ပဲန်ဒိုရာအိုးအဖုံးကို အချိန်မီပိတ်လိုက်နိုင်တဲ့ မိုင်ဂျာယန်မြို့(အပိုင်း ၃ နိဂုံး )
– Dingyau Uma (Gumsan)
ဗိုလ်မှူးကြီးအင်ဘန်လအောင်ဦးဆောင်ပြီးတော့ အဖွဲ့အစည်းအတွင်း အာဏာသိမ်းခဲ့တယ်ဆိုပေမဲ့ ခေါင်းဆောင်ဆိုတဲ့ ဥက္ကဌနေရာကို တန်းမယူခဲ့ပဲ သမိုင်းအစဥ်အလာရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး လမုန်တူးဂျိုင်နဲ့ ဆလန်ကဘာ လညော်ဇောင်းခရားတို့ကို အစဥ်လိုက် ဥက္ကဌနေရာပေးခဲ့ပြီး ဦးဆောင်စေခဲ့ပါတယ်။
သူကတော့ ကေအိုင်အေရဲ့ စစ်ဦးစီးချုပ်ရာထူးကိုသာ ရယူခဲ့ပါတယ်။ဒီရာထူးကိုလည်း ကြာကြာချုပ်ကိုင် ထားခြင်းမရှိပဲ ပဥ္စမမြောက်ဥက္ကဌဖြစ်သူ နိန်ဘော်ကဘာ လညော်ဇောင်းခရား လက်ထက်မှာ ယခုလက်ရှိ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဂွန်ထန်ဂမ်ရှောင်ကို လွှဲပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ ကေအိုင်အိုရဲ့ ဒုတိယဥက္ကဌရာထူးကိုသာ ယူထားခဲ့ပါတယ်။
ဥက္ကဌဖြစ်သူ လညော်ဇောင်းခရား အသက်အရွယ်နဲ့ကျန်းမာရေးကြောင့် အနားယူသွားတဲ့ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှသာ ကေအိုင်အိုဥက္ကဌအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။
သူဦးဆောင်ပြီးတော့ အာဏာသိမ်းခဲ့တဲ့ ၂၀၀၂ ခုနှစ်မှရေတွက်ရင် ၁၆ နှစ်လောက်ကြာတော့မှ ခေါင်းဆောင်ဆိုတဲ့ ဥက္ကဌရာထူးကို ရယူခဲ့တာဟာ သူ့ရဲ့အမျှော်အမြင်ကြီးမြင့်မှုကို ဖေါ်ပြနေခြင်းဖြစ်တယ်လို့ မြင်မိပါတယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော့အနေနဲ့ အရမ်းကာရော ဖါးယားပြီးတော့ မြှောက်ပင့် ပြောဆိုနေခြင်းမဟုတ်ပါဘူး။
ကျွန်တော်ရေးပြခဲ့တဲ့ အကြောင်းအရာတွေဟာ လူတိုင်းသိတဲ့ ဖြစ်ရပ်မှန်လည်းဖြစ်ပါတယ်။လာမဲ့နှစ် (သို့) မကြာမီအချိန်လေးအတွင်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လအောင်လည်း အသက်အရွယ်နဲ့ ကျန်းမာရေးအရ ဥက္ကဌရာထူးမှ အနားယူတော့မယ်လို့ သိရှိရပါတယ်။
မျိုးဆက်သစ်တွေကို မြေတောင်မြှောက်ပေးခဲ့ပြီး အာဏာကို အလုံးစုံဆုပ်ကိုင်မထားပဲ သင့်တော်တဲ့ သူတွေကို သင့်တော်သလို လုပ်ပိုင်ခွင့်နဲ့ အာဏာတွေ ခွဲဝေပေးခဲ့တာကြောင့် သူ့လက်ထက်မှာ အဖွဲ့အစည်းကြီးဟာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်း ဖြစ်ပါတယ်။
အမှန်ကန်ဆုံးလုပ်ရပ်အနေနဲ့ ဒုတိယမျိုးဆက်ဖြစ်သော ဆွမ်လွတ်ဂွန်မော်၊ လဖိုင်ဇော်ရော်၊ မရန်ဇော်တောင်၊ ဝေါ့လောင်ခေါင်လွမ်း စတဲ့တက္ကသိုလ်ပညာတတ်လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ ရာထူးနေရာများ ပေးခဲ့သလို လုပ်ပိုင်ခွင့်တွေလည်း ခွဲပေးခဲ့ခြင်းဖြစ်ပါတယ်။
