သုံးသပ်ချက်

ရင်ကြားစေ့ရေးအစွဲလွန်ရောဂါရ နုဂျီအစိုးရ

ရင်ကြားစေ့ရေးအစွဲလွန်ရောဂါရ နုဂျီအစိုးရ

—————————————–

  • ကျော်ကိုကို l သူ့အတွေးသူ့အမြင်

ပြီးခဲ့တဲ့ရက်က နုဂျီရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက အချက်(၅)ချက်လက်ခံရင် စစ်ကောင်စီနဲ့ ညှိမယ်လို့ ပြောပါတယ်။

အချက်(၅)ချက်ထဲမှာ စစ်ကောင်စီဘက်က လက်မခံနိုင်တဲ့ အချက်တချို့တော့ပါနေပါတယ်။ ဥပမာ စစ်တပ်က နိုင်ငံရေးကို လုံးဝစွန့်ခွာရေးတို့၊ (၂၀၀၈)ခြေဥကို လုံးဝဖျက်သိမ်းရေးတို့ပါ။

သို့သော် ညှိမယ်ဆိုတဲ့စကားနဲ့နောက်ကွယ်မှာ ရင်ကြားစေ့မယ်၊ ဆွေးနွေးမယ်၊ အလျှော့အတင်း အပေးအယူ လုပ်မယ် ဆိုတဲ့ တရားကလည်း ကပ်‌ပါနေပါတယ်။

ဒီတော့ ဒူဝါလရှီးလပြောတဲ့ “စကားနောက် တရားပါ”ပုံကို ဝေဖန်ဆန်းစစ်ကြည့်ဖို့ လိုနေပါပြီ။

ရင်ကြားစေ့ရေးဆိုတာ NLD ‌ရဲ့ နိုင်ငံရေးဘဝမှာ အာခံတွင်း အတွေ့ဆုံးကိစ္စပါ။ အခု NUG ထဖြစ်လဲ NLD ငယ်မွေးခြံပေါက်တွေကလည်း ရင်ကြားစေ့ရေးကို အသွေးအသားထဲက လိုလားနေကြတုန်းပဲလို့ ယူဆပါတယ်။

ဘိန်းစားက ဆေးမပြတ်သေးသရွေ့ ယင်းထနေလေ့ရှိသလိုပဲ NUG, NLD တွေကလည်း တဖက်မှာ လက်နက်ကိုင်တိုက်ဖို့ D-Day ခေါ်ထားပေမယ့် တဖက်ကလည်း ရင်ကြားစေ့ဖို့လိုတယ်ဆိုတဲ့ အတွေးကိုယ်စီနဲ့ လည်ပတ်နေကြတာကို တွေ့ရပါတယ်။

လက်တွေ့မကျတဲ့ တွေ့ဆုံဆွေးနွေးရေး

————————————

စစ်အုပ်စုက ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ သတ်ဖြတ်နေတာပါ။ စစ်မြေပြင်ဖြစ်နေတဲ့နေရာတွေမှာလည်း လူသတ်သလို ထောင်ထဲက ကျောင်းသားတွေကိုလည်း သေဒဏ်ပေးဖို့ စိုင်းပြင်းနေကြပါပြီ။

အခုလို စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရရှိအောင် မလုပ်ဆောင်နိုင်ဘဲ စစ်တပ်နဲ့တွေ့ဆုံဆွေးနွေး တာဟာ လက်တွေ့မကျဘူးလို့ပဲ ဝေဖန်ရပါလိမ့်မယ်။

စိတ်ကူးယဉ်ဆန်နေတဲ့ NUG

—————————-

တော်လှန်ရေးကို စိတ်ဆန္ဒစွဲနဲ့ လုပ်လို့မရပါဘူး။ တော်လှန်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်မချခင် ပကတိအခြေအနေ တွေကို သေချာသုံးသပ်ရပါလိမ့်မယ်။ပကတိအခြေအနေတွေ မပြည့်စုံခင်မှာ D-Day ကြေညာခဲ့တာရော၊ တော်လှန်ရေး အရှိန်တက်ခါစမှာ ဆွေးနွေးဖို့ သဘောထားပေးတာရောကြည့်ရင် NUG ဟာ wishful thinking တွေနဲ့ အလုပ်လုပ်နေတာကို တွေ့မြင်နေရပါတယ်။

မဟာဗျုဟာမဲ့တဲ့ အစိုးရ

———————–

ပိုဆိုးတာက NUG မှာ ‌တိကျတဲ့ တော်လှန်ရေးလမ်းစဉ်နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ရှိပုံမရပါဘူး။ အခု ချမယ်ပြောလိုက်၊ အခု ဆွေးနွေးမယ်ပြောလိုက်နဲ့ “တောရမ်းမယ်ဘွဲ့”ဆန်တဲ့ သဘောထားတွေ ခဏခဏပြောနေတာတွေ တွေ့ရပါတယ်။

ရန်ကုန်၊ မန္တလေးတွေ သိမ်းပိုက်ပြီးရင် လက်နက်တွေ မိုးရွာသလို ကျလာမယ်ဆိုတဲ့ ဝန်ကြီးတပါးရဲ့ ပြောကြားချက်ဟာဆိုရင်လည်း မဖြစ်နိုင်တာကို တောင်းဆိုတဲ့ ကလေးလို “ထမင်းဆီဆမ်းနဲ့ ရွှေလင်ဗန်း”ဆိုတာမျိုး အရမ်းကာရော ပြောကြားချက်တွေဖြစ်နေပါတယ်။

တိကျတဲ့မဟာဗျုဟာ၊နည်းပရိယာယ်တွေ မချမှတ်ဘဲ ဝန်ကြီးတပါးက တမျိုးစီပြောကြားနေတာဟာ အများပြည်သူအတွက် ဝေဝါးစရာဖြစ်လာနိုင်သလို ကိုယ်လုပ်နေတဲ့အလုပ်၊ကိုယ်ရောက်နေတဲ့နေရာမှာ တကယ်လုပ်နိုင်တာရောဟုတ်ရဲ့လားလို့ ယူဆစရာတွေ ရှိလာပါတယ်။

တော်လှန်ရေးဦးဆောင်မှုနဲ့ ထိုက်တန်တဲ့အဖွဲ့အစည်းဖြစ်ရန်လိုအပ်

————————————————————–

NUG အစိုးရဟာ ယခင် ဖဆပလဝန်ကြီးချုပ်ဦးနု တောခိုပြီး အစိုးရဖွဲ့ခဲ့သလို ဟိုမရောက်၊ ဒီမရောက်နဲ့ နောက်ဆုံးနေဝင်းဆီ ပြန်ခိုလှုံ၊လက်နက်ချပြီး ဘာသာရေးယောင်ယောင်၊လူမှုရေးယောင်ယောင်နဲ့ပဲ ပြီးသွားတဲ့ နိဂုံးချုပ်ချက်မျိုးဖြစ်လာမှာကို စိုးရိမ်ရပါတယ်။

ကျနော်ခုလို ပြောတာဟာ ပိဿလေးနဲ့ ဘေးပစ်ထုသလို ဖြစ်နေပေမယ့် ဒူဝါလရှီးလရဲ့ ဆွေးနွေးမယ်ဆိုတဲ့စကားက တော်လှန်ရေးသမားအားလုံးရဲ့ မျှော်လင့်ချက်ကို ဆယ်ပေါင်တူနဲ့ ငယ်ထိပ်တက်ထုသလို ဖြစ်နေတာနဲ့စာရင် ပါးပါးလေးပဲရှိပါသေးတယ်လို့ ပြောချင်ပါတယ်။

Related Articles

Back to top button