တိုင်းရင်းသားများသတင်း

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးမှုဟာ ကချင်တမျိုးသားလုံးကို ရန်စစော်ကားတာလို့ World Kachin Congress ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၇

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက ပြည်ပထွက်ခွင့်ပိတ်ပြီး ဖမ်းဆီးထားမှုဟာ ကချင်တမျိုးသား လုံးကို အလွန်အကျူး ရန်စစော်ကားခြင်း ဖြစ်သလို ထပ်မံ စစ်ကြေညာရာ ရောက် တယ်လို့ World Kachin Congress က ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ၏ ယခု လုပ်ရပ်ဟာ လူမျိုးရေးနှင့် ဘာသာရေး စစ်ပွဲဆီသို့ ဦးတည်စေရန် တမင်ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်တာ ဖြစ်ပြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေး ရမယ် လို့လဲ World Kachin Congress က တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ယခုလို ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြောင်းပြချက်မရှိ အပြစ်မဲ့ ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကချင်တမျိုးသားလုံး လွန်စွာ စိတ်ဒေါသဖြစ်ရပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မိတ်ဆွေ ၂ ဦးနှင့်အတူ ပြည်ပသို့ ဆေးကုသမှုပြုလုပ်ထွက်ခွာရန် မြစ်ကြီး နားမြို့မှ မန္တလေးမြို့သို့ လေကြောင်းခရီးဖြင့် ရောက်လာစဉ် စတင် ဖမ်းဆီးခံခဲ့ရတာပါ။

၁ ညကြာ မန္တလေး တွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် စစ်ကောင်စီက ပြန်လည်လွှတ်ပေးတယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်တွေ့တွင်မူ ဆက်လက် ဖမ်းဆီးထားခံရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီး ထိန်းသိမ်းထားသည့်ကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန်ထိ သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

Related Articles

Back to top button