေရာရောက်တော့ ရှေ့လူ ဖိနပ်ခြေရာ အတိုင်းနင်းဖို့ညွှန်ကြားသည်။ အကြောင်းမှာ နွံတောထဲမှဖြတ်နေ၍ဖြစ်သည်။
ခြေလှမ်းတချက်မှား၍ ချော်နင်းမီလျင် နွံတောထဲကျွံသွားပါက ရုန်းလေမြုပ်လေဖြစ်မည်ဟုဆိုသည်။ လရောင်ရှိသော်လည်း သစ်ရိပ်ဝါးရိပ်ကြောင့် မြင်ကွင်းကမရှင်း၊ နန့်ခိုင်တံတားရှိ တပ်စခန်းနှင့်လည်း အမြောက်တကမ်းတွင်ရှိနေ၍ လက်နှိပ်ဓါတ်မီးကလည်း ထိုးမရရာ သဲထိပ်ရင်ဖိုဖြတ်သန်းရသည်။
ငယ်ငယ်က အလန်ကွာတာမိန်းဝတ္ထုထဲတွင် ဖတ်ဘူးခဲ့သော အာဖရိကတောတွင်းစွန့်စားခန်းများကို ရွှေလီချိုင့်ဝှမ်းဂွင်၌ လာကြုံနေရသည်။ ရှေ့ကလမ်းပြခြေရာအတိုင်းတတပ်လုံး အသံမထွက်ဘဲ ဖါးဝါးထပ်ချပ်နင်း၍ လျှောက်နေရသည်။ မြင်းလားထိမ်းသည့်ရဲဘော်များကလည်း ဂရုတစိုက် ဆွဲခေါ်နေရသည်။ သို့သော် တိရိစ္ဆာန်များက သဘာဝအန္တရယ်ကို လူထက်သိပုံရသည်။
အန္တရယ်ရှိသည့်နေရာဆိုလျင် မည်မျှဆွဲခေါ်ခေါ် မလိုက်ဘဲ တင်းခံပြီး နှာတရှူးရှူးမှုတ်နေတတ် ကြသည်။ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းတွင် ဤသို့သဲထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရာ နေရာများ လည်းရှိသည်။
ကချင်နတ်စားရွာ
နန့်ခိုင်ချောင်းမှ အနောက်ဖက်တောင်ကြောပေါ်ထောင်တက်တော့ဘကချင်ရွာတရွာရောက်သည်။ ရွာအမည်တော့မမှတ်မိတော့။
သေချာသည်ကတော့ ထိုစဉ်က နတ်ကိုးကွယ်သည့်ရွာ ဒေသအခေါ်နတ်စားရွာဖြစ်သည်။ ရွာအဝင်ခပ်လှမ်းလှမ်းကထဲက ရွာအဝင်မုခ်ဦးကိုတွေ့ရသည်။
လမ်းကိုခွ၍ တိုင်နှစ်တိုင်ထောင်ထားပြီး အပေါ်၌ကန့်လနိ့ တန်းတတန်းပစ်ထား သည်။ ကန့်လန့်ပစ်ထားသောတန်းတွင် အဝတ်စများချည်နှောင်ထား သည်။ ဤသို့ရွာအဝင်မုခ်ဦးကို နတ်ကိုးကွယ်သည့်ရွာများတွင်ပြုလုပ်လေ့ရှိသည်။
ကချင်ရွာတော်တော်များများသည် ခရစ်ယန်ရွာများဖြစ်ကုန်ကြပြီဖြစ်သော်လည်း တောင်ပေါ်ကချင်ရွာ အချို့ကတော့ နတ်ကိုးကွယ်ကြဆဲဖြစ်သည်။ နတ်ကိုးကွယ်သည့် ရွာများတွင် ရွာအဝင်မုခ်ဦး လုပ်သည့်ပုံစံမျိုးကို ရှမ်းအရှေ့က နတ်ကိုးကွယ်သော တောင်ပေါ်ကျေးရွာများတွင်လည်းတွေ့ရသည်။
လူမျိုးမတူ၊ နတ်ကိုးကွယ်ပုံမတူသော်လည်း အချို့ဓလေ့များတူသည်ကိုတွေ့ရသည်။ တောင်ပေါ် အချို့ရွာများက ဝါးနှင့်ပြုလုပ်သည်ရှိသကဲ့သို့ သစ်နှင့်ပြုလုပ် သည်လည်းတွေ့ရသည်။ ရှေးခေတ် တရုတ်ပြည်မြို့ရွာများက မုခ်ဦးများနှင့်တူသည်။ ယဉ်ကျေးမှုဆက်နွယ်မှုရှိပုံရသည်။
ထိုကချင်ရွာက အိမ်ခြေတော့သိပ်မများလှပေ။ သို့သော်လည်း အိမ်များကို သစ်ဝါးများဖြင့် ကောင်း ကောင်းမွန်မွန်ခိုင်ခိုင်ခန့်ခန့်ဆောက်ထားကြသည်။ အိမ်မျက်နှာစာထိပ်တွင် ကြီးမား သောကျွဲချိုရှိသည့် ကျွဲခေါင်းကိုချိတ်ထားကြသည်။
နတ်စားတို့၏ အမှတ်လက္ခဏာတခုဖြစ်သည်။ နတ် ကိုးကွယ်သည့်ရွာများ၊အိမ်များတွင် သတ်မှတ် ထားသောစည်းကမ်းများရှိသည်။ ထိုစည်းကမ်းများကို မိမိတို့လည်းသိပ်နားမလည်။ တခုတော့မှတ် မိသည်။
ဧည့်သည်တယောက်သည် အိမ်ရှေ့ ပေါက်မှဝင်ပြီးလျင် အိမ်ရှေ့ပေါက်မှ ပြန်ထွက်ရမည်။ အိမ်မကြီး အားတောက်လျောက်ဖြတ်၍ အိမ်နောက်ဖက်လှေခါး မဆင်းရပေ။ စသည့်စည်းကမ်းများကို ဖေါက် ဖျက်က ရိုးရာထုံးတမ်းအရသတ်မှတ်ထားသည့်အတိုင်း လျော်ကြေးပေးရသည်။
မိမိတို့လည်း အဆိုပါထုံးတမ်းများကို ကောင်းစွာနားမလည်၊ ဘာသာစကားကလည်း သိပ်မပေါက် ကြသေးသဖြင့် အိမ်ပေါ်ပင်မတက်ကြတော့။ ယုံ ကြည်ကိုးကွယ်မှုတိုင်းတွင် စည်းကမ်းသတ်မှတ် ချက်များရှိသည်။
ထိုစည်း ကမ်းများကို ဖေါက်ဖျက်ပါက ယုံကြည်ကိုးကွယ်သူတိုင်း မနှစ်မြို့တတ်ကြပေ။မိမိတို့က မသိသဖြင့် လုပ်မှားကိုင်မှားဖြစ်မည်ကို စိုးရိမ်သည်။
လူထု ၏ယုံကြည်မှုကိုထိပါးပြီး လူထုက မိမိတို့အား ဆန့်ကျင်မည်ကိုစိုးရိမ် သည်။ လက်နက်ကိုင် တပ်တတပ်အဖို့ လူထုစည်းကမ်းလိုက်နာမှုက အရေးကြီးသည့်အချက်ဖြစ်သည်။