သူတို့အချင်းချင်း ပြန်လိမ်နေတာ
– မင်းသေ့ (သူ့အတွေးသူ့အမြင်)
မြန်မာလူထုဟာ နောင်နှစ်ပေါင်း သုံးလေးငါးဆယ်လောက်အထိ၊ စစ်တပ်အပေါ်မှာ ထားတဲ့ သူတို့ အမုန်းတရားကို ပုံသဏ္ဍာန်ပေါင်းစုံနဲ့ လက်ဆင့်ကမ်း အမွေပေးကြ လိမ့်မယ်။
ကိုယ်တိုင်ခံစားရသူတွေ၊ တစ်ဆင့်ခံ ခံစားခဲ့ကြရသူတွေအပါအဝင် အမွေပေးခံ ရသူ အပေါင်းဟာ သူတို့ တတ်သိနားလည်တဲ့ ပညာ၊ စာပေ၊ အနုပညာနဲ့ နှုတ်ပြော စကားတွေကို သုံးပြီးတော့ — မြန်မာစစ်တပ် ရဲ့ ရိုင်းစိုင်း ယုတ်မာမှုတွေကို ကဏ္ဍ ပေါင်းစုံ နယ်ပယ်ပေါင်းစုံမှာ ပုံစံမျိုးစုံနဲ့ လက်ဆင့်ကမ်း ဖြန့်ချိကြ လိမ့်မယ်။
မြန်မာစစ်တပ်အပေါ် လူထုရဲ့ မုန်းတီးမှုဒီဂရီဟာ ကြီးမြင့်လာပြီ။ နောက်ထပ် ဒီအမုန်းဒီဂရီဟာ ပိုပြီး ကြီးမြင့်လာဖို့ပဲ ရှိတယ်။ အရင်တုန်းကတော့ တဖြည်းဖြည်း အမုန်းတရားကြီးမြင့်လာတဲ့ ပုံစံ။ အခုတော့ ရုတ်ချည်း တဟုန်တိုး အမုန်းတရားဒီဂရီဟာ ကြီးမြင့်လာပြီ။ တဖြည်းဖြည်းချင်း လျော့ကျသွားမယ်လို့ ထင်နေရင် မှားသွားလိမ့်မယ်။
တကယ်တော့ — ယခင်တုန်းက နိုင်ငံရေးဝါဒမှိုင်းကြောင့် စစ်တပ်အပေါ် လူထုက မုန်းတီးတာလို့ ဖြေတွေးနဲ့ ဖြေသာလို့ ရပေမယ့်၊ အခုတော့ လက်တွေ့ ဖြစ်ကုန်ပြီ။ ယနေ့ လက်ရှိ ဖြစ်တည်နေတဲ့ လူထုရဲ့ အမုန်းဟာ ကိုယ်တိုင် ကြုံတွေ့ ခံစားပြီးမှ ရလာတဲ့ တကယ့်အမုန်းဖြစ်နေပြီ။
ဒါ့အပြင် စီးပွားပျက် / ဥစ္စာပစ္စည်း ပျက်စီးခြင်း ဆိုက်ရုံမက ကိုယ့်တူ / ကိုယ့်သား၊ ကိုယ့်မြေးတွေ လက်လွှတ်ဆုံးရှုံးရတဲ့ အဖြစ်။ နွားနဲ့ ဖက်ရုန်းပြီး ရလာတဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတဲ့ အဖြစ်။ ဖင်ထဲ ရွှံ့ ဝင်အောင် ကြိုးစားရုန်းကန်ပြီး ရလာတဲ့ အိုးအိမ်တွေဟာ ပျက်ဆီးခြင်းကို ဆိုက်ရောက်ကုန်ကြပြီ။
ဒီအမုန်းဟာ မပျောက်တော့ဘူး။
တော်ရုံနဲ့ မပျောက်တော့ဘူး။ စစ်အုပ်ချုပ်ရေး ဖြစ်ထွန်းခဲ့ရင်တောင် စစ်ဝါဒဖြန့်ချိရေးနဲ့ လူထုရဲ့ အမုန်းကို လုံးဝ ဖျောက်ပစ်လို့ မရတော့ဘူး။ ဒီအမုန်းဟာ လူထုရဲ့ နှလုံးသားထဲကို စွဲဝင် နှစ်မြုပ်နေပြီ။
မြန်မာစစ်ခေါင်းဆောင်တွေဟာ — လူထုက သူတို့အပေါ် ထားတဲ့ အမုန်းတွေကို ဝါဒဖြန့်ချိရေးမှိုင်းနဲ့ ဖုံးပစ်လို့ ရမယ်လို့ ထင်နေကြတယ်။ အဲဒါ နလပိန်းတုံးအတွေးအခေါ်ပဲ။