ယခုအချိန်မှာ ၎င်းမျိုးဆက်တွေဟာ ဗိုလ်မှူးချုပ်နဲ့ အထက် ရာထူးတွေရရှိနေပြီး အဖွဲ့အစည်းကြီးကို ဦးဆောင်နေကြပြီဖြစ်ပါတယ်။ တန်ဖိုးအရှိဆုံး လုပ်ရပ်ကတော့ ပညာရေးနဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်ရမယ်ဆိုတဲ့ခံယူချက်ကို လက်တွေ့အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ပညာရေးကဏ္ဍတိုးတက်လာဖို့အတွက် နားလည် တတ်ကျွမ်းတဲ့ သူတွေကို ဝကွက်အပ်ပြီးတော့ လုပ်ကိုင်စေခဲ့ပါတယ်။
ဒါကြောင့်လည်း ပညာရေးတာဝန်ခံများက ပညာရေးမြို့လေးအဖြစ် သန္ဓေတည်ခဲ့တဲ့ မိုင်ဂျာယန်မြို့လေးကို ပညာရေးအတွက် မရပ်မနားလည်ပတ်စေဖို့ရန်အတွက် ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်သိရ သလောက် ၂၀၁၂ ခုနှစ်(ဒီ့အရင်ကတည်းကလည်းဖြစ်နိုင်ပါတယ်)လောက်ကစပြီး ဗိုလ်ချုပ်ဆွမ်လွတ် ဂွန်မော်ကို ပညာရေးအပိုင်းနဲ့ပတ်သက်ပြီး တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။
ဗိုလ်ချုပ်ဂွန်မော်မှလည်း နားလည်တတ်ကျွမ်းသူတွေနဲ့ ကဏ္ဍအလိုက်အဖွဲ့လေးတွေဖွဲ့ပြီး ပညာရေးဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို မရပ်မနား လုပ်ဆောင်ခဲ့ပါတယ်။ ရလဒ်နဲ့ အသီးအပွင့်တွေ အဖြစ် ဖယ်ဒရယ်ဥပဒေကျောင်း(ဒစ်ပလိုမာ ၂ နှစ်တန်း)ကို ၂၀၁၄ ခုနှစ် ဇွန်လမှာ စတင်ဖွင့်လှစ်ပြီးတော့ မျိုးဆက်သစ်လူငယ်အမြောက်အမြားကို ဥပဒေပညာရပ်များအား နိုင်ငံတကာမှ ဥပဒေရေးရာ ပါမောက္ခဆရာကြီးများဖြင့် သင်ကြားပေးနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ၁၉၉၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဆရာအတတ်သင်ကျောင်းလေးကို ၂၀၀၉ ခုနှစ်တွင် ဆရာအတတ်သင်ကောလိပ်၊ ၎င်းနောက် ၂၀၁၄ ခုနှစ်တွင် မိုင်ဂျာယန်ပညာရေးကောလိပ်အဖြစ် အဆင့်မြှင့်တင်ခဲ့ကြပါတယ်။
ထို့အပြင် အထူးပြုဘာသာရပ် ( ၅ ) ရပ်ဖြစ်တဲ့ အင်္ဂလိပ်စာ၊ နိုင်ငံရေး၊ ကွန်ပြူတာ၊ ဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ဘာသာရပ်တွေနဲ့ အစပြုသင်ကြားပေးခဲ့တဲ့ မိုင်ဂျာယန်ကောလိပ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ယခုအချိန်မှာ အထူးပြုဘာသာရပ်တွေကို ထပ်မံတိုးချဲ့ပြီးတော့ သင်ကြားပေးနေပြီလို့လည်း သိရှိရပါတယ်။ နောက်ပြီးတော့ Institue of Libersl Arts and Sciences, Mai Ja Yang ကောလိပ်ကျောင်းကိုလည်း ၂၀၁၅ ခုနှစ်မှာ ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။၎င်းအပြင် မူလကတည်းကရှိခဲ့သော အသက်မွေးဝမ် းကျောင်းနဲ့ဆိုင်တဲ့ အတတ်ပညာသင်ကျောင်းတွေကိုလည်း အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ကြပါသေးတယ်။
