ရွှေလီချိုင့်ဝှမ်းဂွင် အမှတ်တရ – ၃
– မောင်မောင်စိုး
ကိုးတောင်၊ငါးတောင်ဒေသ
ကချင်တို့က ရွှေလီချိုင့်ဝှမ်းဂွင်အပေါ်ပိုင်းအား ကိုးတောင်ဟု၎င်း၊ အောက်ပိုင်းအား ငါးတောင်ဟု၎င်းခေါ်ကြသည်။ မိုးမိတ်၊ နမ္မတူနယ်များနှင့် နမ့်ခမ်း၊မူစယ်၊ ကွတ်ခိုင်နယ်များအတွင်း ကချင်လူမျိုးများရှိသည်။
သို့သော် ကချင်လူမျိုးများသည် ရွှေလီချိုင့်ဝှမ်းဂွင်၏ အပြင်ဖက် မူစယ်အရှေ့ဖက်၊ ကွတ်ခိုင် မြောက်ဖက်နှင့် အရှေ့မြောက်ဖက်ခြမ်းတွင် အများစုနေထိုင်ကြသည်။ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းနည်းပါးသည်။
မြို့ပြများသို့၎င်း၊ ကချင်ပြည်နယ်သို့၎င်း ပြောင်းရွှေ့အခြေချကြ၍လည်း ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ကချင်လူဦးရေနည်းသည်။ သို့သော်လည်း KIA အဖွဲ့အစည်းကတော့ စဖွဲ့ကထဲက ထိုဒေသများတွင် ခြေကုပ်ယူလှုပ်ရှားနိုင်သည်ကို တွေ့ရသည်။
တအာင်း ပလောင်လူမျိုး
ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အပြည့်ရှိသော မြို့နယ် နှစ်ခုမှာ နမ့်ဆန်နှင့်မန်တုံမြို့နယ်တို့ဖြစ်သည်။ ထိုမြို့နယ် နှစ်ခုတွင် ပလောင်လူမျိုးအများစုနေ ထိုင်ကြပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ်သတ်မှတ်ထား သည်။
အစဉ်အလာအားဖြင့်လည်း နမ့်ဆန်တောင်ပိုင်စော်ဘွားနယ်ဖြစ် သည်။ နမ့်ဆန်စော်ဘွားလက်ထက်က ဘော်တွင်းသည် တောင်ပိုင်စော်ဘွားနယ်အတွင်းရှိသည်။ နမ့်ဆန်နှင့်မန်တုံ မြို့နယ်နှစ်ခုတွင် ပလောင်လူဦးရေ တသိန်းခန့်ရှိသည်။
ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ထိုမြို့နယ်နှစ်ခုသာမက တောင်ဖက်တွင် မိုးမိတ်၊ကျောက်မဲ၊ သီပေါ၊ နမ္မတူ မြို့နယ်များ၊ မြောက်ဖက်တွင် နမ့်ခမ်း၊မူစယ်၊ ကွတ်ခိုင်မြို့နယ်များ၏ နယ်နိမိတ်များလည်းပါဝင်သည်။
ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းရှိ ထိုမြို့နယ် ၇ ခု၏ နယ်နမိတ်များသည် နမ့်ဆန်၊မန်တုံမြို့နယ် ၂ ခုနှင့်တဆက်စပ်တည်းဖြစ်နေသည့်အပြင် ထို ၇ မြို့နယ် နယ်နမိတ်သတ် မှတ်ထားသည့် နယ်မြေများ အတွင်းတွင် ပလောင်လူမျိုး နှစ်သိန်းကျော်ခန့်နေထိုင်သည်။
ထိုကြောင့် ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း ပလောင်လူမျိုး ၃ သိန်းကျော်ခန့်နေထိုင်ကြပြီး ထိုဂွင်အတွင်း လူဦးရေအများဆုံးလူမျိုးဖြစ်သည်။ ထို့ကြောင့် ရွှေလီချိုင့်ဝှမ်းဂွင်အား တအာင်းပလောင်ဂွင်ဟု ဆိုနိုင်သည်။
ထို့ကြောင့်လည်း ထိုဂွင်အ တွင်း တအာင်းအမျိုးသားပါတီ TNP ဟုခေါ်သည့် မြေပေါ် ဥပဒေတွင်းပါတီအားကောင်းသကဲ့သို့ တအာင်းလက် နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် TNLA အားကောင်းသည်ကို တွေ့ရသည်။
