အတွေးအမြင်

သူ့အတွေးသူ့အမြင် | ကျွန်ုပ်တို့ တာဝန် (သို့မဟုတ်) ဗမာလူမျိုးတစ်ယောက်ရဲ့ နိုင်ငံရေးဝတ္တရားများ အပိုင်း (၃)

ကျွန်ုပ်တို့ တာဝန် (သို့မဟုတ်) ဗမာလူမျိုးတစ်ယောက်ရဲ့ နိုင်ငံရေးဝတ္တရားများ အပိုင်း ()

– မေ | သူ့အတွေးသူ့အမြင်

 

ဗမာ့နိုင်ငံရေးတည်ဆောက်ခြင်း

ဗမာ့နိုင်ငံရေးတည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ ရှုထောင့်ဟာ လက်ရှိမြန်မာနိုင်ငံအနေနဲ့ ဗမာ့နိုင်ငံရေး မရှိနေသေးလို့ တည်ဆောက်နေရတာဆိုတဲ့ ရှုထောင့်အနေနဲ့မဟုတ်ဘဲ အုတ်ရောရော ကျောက် ရောရော ဖြစ်နေတဲ့ ဗမာ့နိုင်ငံရေးအခင်းအကျင်းဟာ ဗမာလူမျိုးတွေအတွက် ကောင်းမွန်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးမဖြစ်နိုင်ဘူးဆိုတဲ့ စဉ်းစားချက်ရှုထောင့်ကနေ လာတာဖြစ်ပါတယ်။

လက်ရှိ ဗမာ့ကိုယ်စားပြု နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ဗမာကို အခြေမခံဘဲ ပြည်ထောင်စုကို အခြေခံ လှုပ်ရှားခြင်းဟာ ဗမာ့နိုင်ငံရေးရပ်တည်ချက်အတွက်ရော ဗမာ့မဟုတ်သော လူမျိုးတွေ နိုင်ငံရေး ရပ်တည်ချက် တွေအတွက်ပါ ထိခိုက်စေပါတယ်။

ဒါကြောင့် တိကျတဲ့တာဝန်ခံ၊ တာဝန်ယူထားခြင်း မရှိတဲ့ ဗမာ့နိုင်ငံရေးလို့ သတ်မှတ်နိုင်တဲ့အရာတွေကို တဖန် ပြန်လည် သန့်စင်ဖို့ရာ တိကျတဲ့ ဗမာ့နိုင်ငံ ရေးရပ်တည်ချက် အုတ်မြစ်ကို တည်ဆောက်ဖို့ အရေး တကြီးလိုပါတယ်။

ဗမာ့နိုင်ငံရေးအတွက် အစခြေလှမ်းပြုရာမှာ အခြေပြုရမဲ့ မေးခွန်းတွေရှိပါတယ်။

(၁) ဗမာလူမျိုးတွေဟာ ဗမာ့နိုင်ငံရေးတည်ဆောက်ခြင်းအတွက် နိုင်ငံရေးနိုးကြားနေပြီလား။

 (၂) ဗမာ့နိုင်ငံရေးဟာ အမွေခံအမျိုးသားနိုင်ငံရေးလား၊ အသစ်ဖြစ်ပေါ် မွေးဖွားလာတဲ့ နိုင်ငံရေးလား။

(၃) ဗမာ့နိုင်ငံရေး နိုးကြားမှုဟာ လူမျိုးအပေါ်အခြေခံသလား၊ နယ်မြေဒေသအပေါ် အခြေခံသလား။

(၄) ဗမာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗမာလူမျိုးတွေ ဘာတွေ လုပ်ဆောင်နေကြပြီလဲ။

(၅) ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဗမာ့နိုင်ငံရေးမတည်ဆောက်ဘဲ တည်ထောင် နိုင်သလား။

(၆) ဗမာပြည်နယ် နဲ့ ဗမာ့နိုင်ငံရေး တူသလား။

(၇) ဗမာပြည်နယ်မရှိဘဲ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်နိုင်မလား။

(၈) ဖက်ဒရယ်မရှိဘဲ ပြည်ထောင်စုကြီး တည်ငြိမ်နိုင်သလား။

(၉) ဖက်ဒရယ်မပါတဲ့ ဒီမိုကရေစီက မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နိုင်မလား။

(၁၀) ဗမာတွေ ဘာလို့ ဗမာ့နိုင်ငံရေးအတိအကျမရှိနေရသေးတာလဲ။

() ဗမာ့နိုင်ငံရေး နိုးကြားမှုဟာ လူမျိုး (Nation) အပေါ်အခြေခံသလား၊ နယ်မြေဒေသအပေါ် အခြေခံသလား။

ပထမဆုံးအနေနဲ့ ဝေါဟာရရှင်းလင်းချက်အနေနဲ့ Nation (လူမျိုး) နဲ့ Ethnic (လူမျိုးစု) အကြောင်း အကျဉ်းရှင်းလင်းချင်ပါတယ်။ သွေးသား၊ သမိုင်းတူ ဖြစ်တည်နေတဲ့သူတစ်ယောက်ချင်းကို Ethnic (လူမျိုးစု) လို့ သတ်မှတ်ကြပါတယ်။

