Progressive Voice – ထုတ်ပြန်ချက်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဟာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဖြစ်ပေါ်နေသည့်ကြားမှာပင် မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှု ဆက်လက်ကင်းမဲ့ နေသေးတဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ရှေ့ပြေးအသံအဖွဲ့ က ထောက်ပြဝေဖန်
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၂
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ဟာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဖြစ်ပေါ်နေသည့်ကြားမှာပင် မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှု ဆက်လက်ကင်းမဲ့ နေသေးတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ နိုင်ငံတကာ မူဝါဒရေးရာများနှင့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားနေတဲ့ ရှေ့ပြေးအသံအဖွဲ့ က ထောက်ပြဝေဖန်လိုက်ပါတယ်။
UK နိုင်ငံက ဦးဆောင်တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အတည်ပြုချမှတ်လိုက်သည့်အပေါ် ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သော ဒေါ်ခင်ဥမ္မာက အခုလို ထောက်ပြဝေဖန်ထားတာပါ။
“ဒီဆုံးဖြတ်ချက်က စစ်အုပ်စုကို သူတို့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတဲ့ သတင်းစကား ပေးလိုက်တာမျိုးဖြစ်ပေမယ့် ကျမတို့ အချိန်ကာလအတန်ကြာ စောင့်မျှော်ခဲ့ရတဲ့ ဆုံးဖြတ်ချက်ဟာ ထိရောက်တဲ့ အရေးယူမှုတွေ မပါဝင်နေတဲ့အတွက် အလွန်စိတ်ပျက်မိပါတယ်။
စစ်အုပ်စုရဲ့ မြန်မာပြည်သူလူထုအပေါ် အရှိန်အဟုန်ပြင်းပြင်း ဆင်နွှဲနေတဲ့ စစ်ပွဲနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ပြစ်ဒဏ်ကင်းလွတ်စွာနဲ့ ဆက်လက်ကျူးလွန်နေတာတွေကို ရပ်တန့်နိုင်ဖို့အတွက် ဒီထက်ပိုပြီး ခိုင်မာထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရပါမယ်။”
“တိကျခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ မပါတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေအတွက် အဓိပ္ပာယ် မရှိဘူးဆိုတာကို UK အပါအဝင် တခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ကျမတို့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။”
“UK အနေနဲ့ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပြီး ပိုမိုခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို မတင်သွင်းခဲ့တဲ့ အပေါ်မှာလည်း ကျမတို့ စိတ်ပျက်မိပါတယ်။ စစ်အုပ်စုအပေါ် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဆောင်နိုင်အောင် မြန်မာစစ်အုပ်စုကို လက်နက်နှင့် ဘဏ္ဍာငွေတွေ ပံ့ပိုးပေးနေတဲ့ တရုတ်နှင့် ရုရှားတို့ကို ကာဆီးခွင့် ပေးနေခြင်းက စစ်အုပ်စုကို ပိုမိုအတင့်ရဲလာစေ ရုံမကတဲ့အပြင် လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားရမှုနဲ့ သူ့ရဲ့အရေးပါမှု ကိုလည်း ပိုမိုမှေးမှိန် သွားစေမှာ ဖြစ်ပါတယ်။”
“ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရုရှားနိုင်ငံက ပေးပို့ထားတဲ့ Su-30SME တိုက်လေယာဉ်နှစ်စင်းကို မြန်မာလေတပ်က တပ်တော်ဝင်ခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကူညီပြီး ကြံရာပါအဖြစ် ပါဝင်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
“ကျရှုံးနေတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို စစ်အုပ်စုအနေနဲ့ လုံးဝဂရုမစိုက် မလိုက်နာ ကြောင်း နေပြလာတာဟာ လ ၂၀ ကျော်ကြာလာပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် အာဆီယံရဲ့ ဘုံသဘော တူညီချက်ငါးရပ် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး အစီရင်ခံတင်ပြမှုတွေ လုပ်ဖို့အတွက် လုံခြုံ ရေးကောင်စီရဲ့ တောင်းဆိုချက်ဟာ မြေပြင်မှာရှိတဲ့ ပြည်သူလူထုအတွက် ဘာတိုးတက်ပြောင်းလဲ မှုကိုမှ ဖန်တီးပေးမှာ မဟုတ်ဘူး။ အမှန်တကယ် လိုအပ်နေတာက လုံခြုံရေးကောင်စီရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချမှတ်မှုပဲ ဖြစ်ပါတယ်။ အနှစ်မပါတဲ့ အပြောသက်သက်တွေ ထပ်မလိုတော့ပါဘူး။”
“လုံခြုံရေးကောင်စီအနေနဲ့ စစ်အုပ်စုရဲ့ နောက်ထပ်ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို တားဆီးဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ်ပင်ရေးနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်း ချမှတ်လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးထံ လွှဲပြောင်းပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။”
“စစ်အုပ်စုရဲ့ မဟာမိတ်နိုင်ငံတွေ ထိန်းချုပ်ခြင်းကို ခံနေရတဲ့ လုံခြုံရေးကောင်စီက စွမ်းဆောင်နိုင်စွမ်း မရှိနေတဲ့အချိန်မှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်အုပ်စုကို လက်နက်ခဲယမ်းပံ့ပိုးမှု ဖြတ်တောက်ဖို့နဲ့ အရမ်းကာရော မဆင်မခြင်ပစ်ခတ်တဲ့ လေကြောင်းတိုက်ခိုက်ရေးအတွက် လိုအပ်တဲ့ လေယာဥ်ဆီတင်ပို့ရောင်းချမှု ပိတ်ပင်ဖို့အပါအဝင် စစ်အုပ်စု၊ သူ့ရဲ့စီးပွားရေးလုပ်ငန်း တွေနဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေအပေါ် ပစ်မှတ်ထားအရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အတွက်ကို လည်း ကျမတို့က တောင်းဆိုပါတယ်။”