ဘာလုပ်မလဲ
– ဝင်းမျိုးသူ (သူ့အတွေးသူ့အမြင်)
တွေးမိတာတခုပါ၊ လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်အတွင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်စဉ်းစား ရင်း တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးကို သူတို့လိုချင်တဲ့အတိုင်းပုံသွင်းဘို့ အမျိုးမျိုး ကြိုးစား ခဲ့တယ်။
သို့သော်ဘယ်လို လုပ်ခဲ့လုပ်ခဲ့ သူတို့လိုချင်တဲ့ပုံစံအတိုင်းတော့ အပြည့်အဝ မဖြစ်ခဲ့ဘူးလို့မြင်မိတယ်။ ဒါနဲ့ပဲ အာဏာသိမ်းတာ အာဏာထိန်းတာ ဆိုတဲ့ အဆိုးသံသရာထဲမှာ တဝဲဝဲလည်နေခဲ့သလို တိုင်းပြည်လဲ အာဆီယံမှာ ဘိတ်ချီးဖြစ်သွားခဲ့တာလည်းငြင်းမရတဲ့ အချက်ပါပဲ။
ခုလည်းပဲ ရွေးကောက်ပွဲဆိုပြီး လုပ်ဖို့ ကြိုးပမ်းအားထုတ်နေပြန်တယ်။ ဒီရွေးကောက်ပွဲမှာပဲ သူတို့လိုလားတဲ့ နိုင်ငံရေးရလဒ်မရခဲ့ရင် အလိုရှိတဲ့ အစိုးရတရပ် မဖွဲ့နိုင်ခဲ့ရင် တခါ ဘာထပ်လုပ် ကြပြန်ဦးမလဲ။
ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတလျှောက်လုံးမှာ လူထုရဲ့ထောက်ခံမှုမရသည့်အလျောက် ဘာတွေ လုပ်လုပ် အလွဲကြီးလွဲ နိဂုံးမကောင်းခဲ့တာတွေပဲ မှတ်သားခဲ့ရပါတယ်။
အလိုရှိတာလုပ်ဖို့ အာဏာလိုတာမို့ အာဏာကို တနည်းနည်းနဲ့ ပြန်ထိန်းထားနိုင်တဲ့ နည်းလမ်းကိုပဲ လုပ်ကြဦးမယ်ထင်ပါတယ်။ ဘယ်လိုတွေအကြောင်းပြ ဇာတ်ညွှန်းရေးကြဦးမလဲတော့မသိဘူးပေါ့။
နောက် တခါတော့ စကစ လို့ပေးမှာမဟုတ်တော့ ပေးဖို့နံမည်ကော ရှိသေးကျန်သေးရဲ့လားလို့ တွေးမိတယ်။
ဒီတခါ အပိုင်ပဲ မလွဲစေရပါဘူးအဘ ဆိုပြီး ရဲရဲကြီးအာမခံတဲ့ လုပ်စားအဖွဲ့တွေလည်း တွေ့ရမှာ ဖြစ် သလို ပြောတဲ့အတိုင်းမဖြစ်ရင်လည်း နောက်တမျိုးပြောတဲ့နောက်တဖွဲ့ ပေါ်လာဦးမယ်ထင်ပါတယ်။
ငကန်းသေ ငဆွေပေါ်လိမ့်မယ်ဆိုတဲ့ ဆိုရိုးစကားလည်းရှိတယ်မဟုတ်လား။ ဒီအခါမှာတော့ ကမ္ဘာ့ အဆင်းရဲ ဆုံး တိုင်းပြည်တခုဖြစ်သွားပြီးပြီမို့ ဒီထက်ထပ်ပြီးအဆင့်ကျစရာလည်းမရှိတော့ပါဘူး။