နိုင်ငံရေးဝိဉာဉ်တစ်ခုတည်ရှိခြင်းအပေါ်မှာ အခြေတည်ပြီး လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ကာ သီးသန့်ဖြစ်တည်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တစ်ခု ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အတူနေထိုင်လိုသောစိတ်၊ အမျိုးသားဝိဉာဉ်တစ်ခု တည်ရှိလိုသောစိတ်၊ Identity တစ်ခုတည်း အောက်မှာ တည်ရှိနေသော Ethnic (လူမျိုးစု)များ အစုကို Nation (လူမျိုး) လို့ ခေါ်ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဒွိဟဖြစ်စရာ ရှုထောင့်ပေါင်းများစွာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဗမာနယ်မြေ အဝန်းအဝိုင်းနဲ့ ပတ်သက်ပြီး အကြမ်းဖက် သတ်မှတ်ချက်တွေ စဉ်းစားကြည့်မယ်ဆိုရင် ဗမာ့နောက်ဆုံးဧကရာဇ်ဖြစ်တဲ့ သီပေါမင်းလက်ထက် ဗမာ့နယ်နမိတ်ကို အခြေခံစဉ်းစားကြည့်လို့ ရနိုင်သလို၊ ဗမာ့ယဉ်ကျေးမှုနဲ့အညီ နေထိုင်တဲ့ ဒေသတွေကို အခြေခံနယ်မြေအဖြစ် စဉ်းစားကြည့်လို့ ရနိုင်ပါတယ်။

နယ်မြေအကြမ်းဖျင်း သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးစဉ်းစားကြည့်မယ်ဆိုမယ် ဆိုရင် ဗမာလူမျိုးတစ်ယောက်အနေနဲ့ မိမိရဲ့ Identity ကို သတ်မှတ်ရာမှာ နယ်မြေအခြေခံပြီး အရင်းဆုံး သတ်မှတ်ခေါ်ဝေါ်လေ့ရှိပါတယ်။ (ဥပမာအားဖြင့် – စစ်ကိုင်းသား၊ မန္တလေးသား စသည်ဖြင့် ခေါ်ဝေါ်လေ့ရှိပြီး ဗမာလူမျိုးဆိုတဲ့အပေါ် စဉ်းစား သတ်မှတ်ချက် နည်းပါတယ်။)

လက်ရှိမြန်မာပြည်ရဲ့ ဖြစ်တည်မှုအရ ဗမာပြည်နယ်ကို နယ်မြေအခြေပြုထက် လူမျိုးအခြေပြု (Nation) ကို Political Unit တစ်ခုအနေနဲ့ တည်ဆောက်ဖို့ လိုပါတယ်။ ရှင်းလင်းချက်တစ်ခုအနေနဲ့ ဗမာလူမျိုးစု (Burma Ethnic) ဟာ ဗမာပြည်နယ်မှာ Major Ethnic ဖြစ်ပြီး အခြားပြည်နယ်မှာ Minor Ethnic အဖြစ် တည်ရှိမှာ ဖြစ်ပါတယ်။

ဗမာ့နိုင်ငံရေးနိုးကြားမှုဟာ တော်လှန်ရေး ကာလအတွင်းမှာ ပေါ်ပေါက်လာလေ့ရှိပြီး တော်လှန်ရေး ကာလ အရှိန်လျော့တဲ့အချိန် (သို့မဟုတ်) တော်လှန်ရေးမရှိတဲ့အချိန်တွေမှာ ဗမာ့နိုင်ငံရေး လှုပ်ရှားမှု တွေဟာ ပြန်လည် ပျောက်ကွယ်သွားလေ့ ရှိပါတယ်။ တနည်း ဗမာ့နိုင်ငံရေး ရပ်တည်ချက်၊ လှုပ်ရှားမှု ဟာ အခြေမစွဲသေးဘူးလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာတော့ ပိုမိုကျစ်လျစ်တဲ့ တိကျတဲ့ ဗမာ့နိုင်ငံရေးရပ်တည်ချက်နဲ့ အုတ်မြစ်တွေကို မြင်တွေ့ရပါတယ်။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အချက်တွေကတော့ (၁) မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ဗမာလူမျိုးတွေက ဗမာ့နိုင်ငံရေးဆိုတဲ့ အရာတစ်ခု ထွက်ပေါ်လာဖို့ လိုပြီဆိုတာနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် ဗမာပြည်နယ်ကို အခုအချိန်အခါမှာ ဖော်ထုတ်တည်ဆောက်ဖို့ လိုပြီဆိုတဲ့ စဉ်းစားချက်တွေ၊ စိတ်ဆန္ဒတွေကို တွေ့ရပါတယ်။

