ကျွန်ုပ်တို့ တာဝန် (သို့မဟုတ်) ဗမာလူမျိုးတစ်ယောက်ရဲ့ နိုင်ငံရေးဝတ္တရားများ အပိုင်း (၂)
- မေ | သူ့အတွေးသူ့အမြင်
ဗမာ့နိုင်ငံရေးတည်ဆောက်ခြင်း
ဗမာ့နိုင်ငံရေးတည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ ရှုထောင့်ဟာ လက်ရှိမြန်မာနိုင်ငံအနေနဲ့ ဗမာ့နိုင်ငံရေး မရှိနေသေးလို့ တည်ဆောက်နေရတာဆိုတဲ့ ရှုထောင့်အနေနဲ့မဟုတ်ဘဲ အုတ်ရောရောကျောက် ရောရော ဖြစ်နေတဲ့ ဗမာ့နိုင်ငံရေးအခင်းအကျင်းဟာ ဗမာလူမျိုးတွေအတွက် ကောင်းမွန်တဲ့နိုင်ငံရေး အခင်း အကျင်းမျိုး မဖြစ်နိုင်ဘူးဆိုတဲ့ စဉ်းစားချက်ရှုထောင့်ကနေ လာတာဖြစ်ပါတယ်။
လက်ရှိ ဗမာ့ကိုယ်စားပြု နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ဗမာကို အခြေမခံဘဲ ပြည်ထောင်စုကို အခြေခံလှုပ်ရှားခြင်းဟာ ဗမာ့နိုင်ငံရေး ရပ်တည်ချက် အတွက်ရော ဗမာ့မဟုတ်သော လူမျိုးတွေ နိုင်ငံရေးရပ်တည်ချက်တွေအတွက်ပါ ထိခိုက်စေ ပါတယ်။ ဒါကြောင့် တိကျတဲ့တာဝန်ခံ၊ တာဝန်ယူထားခြင်းမရှိတဲ့ ဗမာ့နိုင်ငံရေးလို့ သတ်မှတ်နိုင်တဲ့ အရာ တွေကို တဖန် ပြန်လည် သန့်စင်ဖို့ရာ တိကျတဲ့ ဗမာ့နိုင်ငံရေးရပ်တည်ချက် အုတ်မြစ်ကို တည်ဆောက်ဖို့ အရေးတကြီးလိုပါတယ်။
ဗမာ့နိုင်ငံရေးအတွက် အစခြေလှမ်းပြုရာမှာ အခြေပြုရမဲ့ မေးခွန်းတွေရှိပါတယ်။
(၁) ဗမာလူမျိုးတွေဟာ ဗမာ့နိုင်ငံရေးတည်ဆောက်ခြင်းအတွက် နိုင်ငံရေးနိုးကြားနေပြီလား။
(၂) ဗမာ့နိုင်ငံရေးဟာ အမွေခံအမျိုးသားနိုင်ငံရေးလား၊ အသစ်ဖြစ်ပေါ် မွေးဖွားလာတဲ့ နိုင်ငံရေး လား။
(၃) ဗမာ့နိုင်ငံရေး နိုးကြားမှုဟာ လူမျိုးအပေါ်အခြေခံသလား၊ နယ်မြေဒေသအပေါ် အခြေခံသလား။
(၄) ဗမာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗမာလူမျိုးတွေ ဘာတွေ လုပ်ဆောင်နေကြပြီလဲ။
(၅) ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဗမာ့နိုင်ငံရေးမတည်ဆောက်ဘဲ တည်ထောင် နိုင်သလား။
(၆) ဗမာပြည်နယ် နဲ့ ဗမာ့နိုင်ငံရေး တူသလား။
(၇) ဗမာပြည်နယ်မရှိဘဲ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ထောင်နိုင်မလား။
(၈) ဖက်ဒရယ်မရှိဘဲ ပြည်ထောင်စုကြီး တည်ငြိမ်နိုင်သလား။
(၉) ဖက်ဒရယ်မပါတဲ့ ဒီမိုကရေစီက မြန်မာနိုင်ငံမှာ အလုပ်ဖြစ်နိုင်မလား။
(၁၀) ဗမာတွေ ဘာလို့ ဗမာ့နိုင်ငံရေးအတိအကျမရှိနေရသေးတာလဲ။
(၁) ဗမာလူမျိုးတွေဟာ ဗမာ့နိုင်ငံရေးတည်ဆောက်ခြင်းအတွက် နိုင်ငံရေးနိုးကြားနေပြီလား။
ပထမဆုံးမေးခွန်းဖြစ်တဲ့ ဗမာလူမျိုးတွေ ဗမာ့နိုင်ငံရေးတည်ဆောက်ဖို့ လို၏ မလို၏ နဲ့ ပတ်သက်ပြီး စတင်စဉ်းစားဖို့အတွက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး လုံလောက်အောင် နိုးကြားနေပြီးလားဆိုတာ ဖြစ်ပါတယ်။ တဆက်တည်းမှာ နိုင်ငံရေး နိုးကြားခြင်းကို ဘယ်အချက်အလက်တွေကို ကြည့်ပြီး သိနိုင်မလဲ။
