ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၄
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာအနီး အင်အား များစွာဖြင့် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီ ကာကွယ် ရေး ပူးပေါင်းတပ်တို့ကြား ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့ နံနက်ပိုင်း ၉ နာရီခန့်ကစပြီး တနေ့လုံး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ သေဆုံး၊ လက်နက် ခဲယမ်းများလည်း သိမ်းဆည်း ရတယ်လို့ သိရပါတယ်။
“တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး (၁)ဦး ၊ တပ်ကြပ် (၂)ဦး ၊ တပ်သား (၁)ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့ကာ MA-1 သေနတ် (၄)လက် ၊ MA -3 သေနတ် (၂)လက် ၊ MA-4(79)တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး (၁)လက် ၊ RPG (၁)လက် ၊ (၆၀)မမ စိန်ပြောင်း (၂)ပြောင်း ၊ ကွန်ပျူတာ (၁)လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်း ပစ္စည်းများ ၊ အသုံးအဆောင် အချို့တို့အား သိမ်းဆည်းရမိခဲ့တယ်”လို့ KNDF က ထုတ်ပြန်ပါတယ်။
ဒေါကမီးကျေးရွာအနီး တိုက်ပွဲမှာတော့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြတဲ့ KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် KA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။
ထိခိုက်မှုကြီးမားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ နှစ်ဖက်တိုက်ပွဲအတွင်း ဒီးမော့ဆိုအခြေစိုက်တပ်များမှ လက်နက် ကြီးများဖြင့် အဆမတန် ပစ်ကူပေးခဲ့သလို ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် (၃)ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ညနေ (၉း၀၀)နာရီခန့်တွင်လည်း တိုက်လေယာဥ်ဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါကမီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ထိခိုက်သေဆုံးမှု များပြားခဲ့တဲ့ စစ်ကောင်စီ တပ်ရင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ပြည်သူ (၄၀)ကျော်အား မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုအား ကျူးလွန်ခဲ့တဲ့ တပ်မ(၆၆) လက်အောက်ခံ ခမရ(၁၀၈) ဓနုဖြူ အခြေစိုက် တပ်ရင်းလည်းပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောသို့မှာလည်း နှစ်ဖက် စစ်ရေးတင်းမာမှု ဖြစ်နေပြီး စစ်ကောင်စီတပ်က အင်အားများစွာဖြင့် စစ်ကြောင်းများ ပြန်ထိုးလာမည့် အခြေနေဖြစ်၍ အဲဒီကျေးရွာများအနီး ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြသေးဖို့ KNDF က သတိပေး ထုတ်ပြန်ထားပါတယ်။