သတင်း

ဒီးမော့ဆိုမှာ စွန်ခွာခဲ့ရတဲ့ တပ်စခန်းများကို ပြန်လည်ရရှိဖို့ စစ်ကောင်စီက မြေပြင်၊ ဝှေဟင် အင်အားသုံး တိုက်ခိုက်လာ

ဓါတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၄

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကြာဖူးဒေါးကျေးရွာအပါအဝင် အင်အားအလုံးအရင်း စစ်ကြောင်း (၃)ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့တို့ကြား ယမန်နေ့ ဒီဇင်ဘာ (၃)ရက်နေ့က တစ်နေကုန်နီးပါး ခုခံတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အခုလို အင်အားများစွာဖြင့် စစ်ကြောင်းထိုးလာတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ဒီးမော့ဆို မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတချို့ စွန့်ခွာလိုက်ရတာကြောင့်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်ထဲက သေးဆူလဲစခန်းအပြင် ကုန်းသာကျေးရွာရှိ သေးဆူလဲ၊ ပူဖားနှင့် ဒေါကမီးတို့မှာ တပ်စွဲထားတဲ့ တပ်စခန်းတို့ကို စွန့်ခွာထွက်ပြေးသွားကြတာပါ။

ကြာဖူးဒေါး နှစ်ဖက်တိုက်ပွဲမှာတော့ နှစ်ဖက်ထိခိုက်မှု ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့ဝင် ရဲဘော်(၂)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အလားတူ စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက် သေဆုံးမှုများနိုင်ပြီး အသေးစိတ်ကို စီစစ်နေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် တိုက်ပွဲတွင်း စစ်ကောင်စီတပ်ဖွဲ့ဟာ ထိခိုက်မှုကြီးမားနေတာကြောင့် ငွေတောင်ခြေစိုက် ခလရ(၁၀၂) တပ်ရင်းနှင့် အမတ(၃၅၆) တပ်ရင်းမှ လက်နက်ကြီး တစ်နေကုန် ပစ်ကူပေးခဲ့သလို တိုက်လေယာဉ်(၂)စီးဖြင့် ညနေ(၄)နာရီဝန်းကျင် အချိန်တွင် (၈) ကြိမ် ခန့် ၊ ညနေ(၅)နာရီ အချိန်တွင်(၃)ကြိမ်ခန့် စုစုပေါင်း(၁၁)ကြိမ်ခန့် ဗုံးကြဲပစ်ကူ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDFနှင့် အခြား တော်လှန်ရေး အင်အားစုများ ပူးပေါင်းပါဝင်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတာကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုစိုက်ကြရန် အသိပေး ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button