ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ ၅
– မောင်မောင်စိုး
ရွာပျက်များ နှင့် ဟင်လိုင်းရွာ
ထိုဂွင်အတွင်း အများအပြားတွေ့ရသည်မှာ ရွာပျက်များဖြစ်သည်။ စစ်သုံးမြေပုံပေါ်တွင်ရှိသည့် ရွာအတော်များများမှာ မြေပြင်တွင်မရှိကြတော့ပေ။ မြေပြင်အခြေအနေအား မစူးစမ်း မထောက် လှမ်းဘဲ မြေပုံပေါ်က ရွာများကိုသာ အားပြုပါက ထမင်းငတ်မည့်ကိန်းရှိသည့်ဒေသဖြစ်သည်။
ရွာပျက်သည့် အကြောင်းတခုမှာတိုက်ပွဲများကြောင့်က အကြောင်းတခုဖြစ် သည်။ တိုက်ပွဲများကြောင့် ရွာကိုစွန့်ပြေးပြောင်းရွှေ့ကြရသည်။ နောက်တခုက ရောဂါဘယကြောင့်ဖြစ်သည်။ ထိုဒေသတွင် ရောဂါဘယဖြစ်ပွါးပါက ကူးသရန်ခေတ်မှီဆေးဝါးရော တတ်ကျွမ်းသည့် သမားတော်ပါမရှိကြရာ ကူးစက်ရောဂါမျိုးဖြစ်ပွါးက အသေအပျောက်များလေ့ရှိသည်။
ထို အခါမျိုးတွင် ရွာတည်ရာ မြေမသန့်ဟု ယူဆကြပြီး ရွာလုံးကျွတ်ပြောင်း ရွှေ့ပြေးလေ့ရှိကြသည်။ နောက်တခုမှာ တောင်ယာစိုက် ပျိုးသော ရွာများသည် တောင်ယာနှင့် ရွာ အလှမ်းကွာလာပါက ရွာသို့မပြန်ကြတော့ဘဲ တောင်ယာတဲ သို့မဟုတ် တောင်ယာအနီးတွင်သာနေထိုင်ကြရင်း ရွာပျက်သွားလေ့ရှိသည်။
လူတို့နေထိုင်လေ့ရှိသည့် အိမ်တိုင်အငုတ်များ၊ ခြံဝိုင်းနေရာများ၊ အ လေ့ကျမဟုတ်ဘဲ လူတို့စိုက်ပျိုး လေ့ရှိသော သီးနှံပင်များ တွေ့ရသော် လည်း ဖုန်းဆိုးတောဖြင့် ဖုံးလွှမ်းနေသော ရွာပျက်များကို ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ထိုစဉ်ကတော့ မကြာခဏတွေ့ရလေ့ရှိသည်။ ယခုလည်း တွေ့ရဆဲဟု သတင်းစကားကြားရသည်။ ရိုးရာမပျက်သည့်မြေဟုဆိုရမည်။
၁၉၇၇ ခုနှစ် နှစ်ကုန်ပိုင်းက
ရွှေလီမြစ်အရှေ့ဖက်ခြမ်းတောင်ကြောပေါ်ရှိဟင်လိုင်းရွာသို့ရောက်ရှိအခြေပြုသည်။ ဟင်လိုင်းရွာ သည် မိုးမိတ် မိုးလိုဖက်နှင့်ပိုနီးသည့် ကချင်ရွာတရွာဖြစ်သည်။။ ရွှေလီမြစ်ဘေးက တောင် ကြော ပေါ်ဆိုသော်လည်း ပေ ၄၀၀၀/၅၀၀၀ ကျော် မြင့်မားသည့် တောင် ကြောပေါ်တွင်ရှိသည်ဖြစ်၍ တောင်ကြောပေါ်မှ တောင်ခြေရှိ ရွှေလီမြစ်အား ပြပြသာမြင်ရသည်။