ပလောင်ရွာ
ထိုဂွင်အတွင်း လှုပ်ရှားစဉ်ကာလက ပလောင်ရွာသို့ ဦးတည်ချီတက်မည် သို့မဟုတ် သွားရောက်စခန်းချမည်ဆိုပါက အတော်စိတ်ညစ်မိသည်။ တခြားကြောင့်တော့မဟုတ်၊ အနည်းဆုံး ၃/၄ နာရီမှ နေ့တဝက်၊ တခါတရံတနေကုန်နီးပါးတောင်တက်ခရီးနှင်၍ အမောဆိုက်တော့မည်ကို ကြိုသိနေ၍ ဖြစ်သည်။
သေနတ်၊ ကျည်ဆံ၊ လက်ပစ်ဗုံး၊ စစ်ချပ်ဝတ်တန်ဆာများ၊ ရေ ဘူး၊ ကျောပိုးအိတ်များအပြင် ရိက္ခာဆန်အိတ်ပါသယ်ရသည်ဖြစ်၍ လမ်းလျောက်ချီတက်ရသည်မှာ မသက်သာလှပေ။ ထိုဂွင်အတွင်း ပလောင်ရွာဆိုသည်က အမြင့်ဆုံးတောင်တွေမှာရှိသည်။
တောင်ထိပ်ရောက်၍ အေး အေးလူလူ နှပ်နေ၍မရ။ လျှိုထဲပြန်ဆင်းပြီး ထမင်းချက်စားဖို့ ရေခပ်ရဦးမည်ကို ကြို၍ တွေးမိပြီးသားဖြစ်သည်။ ပလောင်ရွာကို မြင်နေရ၍ အ တော်တက်ရဦးမည်ဟု အားတင် းနေရချိန်တွင် ထိုရွာမှ ဝါးဘိုးကျည် တောက်များဖြင့် ရေခပ်ဆင်းလာသူများကို လမ်း၌ဆုံလျင် ငိုချင်စိတ်ပင်ပေါက်မိသည်။
မည်သို့ဖြစ်စေ တောင်ထိပ်က ပလောင်ရွာများတွင် အားသာချက်များလည်း ရှိပါသည်။ မနက် ၆/၇ နာရီ ဆိုလျင် နေရောင်ရပြီ။ ဆောင်းဥတုတွင် သိသာသည့် အနွေးဓါတ်ကိုရသည်။ တဟူးဟူးတိုက်ခတ်နေသည့် လတ်ဆတ်သည့် လေကောင်းလေသန့်ကိုရှူရှိုက်ရသည်။
ရွှေလီချိုင်ဝှမ်းဂွင် ဝဲယာတဝိုက်က ရှုခင်းများကို တမျှော်တခေါ် ကြည့်ရှုခံစားခွင့်ရသည်။ကျန်းမာရေးလည်းကောင်းသည်။ တော်တန်ရုံ အဖျားအနာမရှိတတ်ပေ။
ဗမာတို့၏ ရိုးရာပုံပြင်များ သီချင်းများတွင်သာ နားထောင်ခဲ့ရသည့် နှီးဒေါင်းလန်းနှင့် ထမင်းစားသည်ကို ပလောင်ရွာတွင်တွေ့ရသည်။ ဒေါင်လန်းထဲတွင် ထမင်း၊ဟင်း အားလုံးထည့်ပြီး မိသားစုဝင် ၄/၅/၆ ယောက် ထိုင် စားသည့် လက်ရည်တပြင်တည်းကို ပလောင်ရွာတွေရောက်မှ မျက်မြင်ကြုံဘူးသည်။
ပလောင်နှင့်ဗုဒ္ဓဘာသာ တောင်ထိပ်တွင် ရွာတည်ထားသော်လည်း ဘုန်းတော်ကြီးကျောင်းများ ၊ စေတီများကို တခန်းတနားတည်ထားသည်ကို ပလောင်ရွာများတွင် တွေ့ရသည်။ ဘာသာရေးလည်း ကိုင်းရှိုင်းကြသည်။ မည်သည့်ခေတ်ကာလက တည်ခဲ့မှန်းမသိရသည့် စေတီဟောင်း စေတီပျက်များကို ထိုဂွင်အတွင်း တွေ့ရသည်။
တောင်တန်းဒေသတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်း က ဗုဒ္ဓဘာသာ ကိုး ကွယ်သည်လူမျိုးဖြစ်သည်။ ကိုလိုနီခေတ်ကာလတွင် အင်္ဂလိပ်တို့က တောင်တန်းသာနာပြုများစေလွှတ်၍ တောင်တန်းဒေသများတွင် ခရစ်ယာန်ဘာသာ သာသနာပြုခဲ့ကြသည်။