■ မြန်မာစစ်တပ်ဟာ လူတော မတိုးတော့ဘူး။
■ စစ်တပ်အသိုင်းအဝိုင်းကလည်း လူတောမတိုးတော့ဘူး။
အခု သူတို့ သတင်းစာရှင်းလင်းပွဲတွေ ခဏ ခဏ လုပ်နေတယ်။
ဒါ — လူထုအမုန်းကို ပုံဖျက်ဖို့ ကြိုးစားနေတာလို့ ထင်ချင်စရာရှိတယ်။
တကယ်တော့ သူတို့ ကိုယ်တိုင် ဒါကို သိပါတယ်။
လူထုရဲ့ အမုန်းကို သူတို့ အချစ်အဖြစ်လုံးဝ ပြောင်းလဲလို့ မရတော့ဘူးဆိုတာ။
သူတို့မှာ မျှော်လင့်ချက် မရှိတော့ဘူး။
ဒါပေမယ့် — မြန်မာစစ်ခေါင်းဆောင်တွေဟာ၊
စစ်ဝါဒဖြန့်ချိရေးကို နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်။
အဲဒါ လူထုအတွက်လို့ ထင်နေသလား။
မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။
သူတို့ အသိုင်းအဝိုင်းကို သူတို့ ပြန်လိမ်နေတာ။
သူတို့ အချင်းချင်း ပြန်လိမ်နေတာ။
သူတို့လူတွေ သူတို့ကို ဆက်ထောက်ခံနေမှ၊ သူတို့ ဆက်တောင့်ခံနိုင်တော့မယ်ဆိုတာ မြန်မာစစ်ခေါင်းဆောင်တွေ သိနေတယ်။
မြန်မာစစ်တပ်ကို ထောက်ခံတဲ့ အသိုင်းအဝိုင်းတစ်ခု ရှိနေသေးတယ်။
သူတို့ဟာ အကြောက်တရားအားဖြင့်သော်လည်းကောင်း၊
အကျိုးစီးပွားအားဖြင့်သော်လည်းကောင်း၊
အုပ်စုပယောဂကြောင့်သော်လည်းကောင်း၊
အမျိုးသားရေးဝါဒမှိုင်းကြောင့်သော်လည်းကောင်း၊
ဆင်ခြင်တုံတရားမဲ့မှုကြောင့်သော်လည်းကောင်း၊
မျက်မှန်စိမ်းအတပ်ခံထားရခြင်းကြောင့်သော်လည်းကောင်း၊
လက်ရှိ မြန်မာစစ်တပ်ကို ထောက်ခံနေကြတယ်။
■ လက်ရှိ မြန်မာစစ်ခေါင်းဆောင်တွေ လုပ်နေတဲ့ စစ်ဝါဒဖြန့်ချိရေးသတင်းစာရှင်းလင်းပွဲတွေနဲ့ စစ်တပ်ထောက်ခံရေးလော်ဘီတွေဟာ — သူတို့လူကို သူတို့ ပြန်လိမ်ဖို့ ကြိုးစားနေကြတာ။
သူတို့ကို မထောက်ခံတဲ့လူတွေကို သူတို့ ဆွဲဆောင်ဖို့၊ စည်းရုံးဖို့ အာရုံမရှိပါဘူး။ သူတို့ကို မုန်းတီးတဲ့ လူထုကို သိမ်းသွင်းဖို့ သူတို့ မလုပ်နိုင်ကြတော့ပါဘူး။
သူတို့ဟာ ခြေလွန်လက်လွန်တွေ ဖြစ်ကုန်ပြီဆိုတာ မြန်မာစစ်ခေါင်းဆောင်ပိုင်းက သိနေကြတယ်။ ဒါ့ကြောင့် သူတို့ ရှင်သန်ရစ်ဖို့ သူတို့ကို ထောက်ခံသူတွေ ဆက်ထောက်ခံနေဖို့ လိုတယ်။
ဒါ့ကြောင့် — သူတို့ အချင်းချင်း လိမ်ဖို့ ကြိုးစားနေကြတာ။ ဒါကိုလည်း အခုထိ ယုံတဲ့သူတွေ ရှိနေကြတယ်။ ဆက်ပြီးလည်း ယုံကြလိမ့်အုံးမယ်။