အတွေးအမြင်

သူ့အတွေးသူ့အမြင် | လျှို့ဝှက်တွေ့ဆုံမှုနှင့် တရုတ်သဘောထား

လျှို့ဝှက်တွေ့ဆုံမှုနှင့် တရုတ်သဘောထား
 
– ဝင်းမျိုးသူ | သူ့အတွေးသူ့အမြင်
 
၂၀၀၀ခုနှစ်ပြည့်ကျော်တုံးက တရုတ်ပညာရှင်တွေက Political Economic Analysis PEA တွေလုပ်ကြပြီး မြန်မာပြည်မှာ စစ်တပ်ရဲ့နိုင်ငံရေးအခန်းကဏ္ဍကို အလွန်အကျွံခန့်မှန်းကြပြီး ရေရှည်စီးပွါးရေးမြှုပ်နှံမှုကို လုပ်လာကြတယ်။
 
စစ်တပ်က ဗိုလ်ချုပ်တွေက သူတို့ကို မကြိုက်မှန်းသိပေမဲ့ လွန်ဆန်လို့လည်း မရဘူးဆိုပြီး အပိုင်တွက်ကာ အပေါ်စီးကပဲ ဆက်ဆံပြုမူကြတယ်။ ၂၀၁၁ နိုင်ငံရေးအခင်းအကျင်းပြောင်းသွားပြီး စစ်တပ်ဗိုလ်ချုပ်ဟောင်းသမ္မတက မြစ်ဆုံကို လှန်လိုက်တော့ သူတို့ shock ရသွားတယ်။
 
အဲ့နောက်ပိုင်း တရုပ်ရင်းနှီးမြှုပ်နှံမှုတွေ တုန့်ဆိုင်းသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာတော့ တရုပ်ပြည်ကို အလေးထားဆက်ဆံမှုကြောင့် သူတို့ အမြင်တွေ တမျိုးပြောင်း လာတယ်။
 
အနောက်နိုင်ငံတွေ ဩဇာငြောင်းပြီးတရုပ်ကို ဆန့်ကျင်မယ်လို့မျှော်လင့်ခဲ့ပေမဲ့ အနောက်နဲ့ ဆက်ဆံ ရေးကလည်း ရိုဟင်ဂျင်အရေးနဲ့ပတ်သက်ပြီး အေးခဲသွားသလို တရုပ်စီမံကိန်းတွေ အပေါ်အကာ အကွယ်ပေးခဲ့မှုကြောင့် ဒီမိုကရေစီအစိုးရလက်ထက်အောက်မှာ တရုပ်မြန်မာ ဆက်ဆံရေးဟာ
လူထု နဲ့မကြည်ဖြူတဲ့ သူတို့ကိုလည်းမနှစ်သက်တဲ့ မနိုင်လို့အောင့်ကာပေါင်းနေရတဲ့ စစ်တပ်
အစိုးရ လက်ထက်တုံးက ဆက်ဆံရေးထက်ပိုမို ကောင်းမွန်တယ်၊ တည်ငြိမ်တယ် ဆိုတဲ့အမြင်တွေ တိုးပွါးခဲ့ပုံရပါတယ်။
 
အထူးသဖြင့် တရုပ်သမ္မတ ရှီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ အမြင်ကြည်လင်ပြီး တန်းတူဆက်ဆံရေးထားရှိတာကို ကြည့်ခြင်းအားဖြင့် NLD ဒီမိုကရေစီအစိုးရကို အတိုင်းအတာ တခု အထိ နိုင်ငံရေးအရ လက်ခံစဉ်းစား ပြုမူဆောင်ရွက်မှုတွေရှိတယ်လို့ ယူဆလို့ရပါတယ်။
 
ဒေါ်စု အုပ်ချုပ်မှုအောက်မှာ တရုပ်လူမျိုးမုန်းတီးရေးကြီးထွားမှု anti-China sentiment ကို ကြီးထွား မလာအောင် ထိန်းထားလို့ရတာကိုလည်း သဘောပေါက်ပုံရပါတယ်။
 
မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ တရုပ်ကွန်မြူနစ်ပါတီရဲ့ညီလာခံ မှာ ကမ္ဘာနှင့်တဝှမ်း တိုးပွါး လာတဲ့ တရုတ်မုန်းတီးရေးအမြင်မကြည်လင်မှုတွေလျော့ပါးသွားအောင် ဆောင်ရွက်ရေး ကို အရေး တကြီး ပါတီလုပ်ငန်းစဉ်အဖြစ်ချမှတ်ထားခြင်းကို ကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် လက်ထက်တုံးကလို ကောင်းမွန်တဲ့ သံတမာန်ဆက်ဆံရေး ထူထောင်ထားရှိနိုင်ရေးဟာ တရုပ်ပြည်ရဲ့ နိုင်ငံရေးလိုအပ်ချက်ဖြစ်ပါတယ်။
 
စိတ်မချရတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံနေရပြီး ပထဝီဝင်နိုင်ငံရေးအရ မြန်မာပြည် အနောက် လွှမ်းမိုးမှု မကြီးစိုးလာရအောင် စစ်အစိုးရအပေါ်ကြလာတဲ့နိုင်ငံတကာဖိအားပေးမှုတွေကို တရုပ်က ဒိုင်ခံအကာအကွယ်ပေးနေရတာကလည်း တရုပ်အတွက်မသက်မသာ ရှိလှပါတယ်။
 
ဒီလိုလုပ်ပေးနေရတာဟာ တရုပ်မုန်းတီးရေးကို မီးလောင်လေပင့် ပိုကြီးထွားလာအောင်၊ လုပ်ပေး နေသလို ဖြစ်နေတာကလည်း လက်ရှိ တရုပ်ကွန်မြူနစ်ပါတီရဲ့ မူဝါဒအလေးပေးမှုတွေကို ဖီလာ ဆန့်ကျင်လုပ်နေသလိုလည်းဖြစ်နေပါတယ်။
 
သို့သော် လက်တွေ့နိုင်ငံရေးဟာ စာရွက်ပေါ်က မူဝါဒတွေနဲ့လည်းကွာခြားတတ်ပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို လက်ခံပေမဲ့လည်း တရုပ်စီမံကိန်းတွေ ရှေ့တိုးလုပ်ဖို့ တရုပ်ဖက်ကတောင်းဆိုတဲ့အခါ မြန်မာဖက်က တုန့်ဆိုင်းဆိုင်းလုပ်နေတာကို တရုပ်ဖက်က သိပ်အား မရလှပါဘူး။ ဒီမိုအစိုးရဟာ လုပ်ရည်ကိုင်ရည်မရှိဘူး စီမံခန့်ခွဲနိုင်မှုစွမ်းဆောင်ရည် efficiency နည်း တယ်လို့ တရုပ်ဖက်ကမြင်ကြပါတယ်။
 
တရုပ်အစိုးရထဲမှာလည်း နိုင်ငံရေးအမြင်ကျယ်သူ နိုင်ငံတကာဆက်ဆံရေးကို ကမ္ဘာကြည့် ကြည်မြင် ကာ ဆောင်ရွက်တတ်သူတွေရှိသလို အများစု နိုင်ငံရေးသမားနဲ့ အစိုးရဗျူယိုကရက်တွေ က မျိုးချစ် နိုင်ငံရေးစိတ်ရှိသူတွေဖြစ်ကြပါတယ်။
 
တချို့လည်း ကိုယ်ကျိုးစီးပွါးအဂတိမကင်းသူတွေရှိပါလိမ့်မယ်။ ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် အစိုးရကို မကြိုက်နှစ်သက်သူတွေလို့ ဆိုလို့ရပါတယ်။ သူတို့ဟာ ဒီမိုကရေစီစနစ်ကို လက်မခံသူတွေ လည်းဖြစ်ပါတယ်။ စီးပွါးရေးကသာ ပဓါန၊ တရုပ်လူမျိုးတွေသာ ကမ္ဘာမှာဦးဆောင်လူမျိုးကြီး ဖြစ်ရ မယ်ဆိုတဲ့ အတွေးအခေါ်အားသန်သူတွေဖြစ်ကြပါတယ်။
 