ထိုအထဲတွင် ပလောင်တောင်တန်း မပါဝင်ခဲ့ပေ။ အခြားတောင်တန်းဒေသများသာမက ရှမ်း ပြည်နယ်တွင်းရှိ လားဟူ၊အာခါတို့ကိုပါ ခရစ်ယာန်သာသနာပြုနိုင်ခဲ့ကြသော်လည်း ပလောင်တောင်တန်းကတော့ ထူးခြားချက်ဖြစ်သည်။ ဗုဒ္ဓ ဘာသာနှင့်ယဉ်ကျေးမှု အမြစ်တွယ်နေခဲ့သည့် ဒေသဖြစ်သည်။
ပလောင်နှင့်လဘက်
အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ်က ပလောင်တို့ကို လဘက်မျိုးစေ့ပေးခဲ့သည်ဆိုသည့် ဒဏ္ဍာရီကို လက်ခံ၍ မရပါ။ မြေပြန့်တွင် စိုက်မရသည့် အပင်မျိုးစေ့ကို မြေပြန့်မှာ အုပ် ချုပ်မင်းလုပ်သူကပေးသည် ဆိုသည်မှာ ဖြစ်နိုင်ချေမရှိပေ။
ပလောင်တို့၏ လဘက်စိုက်ပျိုးရေးသည် တရုတ်ပြည်တောင်တန်းများမှ ဆင်းသက်လာသည်ဟုယူဆရသည်။ သို့ သော် တခုရှိသည်မှာ ပြည်မတွင် စိုက်ပျိုးမရသည့် ရှမ်းပြည်မှ လဘက်နှင့် သနပ်ဖက်သည် ဗမာလူမျိုးတို့၏နေ့စဉ်ဘဝတွင် ထဲထဲဝင်ဝင်ပတ်သက်နေသည်ကတော့ စိတ်ဝင်စားဘွယ်ဖြစ်သည်။ ပြည်မနှင့်တောင်တန်းကြားက ရှည်ကြာသည့် ဆက်ဆံရေးကို ဖေါ်ပြပုံရသည်။
ပလောင်နှင့် သစ်ရွက်ပုလွေ
သစ်ရွက်တရွက်ကို ခေါက်၍ ပုလွေမှုတ်ခြင်းသည် ပလောင်တို့၏ ရိုးရာတခုဖြစ်သည်။ အထူး သဖြင့် ပလောင်လူငယ် အပျိုလူပျိုများကြား သစ်ရွက်ပုလွေမှုတ်၍ အပြန်အလှန် ကြူတတ်ကြသည်။ တပ်ဖွဲ့ခရီးချီတက်စဥ်လဘက်ခြံများအနီးရောက်ပါက လဘက်ခြံအတွင်း ပလောင်လုံမငယ်များကို တွေ့ရတတ်သည်။
ထိုအခါ မိမိတို့တပ်တွင်းရှိ ပလောင်ရဲဘော်များက သစ်ရွက်ခူး၍ ပုလွေမှုတ်ခါ ကြူတတ်ကြသည်။ လဘက်ခြံထဲက ပလောင်လုံမငယ်များကလည်း အပြန်အလှန် သစ်ရွက်ပုလွေမှုတ်၍ ပြန်လည်အသိမှတ်ပြု အချက်ပြကြသည်။
သစ်ရွက်ပုလွေသံသည် သူတို့ချင်းသာ သိသည့် သင်္ကေတတခုဖြစ်သည်။ တပ်က ချီတက်နေရသည်ဖြစ်ရာ လဘက်ခြံနှင့် ဝေးလာလျင် ပလောင်ရဲဘော်လေးများက တဖြေးဖြေးနောက်တွင်ကျန်နေခဲ့တတ်သည်။ သူတို့ကို တပ်နှင့် မပြတ်ဘဲ ပါလာစေရန် ထိမ်းကျောင်းခေါ်ဆောင်ရသည်ကလည်း အလုပ်တခုဖြစ်သည်။
သို့သော် ပလောင်လုံမငယ်တဦးတလေနှင့်မှတော့ မိမိမညိခဲ့ပါ။ အကြောင်းမှာ ထိုစဉ်ကာလက ပလောင်လုံမငယ်များသည် ယနေ့ခေတ်ကာ ပလောင်လုံမငယ်တို့လောက် ချောမောလှပမှု မရှိခြင်းကြောင့်လောဟု ယခုမှပြန်လည်စဉ်းစားနေမိသည်။ တမျိုးတော့ မထင်ကြစေလိုပါ။
ယနေ့ခေတ်ကာလ တအာင်း ပလောင်လုံမငယ်များ ခေတ်မှီ လှပ ချောမောကြသည့်အပြင် ပညာတတ်တွေ ဖြစ်နေကြသည်ကို ရည်ညွှန်းလို၍ ဖြစ်ပါသည်။ ထို့ပြင် ကျနော်တို့ခေတ်က လှပချောမော ပညာတတ်သည့် ပလောင်လုံမေများနှင့် မဆုံဆည်းခဲ့သည်လည်းဖြစ်နိုင်သည်။
သို့တည်းမဟုတ်ပလောင်လုံမငယ်တို့နှင့် နဖူးစာ မှင်ရည်ကျဲပြီးလွဲခဲ့၍လည်းဖြစ်နိုင်ပါသည်။ အရိုးဆရာကဲ့သို့ ပလောင်သားမက် မဖြစ်ခဲ့တော့။