အချက် (၂) အနေနဲ့ ဗမာလူမျိုးအခြေပြု တော်လှန်ရေးလက်နက်ကိုင်တပ်အနေနဲ့ ဗမာ့ပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) အဖြစ် ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ထိုအချက်တွေက ဗမာလူမျိုးတွေအနေနဲ့ Political Will ဘယ်လောက်အထိ မြှင့်တက်လာပြီလဲ။ တပြည်ထဲ အခြားလူမျိုးတွေအပေါ်မှာ နိုင်ငံရေးအရ ဘယ်လောက်အလေးထားသလဲ ဆိုတာကိုလည်း ပြသရာ ရောက်ပါတယ်။

() ဗမာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗမာလူမျိုးတွေ ဘာတွေ လုပ်ဆောင်နေကြပြီလဲ။

ဗမာ့နိုင်ငံရေးတည်ဆောက်မှုနဲ့ပတ်သက်ပြီး ရှေ့အဆက်ဆက်က ဗမာလူမျိုးခေါင်းဆောင် တွေက ဗမာလူမျိုးအခြေပြု နိုင်ငံရေးထွက်ပေါ်လာမှာကို အလွန်တရာစိုးရိမ်းချက်ရှိပါတယ်။ ထိုအထဲမှာ မြန်မာစစ်တပ်က အဆိုးဆုံးဖြစ်ပါတယ်။

ဖ.ဆ.ပ.လ ခေါင်းဆောင် ဝန်ကြီးချုပ် ဦးနုက တောင်ကြီးညီလာခံရဲ့ ရှစ်ပြည်နယ်မူကို လက်မခံ လိုတဲ့အတွက် ဗိုလ်ချုပ်နေဝင်းကို အာဏာသိမ်းခွင့်ပြုခဲ့ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စစ်တပ်က စစ်တန်းလျားကနေ လွှတ်တော်ထဲကိုသာမက နိုင်ငံရေးကွင်းတစ်ခုလုံးကို အပိုင်သိမ်းပြီး မြန်မာ့နိုင်ငံရေးကို စစ်အာဏာရှင်စနစ်ဖြစ်အောင် လုပ်ခဲ့သလို ပြည်တွင်းစစ်ကို မီးတောက်လောင် စေခဲ့ပါတယ်။

၂၀၁၀ အလွန် နဲ့ အာဏာမသိမ်းခင်စပ်ကြားမှာလည်း ဗမာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ကြဖို့ အခြားလူမျိုးတွေက ပုံစံမျိုးစုံနဲ့ တိုက်တွန်းမှုတွေ ရှိပေမဲ့ ဗမာလူမျိုးတွေအနေနဲ့ တိတိပပလုပ်ကိုင်ခဲ့ခြင်းမရှိပေ။

အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလမှာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ဆိုတဲ့ အသံဟာ တွင်တွင်ကျယ်ကျယ်ကို ထွက်ပေါ်လာပါတယ်။ သို့ပေမဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ဘယ်လို လုပ်ရမလဲ ဆိုတဲ့အချိန်မှာ ပြည်ထောင်စုအတွင် တိကျခိုင်မာတဲ့ တန်းတူညီမျှမှုရှိပြီး လုပ်ပိုင်ခွင့်အာဏာတိကျစွာရှိတဲ့ တင်းပြည့်ကျပ်ပြည့် political unit တွေ ရှိဖို့လိုပါတယ်။

သို့ပေမဲ့ ဗမာ political unit နဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံ ရှိနေသလဲနဲ့ လက်ရှိ ရှိနေတဲ့ တိုင်း (၇) တိုင်း ဟာ လက်ရှိအတိုင်း ထားပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မလားဆိုတာဟာ တွေးစရာ ဖြစ်ပါတယ်။

တိုင်း(၇) တိုင်းကို အခြေခံပြီး ဗမာပြည်နယ် နဲ့ အမျိုးသားများပြည်နယ် ဖွဲ့ဖို့ နိုင်ငံရေးတန်းတူမှု၊ လူမျိုးရေးတန်းတူမှု အရ လိုအပ်ပါတယ်။ သို့ပေမဲ့ အမျိုးသားများပြည်နယ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းမှုတွေကို မြင်တွေ့ရပေမဲ့ ဗမာပြည်နယ် ဖွဲ့စည်းနိုင်ရေးကို ကြိုးပမ်းမှုကို အမြောက်အများ မတွေ့ရသေးပေ။

သို့ပေမဲ့ ပညာရှင်တွေ၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကတော့ ဗမာပြည်နယ်ဖွဲ့စည်းနိုင်ရေးအတွက် ဗမာ့နိုင်ငံရေးကို စတင်ဆောက်ရွက်ဖို့ လိုကြောင်း တွင်တွင် ကျယ်ကျယ် ပြောကြားလျက်ရှိပါတယ်။

ဆက်လက်ဖော်ပြရေးသားပါမည်…။

Related Articles

Back to top button