ဒါကြောင့်မို့လို့ မြန်မာပြည် ၂၀၂၁ ဖေဖေါ်ဝါရီလမှာ SAC ပေါ်ပေါက်လာတဲ့အခါ တရုပ်ပြည်ရဲ့တုန့်ပြန် မှုက မပြတ်မသားဖြစ်နေပါတယ်။ ဒီမိုအစိုးရဘက်က မရပ်သလို စစ်တပ်ဖက်ကလည်း လုံးလုံး လျား လျား ထောက်ခံနေတာမျိုးမရှိပါဘူး။ တဖက်မှာလည်း geopolitics အရ အနောက်နိုင်ငံတွေ ရဲ့ဩဇာ မြန်မာပြည်တွင်း မကြီးထွားရေးကို ရည်ရွယ်ပြီး တုန့်ပြန်ဆောင်ရွက်တာကြောင့် ယေဘူယျ အားဖြင့် SAC ကို အလေးသာ ဆက်ဆံသလိုဖြစ်နေတာလည်းဖြစ်ပါတယ်။
 
သို့သော် SAC အတွင်းက အမာခံအင်အားစု တွေက NLD ကို အပြီးတိုင်ချေမှုန်းရေးလုပ်ဖို့ ကြိုးပမ်း လာတဲ့အခါ တရုပ်က ကြားဝင်ရပ်ခံတာကြောင့် ပါတီဖျက်သိမ်းရေးတွန်းအားပေးမှုဟာ အဖျားရှုးသွား တယ်လို့မြင်ပါတယ်။
 
တရုပ်ရဲ့ သဘောထားကို အကဲခတ်ရတာကတော့ မြန်မာပြည်မှာ စစ်တပ်ကလုံးလုံးလျားလျားကြီးစိုးတဲ့ အစိုးရတရပ် ရှိခြင်းကသူ့အတွက်ပြသနာပိုများတာမို့ အရင်ကလိုပဲ ၂၀၀၈ ခြေဥအောက်မှာ ဖားတပိုင်း ငါးတပိုင်းဒီမိုအစိုးရ ရှိခြင်းကို ပိုလိုလားပုံရပါတယ်။
 
ဒါမှ သူ့ရဲ့ဩဇာနဲ့ အကျိုးစီးပွါးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ထားပုံရပါတယ်။
 
ဒီအယူအဆအောက်မှာ SAC ပေါ်လာခြင်းဟာ တရုပ်အတွက် ခေါင်းအနည်းငယ်ရှုပ်ရသော်လည်း မြန်မာပြည်တွင်း ဒီမိုကရေစီအင်အားစုတွေ ခေါင်းမထောင်လာရေးအတွက်အကျိုးရှိသလို၊ တရုပ်အပေါ်စီးပွါးရေးအရပိုမှီခိုရခြင်း၊ နယ်စပ်ကုနသွယ်ရေးမှာ တရုပ်ကုနသည်တွေစိတ်တိုင်းကျ ချယ်လှယ်နိုင်ခွင့်ရှိခြင်း၊ တရုပ်အလိုရှိတဲ့စီမံကိန်းကြီးတွေသွက်သွက်လက်လက်မြန်မြန်ဆန်ဆန် လိုင်စင်ရပြီး ပွဲလန့်တုံးစိတ်ကြိုက်ဖျာခင်းနိုင်ခွင့်ရခြင်း၊ အိန္ဒိယနဲ့ဂျပန်ရဲ့ အပြိုင် စီးပွါးရေးလွှမ်းမိုးမှု ဆောင်ရွက်လာနေမှုကို အရှိန်ကျသွားစေခြင်း၊ အာဆီယံ အတွင်းအက်ကြောင်းပိုထပြီး တရုပ်ကပိုလွှမ်းမိုးနိုင်ခြင်း အစရှိတဲ့ အားသာချက်တွေရှိတယ်လို့တရုပ်က ရှုမြင်ပုံရပါတယ်။
 