၂၀၁၁ ခုနှစ်မှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ တကျော့ပြန်ပြည်တွင်းစစ်ကာလအတွင်းမှာလည်း မိုင်ဂျာယန်မြို့ အတွင်းရှိ ပညာရေးနဲ့သက်ဆိုင်သောကျောင်းတွေကို ရပ်တန့်ထားခြင်းမရှိစေပဲ ပုံမှန်လည်ပတ်စေခဲ့ပါတယ်။ အမှန်တကယ်တော့ မိုင်ဂျာယန်ဆိုတဲ့ ပညာရေးမြို့လေးဟာ ကေအိုင်အေ တပ်မဟာ( ၃ ) ဧရိယာ အတွင်းမှာ တည်ရှိတယ်ဆိုပေမဲ့ စစ်ရေးစစ်ရာတွေနဲ့ သက်ဆိုင်ခြင်းမရှိပဲ သာမန်အရပ်သားပြည်သူများနေထိုင်ရာ သီးခြားနယ်စပ်မြို့လေးအဖြစ် မူလကတည်းက ရပ်တည်လာခဲ့တဲ့ မြို့ငယ်လေးဖြစ်ပါတယ်။
ဒါကြောင့်လည်း ဖိအားကင်းကင်းနဲ့ ပညာရေးတိုးတက်ဖို့အတွက် စဥ်ဆက်မပြတ်လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအခါ ကျောင်းတိုင်းလိုလို မိမိတို့ကျောင်းအလိုက် ကျောင်းအုပ်ချုပ်ရေးနဲ့ စီမံရေးရာ အဖွဲ့များဖြင့် အနှောင်အဖွဲ့ကင်းကင်းနဲ့ လွတ်လပ်စွာ လည်ပတ်နေကြပြီဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ပညာရေးအတွက်မွေးဖွားလာတဲ့ မိုင်ဂျာယန်မြို့လေးဟာ ၁၉၉၀ ခုနှစ် အကျော်ကာလကတည်းက ပညာရေးအတွက် အုတ်မြစ်ချထားခဲ့တဲ့ မြို့ငယ်လေးဖြစ်ပါတယ်။
ကြားကာလမှာ နိုင်ငံရေးအခြေအနေတွေနဲ့ အခြားသောအကြောင်းအရင်းများစွာတွေကြောင့် ပြည်ပ သတင်းဌာန တွေ ကတောင် မိုင်ဂျာယန်မြို့လေးကို မြန်မာပြည်ရဲ့ ဟောင်ကောင်မြို့ငယ်လေး( Mai Ja Yang, Burma’s Little Hong Kong ) ဆိုပြီးတော့ တင်စားခဲ့ရတဲ့အထိ နာမည်ကျော်ခဲ့ရဖူးပါတယ်။
ဒါပေမဲ့ နာမည် ကောင်းနဲ့မဟုတ်ပဲ ကာစီနိုလောင်းကစားနဲ့ ဒုစရိုက်မှုတွေထူပြောလှတဲ့မြို့အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့ခြင်း ဖြစ်ပါတယ်။ထိုကာလ( ၂၀၀၂ – ၂၀၀၉ )ဟာ မိုင်ဂျာယန်မြို့အတွက် ပဲန်ဒိုရာအိုးအဖုံးကို ဖွင့်လိုက်မိတဲ့ အချိန်ကာလလို့ပြောလို့ရပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေရဲ့ ပြောစကားအရ ၂၀၀၃ – ၂၀၀၆ ကာလဟာ ကာစီနိုရုံတွေနဲ့ မိုင်ဂျာယန်မြို့လေးဟာ အစည်ကားဆုံးဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။ ၎င်းနောက် ၂၀၀၈ – ၂၀၀၉ ခုနှစ်ကာလ အတွင်း မိုင်ဂျာယန်မြို့ထဲရှိ ကာစီနိုရုံတွေနဲ့ ဟိုတယ်အခန်းတွေအပြင် အချို့သော လူနေအိမ်ဆွေကိုပါ အချိန်ပြည့်နီးပါး စစ်ဆေးရေးဝင်ခဲ့ကြရတယ်လို့ဆိုပါတယ်။ ဘာကြောင့်ဆိုတော့ တရုတ်လူမိုက်ဂိုဏ်း တွေဟာ သူတို့တရုတ်လူမျိုးအချင်းချင်း ပြန်ပေးဆွဲကာ ဟိုတယ်အခန်းတွေနဲ့ အိမ်တွေထဲမှာ ဖမ်းဆီး ချုပ်နှောင်ထားတတ်လို့ဖြစ်ပါတယ်။