နွေဦး တော်လှန်ရေးမတိုင်ခင်က ဗမာ့နိုင်ငံရေးဆိုတဲ့စကားလုံးဟာ မကြားရဘူးသလောက်ကို ရှားပါးခဲ့ပါတယ်။ ထိုထက် ရန်ကုန်နိုင်ငံရေး၊ မန္တလေးနိုင်ငံရေးစတဲ့ဒေသအခြေပြု နိုင်ငံရေးကိုသာ ကြားခဲ့ရဖူးပါတယ်။ ထိုသို့ နိုင်ငံရေးလို့ ဆိုရာမှာ နိုင်ငံရေးစနစ်တစ်ခုကိုအခြေပြုပြီး ပြောဆိုခဲ့ကြတဲ့စကားလုံးမဟုတ်ဘဲ၊ ဗဟိုဦးစီးဒီမိုကရေစီနိုင်ငံရေးလမ်းစဉ်ကို အခြေခံအထောက်အပံ့ပြုဖို့သာ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေးလုပ်ရပ်များ ဖြစ်ပါတယ်။
ထိုလုပ်ရပ်ဟာ လူမှုရေး၊ ဖွံ့ဖြိုးရေးအတွက် ထိရောက်အသုံးဝင်ပေမဲ့ ပြည်တွင်းစစ်နဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်တဲ့လမ်းစဉ်မဟုတ်ခဲ့ပါဘူး။ တနည်း မြန်မာ့မြေပေါ်မှာ အမြစ်စွဲနေတဲ့ ပဒေသရာဇ်စနစ်နဲ့ အာဏာရှင်စနစ်ကို အမြစ်မလှန်နိုင်၊ မဖယ်ရှားနိုင်ခဲ့ပါဘူး။
နွေဦးတော်လှန်ရေးဟာ မြန်မာ့နိုင်ငံရေးကံကြမ္မာအတွက် လမ်းကြောင်းအသစ်တစ်ခုကို ဖန်တီးပေး နိုင်ခဲ့တယ်လို့ ပြောလို့ရနိုင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံမှာ ဖက်ဒရယ် မပါတဲ့ ဒီမိုကရေစီဟာ မြန်မာ့နိုင်ငံရေး ပြဿနာတွေအတွက် အကင်းပြတ်နိုင်တဲ့ ဆေးမဟုတ်ဘူးဆိုတာနဲ့ ရောဂါလက္ခဏာကိုသာ ငုတ်သွားအောင် လုပ်နိုင်တယ်ဆိုတာ ပိုပြီးသိသာလာစေပါတယ်။
နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသား တွေသာမက ဗမာလူမျိုးများပါ မြန်မာ့နိုင်ငံရေးအတွက် လူမျိုးအခြေပြုဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ လမ်းစဉ်ဟာ အဖြေဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်လာကြပါတယ်။ တချိန်တည်းမှာ ဗမာလူမျိုး တွေအတွက် ဗမာ့နိုင်ငံရေးတည်ဆောက်ဖို့ မဖြစ်မနေလိုပြီဆိုတာ ရှင်းလင်းစွာ သိမြင်လာကြပါတယ်။
ဗမာ လူမျိုး တွေရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ လျောညီတဲ့ ဗမာနိုင်ငံရေးတည်ဆောက်ဖိုအတွက် ဗမာနိုင်ငံရေး ခေါင်း ဆောင် တွေမှာ တာဝန်ရှိပါတယ်။ ဗမာ့နိုင်ငံရေးကိုမတည်ဆောက်နိုင်ဘူးဆိုရင် ဗမာ့နိုင်ငံရေး ခေါင်း ဆောင် တွေရဲ့ အားနည်းချက်တွေသာ ဖြစ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
(၂) ဗမာ့နိုင်ငံရေးဟာ အမွေခံအမျိုးသားနိုင်ငံရေးလား၊ အသစ်ဖြစ်ပေါ် မွေးဖွားလာတဲ့ နိုင်ငံရေးလား။
ဗမာ့နိုင်ငံရေးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမယ်ဆိုရင် ပျူ၊ တကောင်းက စတယ်လို့ ပြောလို့ ရနိုင်မလို၊ တကောင်းမင်းဆက်၊ သရေခေတ္တရာမင်းဆက်၊ ပုဂံမင်းဆက်၊ ပင်းယမင်းဆက်၊ စစ်ကိုင်းမင်းဆက်၊ အင်းဝ မင်းဆက်၊ တောင်ငူမင်းဆက်၊ ညောင်ရမ်းမင်းဆက်၊ ကုန်းဘောင် မင်းဆက်နဲ့ အင်္ဂလိပ်နယ်ချဲ့ ကိုလိုနီအောက် ကျရောက်ပြီးနောက် တို့ဗမာအစည်းအရုံး၊ ဖ.ဆ.ပ.လ ရဲ့ နိုင်ငံရေးအမွေဆက်ခံသူလို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ ရနိုင်ပါတယ်။