တနည်းအားဖြင့် တရုပ်ရဲ့သံတမာန်ရေးတုန့်ပြန်မှုတွေကို ခြုံငုံသုံးသပ်ရရင် ပီကင်းက ထိပ်တန်း နိုင်ငံရေးသမားတွေအလိုဆန္ဒနဲ့ပါတီမူဝါဒအရ မြန်မာအရေးဆောင်ရွက်လိုတဲ့ပုံစံနဲ့ လက်တွေ့ အောက်ခြေ အကျိုးစီးပွါးရှေ့တန်းထားလိုသူဒီမိုကရေစီ မုန်းတီးသူအကောင်အထည် ဖော်ဆောင် ရွက်ရသူတွေရဲ့ ပုံဖော်နေတဲ့ ပုံစံ နှစ်ခုဟာရောပြွန်း လို့နေပါတယ်။
 
မကြာသေးခင်က NLD ပါတီဝင်တချို့ ဒေါ်အောင်ဆန်းစုကြည် သွားတွေ့တယ်ဆိုတဲ့ကိစ္စဟာ တရုပ်ရဲ့ ထောက်ပံမှု အများကြီးပါတယ်လို့ယူဆစရာရှိပါတယ်။
 
တရုပ်ဟာSAC လုပ်မဲ့ရွေးကောက်ပွဲမှာ NLD ကို ပါစေခြင်ပုံရပါတယ်။ သူမြင်လိုတဲ့ အနာဂါတ် ဖားတပိုင်းငါးတပိုင်း အရပ်သားဒီမိုကရေစီ အစိုးရမှာ NLD ဆက်ပါနေမှ နိုင်ငံတကာဖိအားကို လျှော့ချနိုင်မှာဖြစ်သလို တရုပ်မုန်းတီးမှု မကြီးထွားရေးကို လည်း ဆက်လက်လုပ်ဆောင်နိုင်မယ်လို့တွက်ထားပုံရပါတယ်။
 
သွားတွေ့တဲ့ NLD အဖွဲ့ဝင်တွေဟာ တရုပ်ပြည်ကတာဝန်ရှိသူတွေနဲ့ အပြန်အလှန် ဆက်သွယ် ဆောင် ရွက် နေတယ်၊ တရုပ်ပြည်အထိတောင်သွားလာပြောဆိုကြတာတွေရှိတယ် ကြားသိရပေမဲ့ မှန်မမှန် အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။
 
Myanmar Now ကရေးသားရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလူတွေရဲ့တောင်းဆိုချက်ကို ငြင်းဆန် လိုက်တယ်လို့ ဆိုတာလည်း မှန်မမှန်ကာယကံရှင်တွေပဲသိနိုင်မှာဖြစ်ပါတယ်။
 
တကယ်လို့ ဒီအချက်က မှန်တယ်လို့ ယူဆရရင် အာဆီယံရဲ့ ဆောင်ရွက်ချက်တွေအပေါ် ဒေါ်အောင် ဆန်းစုကြည်ရဲ့သတင်းစကားကို အကြိုပါးလိုက်တာ လို့ဆိုနိုင်ပါတယ်။
 
အာဆီယံကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ SAC ကို အသဲအသန်တောင်းခံ နေသလို တွေ့ခွင့်ရရင်လည်း SAC နဲ့ ညှိုနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်နေပုံရပါတယ်။ ဒါဟာအရေမရအဖတ်မရ ဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။
 
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရလဒ်ကို အသိအမှတ်ပြုပြီး ရွေးကောက်ခံလူထု ကိုယ်စားလှယ် တွေကိုပဲ အာဏာပြန်လွှဲဖို့ နှင့် လက်ရှိဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိုချက်ခြင်းပြန်လွှတ် ပေးဖို့ကို ပဲ တစိုက်မတ်မတ်တောင်းဆိုမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
 