လူနုံလူအတွေမဟုတ်တဲ့ တရုတ်လူမိုက်ဂိုဏ်းတွေကလည်း သူတို့ပြန်ပေးဆွဲထားတဲ့သူတွေကို အတည်တကျ ချုပ်နှောင်ထားခြင်းမျိုးမဟုတ်ပဲ တနေရာပြီးတနေရာရွှေ့ကာ ပြောင်းထားခဲ့ကြလို့ ကြောင်နဲ့ကြွက် လိုက်တမ်းပြေးတမ်းကစားသလို ရီစရာအဖြစ်မျိုးလည်း ရှိခဲ့ပါသတဲ့။ထိုကာလတွေမှာ မြို့ပြင်ဘက်တောထဲ လူသတ်ပြီးတော့ အလောင်းစွန့်ပစ်ထားလို့ မကြာခဏ အလောင်းကောက်ခဲ့ရတယ်လို့လည်း ကြုံခဲ့ ရသူတွေက ပြောပြခဲ့ပါတယ်။
ပဲန်ဒိုရာအိုးအဖုံး ဖွင့်လိုက်မိလို့ မိုင်ဂျာယန်ဆိုတဲ့ ပညာရေးမြို့လေးဟာ ဆယ်စုနှစ်တခုနီးပါး အမှောင် ဖုံးလွှမ်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကြမ္မာက ပညာရေးနဲ့သန္ဓေတည်ခဲ့တဲ့ မိုင်ဂျာယန်မြို့လေးကို ဒုစရိုက်မြို့တော်အဖြစ် ရပ်တည်ခွင့် မပြုခဲ့ပါဘူး။
ပဲန်ဒိုရာအိုးအဖုံးကို ပြန်ပိတ်လိုက်ဖို့အတွက် တရုတ်အစိုးရကို ဖိအားပေးခဲ့ပါတော့တယ်။ တရုတ်အစိုးရ ကျေးဇူးကြောင့် ပဲန်ဒိုရာအိုးအဖုံးလေး ပိတ်သွားပြီးတဲ့နောက် ၂၀၁၀ ခုနှစ်နောက်ပိုင်းကစလို့ ကေအိုင်အိုနဲ့ ကေအိုင်အေလူကြီးတွေဟာ အခြေအနေမှန်ကို ပြန်လည်သုံးသပ်ပြီးတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်ကြပါတော့တယ်။ ဒါကတော့ ကာစီနိုရုံတွေ ဆိတ်သုဥ်းသွားလို့ တိတ်ဆိတ်ခြောက်သွေ့သွားတဲ့ မိုင်ဂျာယန်မြို့လေးကို ပညာရေးနဲ့ ပြန်လည်အသက်သွင်းပြီးတော့ စည်ကားလာစေဖို့ ဖြစ်ပါတယ်။
လူကြီးတွေရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့အတူ လက်တွေ့အကောင်အထည်ဖေါ်မှုတွေကြောင့် အခြေခံခိုင်မာ ပြီးသား ဖြစ်တဲ့ မိုင်ဂျာယန်မြို့ငယ်လေးဟာ ပညာရေးမြို့တော်အဖြစ်နဲ့ အချိန်တိုလေးအတွင်းမှာ ပြန်လည်သက်ဝင်လှုပ်ရှားလာပါတော့တယ်။
မိုင်ဂျာယန်မြို့ရှိ ပညာရေးကျောင်းတွေဟာ နိုင်ငံတကာရှိ တက္ကသိုလ်ကျောင်းတွေနဲ့လည်း ချိတ်ဆက်ထားတဲ့အတွက် မျိုးဆက်သစ်လူငယ်လေးတွေရဲ့ ပညာရေး ခရီးလမ်းကို ချောမွေ့စေခဲ့ပါတယ်။
ကချင်လူမျိုးများသာမက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသအပါ အဝင် နီးစပ်ရာ မြို့နယ်များမှ လူမျိုးဘာသာမရွေး တက်ရောက်သင်ကြားနိုင်တာကြောင့် အနာဂတ်မှာ လူမျိုးပေါင်းစုံပါဝင်တဲ့ ပညာတတ်လူငယ်များစွာကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ပညာရေးမြို့တော် မိုင်ဂျာယန်မြို့လေး ကျန်းမာပြီးတော့ အသက်ရာကျော်ရှည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
*** ပြီးပါပြီ ***
မှတ်ချက်။ ။ အထက်ပါအကြောင်းအရာများသည် ကျွန်တော့ရဲ့အမြင်နဲ့ အာဘော်သာဖြစ်ပါသည်။ အကောင်းမြင်ဝါဒနဲ့ ရှုမြင်သုံးသပ်ထားခြင်းဖြစ်ပါသည်။လိုအပ်ချက်နဲ့ အမှားအယွင်းများရှိခဲ့ပါက ကျွန်တော့ ရဲ့ ပေါ့လျော့မှုသာဖြစ်ပါကြောင်း ဝန်ခံအပ်ပါသည်။