ကိုလိုနီခေတ်မတိုင်ခင် ဗမာမင်းဆက်တွေအနေနဲ့ ဗမာ့နိုင်ငံရေးရဲ့ ဘိုးဘေးတွေ ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းစရာမလိုပေမဲ့ ၊ ကိုလိုနီလက်အောက်ခံကာလတွင်းနှင့် လွတ်လပ် ရေးရပြီး နောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ တို့ဗမာအစည်းအရုံး၊ ဖ.ဆ.ပ.လ တို့ဟာ ဗမာ့နိုင်ငံရေးကို ကိုယ်စားပြု သလားဆိုတာ အငြင်းပွားစရာအချို့ရှိပါတယ်။
ပင်လုံစာချုပ်ချုပ်ဆိုစဉ်မှာ သခင်အောင်ဆန်းဟာ ဗမာ နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ လက်မှတ်ရေးထိုးခဲ့တာဖြစ်တဲ့အတွက် ဖ.ဆ.ပ.လ ဟာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းမဟုတ်ဘဲ ဗမာနိုင်ငံရေးအဖွဲ့အစည်းဖြစ်ပါတယ်။
သို့ပေမဲ့ လွတ်လပ်ရေးရပြီး ၁၉၄၇ ဖွဲ့စည်းပုံအရ အစိုးရဖွဲ့စည်းပြီးနောက်ပိုင်းမှာ ဖ.ဆ.ပ.လဟာ ဗမာနိုင်ငံရေးအခြေပြုအဖွဲ့အစည်းကနေ ပြည်ထောင်စုကိုယ်စားပြု အဖွဲ့အစည်းအဖြစ် နိုင်ငံရေး ရပ်တည် ချက် ပြောင်းလဲခဲ့တာကြောင့် ဗမာ့နိုင်ငံရေးအဖွဲ့အစည်း ပျောက်ဆုံးခဲ့ရပါတယ်။
သို့သော်လည်း ဖ.ဆ.ပ.လ ၏ နိုင်ငံရေးရပ်တည်ချက်၊ အသွင်သဏ္ဍာန်သည် ဗမာအမျိုးသားရေးအပေါ်တွင်သာ အခြေပြုပြီး၊ လူမျိုးပေါင်းစုံ အမျိုးသားရေးအပေါ် အခြေပြုခြင်းမရှိကြောင့် ဖ.ဆ.ပ.လ ဟာ ဗမာ့နိုင်ငံရေး အဖွဲ့အစည်းလား၊ ပြည်ထောင်စု အဖွဲ့အစည်းလားဆိုတာကို ပြတ်ပြတ်သားသားမပြောနိုင်ပေ။ သမိုင်း ကြောင်း အရ ဖ.ဆ.ပ.လ နိုင်ငံရေးကို ဦးနေဝင်းဦးဆောင်တဲ့ စစ်တပ်က အမွေခံတယ်လို့ ပြောနိုင်သလို၊ မဟုတ်ဟု လည်း ငြင်းချက်ထုတ်နိုင်ပါတယ်။
မဟုတ်ပါက ဖ.ဆ.ပ.လ ရဲ့ နိုင်ငံရေးကို အမွေခံ အဖွဲ့အစည်း မရှိလို့ ပြောလို့ ရနိုင်ပါတယ်။ ဦးနေဝင်းစစ်တပ်က အမွေခံတယ်ဆိုတဲ့ ရှုထောင့်က ကြည့်မည်ဆိုလျှင် လက်ရှိ မင်းအောင်လှိုင်စစ်တပ် သည် တပိုင်းတစ အမွေခံထားသော အဖွဲ့အစည်းဖြစ်တယ်ဟု ပြောနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ နိုင်ငံရေးသည် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုကြောင်း ဖော်ပြထားပေမဲ့ ဗမာကို အဓိက ကိုယ်စားပြုတယ်လို့ ပြောနိုင်ပါတယ်။ သို့ပေမဲ့ ဗမာ့နိုင်ငံရေး အခြေပြု အဖွဲ့အစည်း အနေနဲ့ ရှုမြင်လို့ မရနိုင်ပါဘူး။
ထို့ကြောင့် အုတ်ရောရောကျောက်ရောရော ဖြစ်နေတဲ့ ဗမာ့ နိုင်ငံရေး အမွေဆိုးကြီးကို ဖျက်သိမ်း၍ အသစ်တဖန် အသစ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ မဟုတ်ပါက ဗမာလူမျိုးတွေအနေနဲ့ ဆိုးမွေရဲ့ အရိပ်မည်းကြီးကို တသက်လုံး ခံနေရမှာ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါအုံးမည်….။