ကျန်ဘာအချက်ကိုမှလည်း အလျှော့အတင်းပြု နိုင်ငံရေးညှိုနှိုင်းမှု လုပ်မှာ မဟုတ်ဘူးလို့ Myanmar Now ကတက်လာတဲ့ သတင်းကိုကြည့်ပြီး ခန့်မှန်းလို့ရပါတယ်။ ဒီတောင်းဆိုမှုဟာလည်း SAC ဖက်က လက်ခံနိုင်စရာမရှိဘူးလို့ထင်ပါတယ်။
 
ဒါကြောင့် အာဆီယံရဲ့ 5 point consensus နိုင်ငံရေးစေ့စပ်ညှိုနှိုင်းရေးမူဟာ လူထုကလည်း မထောက်ခံသလို လူထုခေါင်းဆောင်ကလည်း မထောက်ခံတဲ့အတွက် အလုပ်ဖြစ်စရာ ကို မရှိပါဘူး၊ SAC အနေနဲ့လည်း NLD မပါတဲ့ ရွေးကောက်ပွဲ ကို လုပ်ကောင်းလုပ်မှာ ဖြစ်ပေမဲ့ တရုပ်ထောက်ခံမှု ရနိုင်စရာ အကြောင်းမရှိဘူးလို့မြင်ပါတယ်။
 
သို့သော် တရုပ်ထုံးစံအရ ၂၀၂၃ ရွေးကောက်ပွဲအရတက်လာမဲ့ အမည်ခံအရပ်သားအစိုးရကို ဆက် လက် ဆက်ဆံကောင်းဆက်ဆံနေမှာ ဖြစ်ပေမဲ့ သံတမာန်ရေးအရတော့ အေးခဲနေဦးမယ် ထင်ပါတယ်။ ရုရှားဖက်ကို ပိုယိမ်းနေတဲ့ SAC ကလည်း ဒါကိုဂရုစိုက်မယ်မထင်ပါဘူး။ အာဆီယံကလည်း ခုလိုပဲ အီလည်လည်နဲ့ ဟိုလိုလို ဒီလိုလိုဖြစ်နေဦးမှာပါ။
 
SAC အနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲ ကို ကျင်းပပြီး သူတို့သွားလိုတဲ့ နိုင်ငံရေးပုံစံ အတိုင်း ဘယ်သူ အသိအမှတ်ပြုပြုမပြုပြု သွားဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပုံရပါတယ်။ နိုင်ငံရဲ့ နိုင်ငံရေး၊စီးပွါးရေး၊ လူမှုရေး အခြေအနေအရပ်ရပ်ဟာ အဆိုးဆုံးအနေအထားကို ရောက်သွားပြီမို့ ဘာလာလာ မှုမဲ့ ပုံလည်း မပေါ်တော့ပါဘူး။
 
တခုပဲ ရှိတာက ၂၀၂၃ ရွေးကောက်ပွဲ အရတက်လာမဲ့ အစိုးရဟာ သူတို့မျှော်လင့်တဲ့ အတိုင်းမဖြစ်နိုင် ဘူးလို့ သူတို့ယူဆရင်တော့ ၂၀၀၈ ကို ဖျက်သိမ်းပြီး စစ်အုပ်ချုပ်ရေးနဲ့ ခရီးဆက်မယ်လို့ထင်ပါတယ်။ ဒါတွေအတွက် အဓိက အရေးကြီးဆုံးကတော့ ငွေပါပဲ။
 
ဆက်လက်အုပ်ချုပ်လုပ်ကိုင်ဖို့ ငွေနဲ့လက်နက် ရှိနေမယ်ဆိုရင် သူတို့လျှောက်ခြင်တဲ့ လမ်းသူတို့ ရွေးလျှောက်မှာပါ။ ကျန်တာတွေကို ဘာမှထည့်တွက်မှာ မဟုတ်ဘူးထင်ပါတယ်။

Related Articles

Back to top button