အစိမ်းရောင်တောတောင်များကြား ကွေ့ကောက်နေသည် အပြာရောင်မျဉ်းတကြောင်း အဖြစ်သာတွေ့မြင်ရသည်။ ဟင်လိုင်းရွာသည် မူလက အိမ်ခြေ ၂၀ ကျော်ခန့်ရှိသော်လည်း မိမိတို့ရောက်သည့်အချိန်တွင် အိမ်ခြေ လေးအိမ်ခန့်သာကျန်တော့သည်။
ကျန်အိမ်များက တောင်ယာများဆီသို့ ပြောင်းရွှေ့သွားသည်ဟုသိရသည်။ ရွာထဲမှ လူများစွန့်ခဲ့ပြီဖြစ်သော အိမ်တချို့ကား ခြုံနွယ်ပိတ် ပေါင်းတို့ဖြင့် တောပြန်ဖြစ်နေပြီဖြစ်သည်။ အိမ်အချို့ပြိုကျနေပြီး အချို့ကား မပျက်စီးသေးပေ။
စွန့်ပစ်အိမ်ယာဝင်အတွင်း လူတို့စိုက်ပျိုးခဲ့သည့် စားပင်သီးပင်အချို့တော့ သဘာဝအတိုင်းရှင်သန်နေဆဲ ဖြစ်သည်။ အိမ်ခြံဝင်ဟောင်းတခုအတွင်း၌ ဆေးရွက်ကြီးပင် တပင်နှစ်ပင် တွေ့ရသည်။ ဆေးရွက်ကြီး ပင်မှ အရွက်အားခူး၍ မီးကင်ခြောက်သွေ့စေပြီး ချေမွပြီး စက္ကူနှင့်လိပ်သောက်ခါ ဆေးလိပ်ပြတ် နေသည်ကို ကျော်လွှားရသည်။
လူသူနည်းပါးပြီး သစ်ပင်ကြီးများနှင့် တောထူနေပြီဖြစ်၍ အပေါ်မော့ကြည့်ပါက မျောက်အုပ်တအုပ် ပြေးလွှားနေသည်ကို တွေ့ရသည်။ ထိုရွာပျက်တွင်နေရစဉ် အပေါဆုံးဟင်း လျာက မျောက်သား ဖြစ်သည်။ ဘယ်တောမှ တိုး၍ အမဲလိုက်စရာမလိုပါ။
အပေါ်မော့၍ ပစ်လိုက်ရန်သာလိုသည်။ ဆီမပါ ပြားမပါ ဆားနှင့်ငရုတ်သီးသာ ရှိသော အချိန်တွင်ချက်သော မျောက်သားဟင်းကား ဘာအရသာဟုပြောရမည်ပင်ခက်သည်။ တခုတော့ရှိသည်။ မျောက်သားစားလျင် မျောက်မျက်နှာ မကြည့်ရန်တော့လိုသည်။
ရွာပျက်တွင်နေစဉ် ရဲဘော်တချို့က တောင်ယာတဲများသို့ သွား၍ ဟင်းစားရှာကြသည်။ တောင် ယာအကွက် ပတ်လည်ခြံစည်းရိုးတွင် ဘူး၊ဖရုံ၊သခွါး၊ ငရုတ်တို့ စိုက်ပျိုးလေ့ရှိရာ ဟင်းစားရလေ့ရှိသည်။ တောင်ယာများတွင် အပေါဆုံးက ဖရုံသီးဖြစ်သည်။
ဖရုံသီးမှည့်များကို အပုံလိုက်သိမ်း ဆည်းထားကြသည်။ လူပင် မစားကြ။ ဝက်စာကျွေးကြသည်။ ထိုတောင်ယာတဲများရောက်လျင် ဆီ၊ဆား၊ဆေးလိပ်တို့တွေ့ပါက ပြန်မျှပေးတတ်ကြသည်။
တောတောင်များထဲတွင် ရုန်းကန်ရှင်သန်ရန် ကြိုးပမ်းကြရသည်။ သဘာဝအရိုင်းလောက၌ပင် လူတို့ရုန်းကန်ရှင်သန်ခဲ့ပြီး အောင်နိုင်ခဲ့ကြသည်မဟုတ်ပါလော။
Edit သူငယ်ချင်းကမြေပုံပို့လာမှ ဟင်လိုင်းက မိုးမိတ်ဖက်နဲ့ မနီးဘဲ နမ့်ခမ်း မုန်းဝီးဖက်နဲ့ ပိုနီးတာ မှတ်မိတယ်။