ပဲန်ဒိုရာအိုးအဖုံးကို အချိန်မီပိတ်လိုက်နိုင်တဲ့ မိုင်ဂျာယန်မြို့(အပိုင်း ၂ )
- Dingyau Uma (Gumsan)
မြန်မာနိုင်ငံအတွင်းရှိ ကချင်လူမျိုးတွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ ခရစ်ယာန်တွေဖြစ်ကြပါတယ်။ ဗြိတိသျှ ကိုလိုနီခေတ်မှာ အမေရိကန်သာသနာပြုအပါအဝင် ဥရောပနိုင်ငံတွေက သာသနာပြုတွေရဲ့ ကျေးဇူးကြောင့် ခရစ်ယာန်ဖြစ်လာကြတဲ့ ကချင်လူမျိုးတွေဟာ ကိုးကွယ်ယုံကြည်မှုအပိုင်းမှာ ယခင်က သာသနာပြုတွေ ချမှတ်ခဲ့တဲ့လမ်းစဥ်နဲ့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း တသွေမတိမ်းနီးပါး လိုက်နာခဲ့ကြပါတယ်။ အထူး သဖြင့် မကောင်းမှု ဒုစရိုက်အလုပ်တွေကို အထူးရှောင်ကြဥ်တတ်ကြပါတယ်။
ဒါကြောင့်မို့ ဟိုယခင်က ကချင်လူမျိုးတွေဟာ ဘယ်လောက်ပဲ စီးပွားရှာရှာ မကောင်းမှုနဲ့စီးပွားရှာဖို့ကို လုံးဝမပြုလုပ်ကြပါဘူး။ ကုန်ကုန်ပြောရလို့ရှိရင် ဝင်ငွေကောင်းတဲ့ အရက်ဘီယာဆိုင်ဖွင့်တာမျိုးနဲ့ အပေါင်ဆိုင်ဖွင့် တာမျိုးကိုတောင် ရှောင်ခဲ့ကြပါတယ်။ အရက်သေစာနဲ့ မကင်းတဲ့လူမျိုးဖြစ်လို့ တပိုင်တနိုင် ရိုးရာဆန်အရက်ချက် တာကလွဲလို့ပေါ့။
ဆိုတော့ မိုင်ဂျာယန်မြို့လေး ကာစီနိုလောင်းကစားရုံတွေနဲ့ စည်ကားလာပြီး ရာဇဝတ်မှုတွေထူပြောလာတော့ ကချင်လူမှု အသိုင်းအဝိုင်းက လူကြီးပိုင်းတွေဟာ အတော်လေးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ သူတို့ ဖြစ်ချင်တဲ့ ကချင်လူမှုအသိုင်းအဝိုင်းကို တည်ဆောက်မဲ့ပုံစံဟာ လောင်းကစားနဲ့ မူးယစ်ဆေးဝါး တွေအပြင် မကောင်းမှုတွေ ကင်းရှင်းပြီး ပညာရေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ပုံစံမျိုး တည်ဆောက်ချင်ကြတာ ဖြစ်ပါတယ်။
ဒါကလည်း အနောက်နိုင်ငံက လူဖြူသာသနာပြုတွေကြောင့် ကချင်လူမျိုးဟာ လူမျိုးမပျောက် ပျက်ပဲ ယခင်ကထက် အဆပေါင်းများစွာ အမြင်ကျယ်လာခဲ့ပြီး ပညာရေးအပိုင်းနဲ့ လူမှုရေးအပိုင်းတွေမှာ တိုးတက် လာခဲ့လို့ ဖြစ်ပါတယ်။ ဒီအစွဲဟာ ခုချိန်အထိ ခိုင်မာနေတုန်းပဲဖြစ်ပါတယ်။တနည်းအားဖြင့် ကချင်လူမျိုး တွေဟာ စစ်မှန်တဲ့ဘုရားကို ရှာဖွေတွေ့ရှိခဲ့လို့ ဘုရားကစောင့်ရှောက်တာလို့လည်း ယုံကြည်နေ ကြပါတယ်။
ယခုတိုင်တည်မြဲနေတဲ့ ကေအိင်အိုနဲ့ ကေအိုင်အေအဖွဲ့အစည်းကြီးကို စတင်ဖွဲ့စည်းတော့ ထိုစဥ်က ဥက္ကဌကြီးဖြစ်တဲ့ ဗိုလ်ချုပ်လထော်ဇော်ဆိုင်းရဲ့ ဖခင်ဖြစ်သူ သင်းအုပ်ဆရာကြီး လထော်ဒူဝါကိုယ်တိုင် ခရစ်ယာန်ထုံးစံနဲ့အညီ ဘုရားသခင်ထံမှာ ဆုတောင်းပြီးတော့ ကောင်းချီးပေးလိုက်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း တရုတ်ကွန်မြူနစ်တွေ တရုတ်နိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်လာပြီး ဗမာပြည်ကွန်မြူနစ် ပါတီကို ထောက်ပံ့တော့ ကချင်တွေကိုလည်း ကွန်မြူနစ်လုပ်မယ်ဆိုရင် အစစအရာရာ ထောက်ပံ့ပေးမယ်လို့ ဂတိပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ခရစ်ယာန်သင်းအုပ်ဆရာကြီးရဲ့ သားတွေဦးဆောင်တဲ့ ကေအိုင်အိုနဲ့ ကေအိုင်အေအဖွဲ့ကြီးဟာ တရုတ်ကွန်မြူနစ်တွေရဲ့ ဆွယ်တရားကို နားမယောင်ခဲ့ပဲ ခရစ်ယာန် နည်းလမ်း ကျကျ ကချင့်နည်းကချင့်ဟန်နဲ့သာ ခရီးဆက်ခဲ့ကြပါတယ်။ ရလာဒ်ကတော့ တရုတ်ကွန်မြူနစ်ဗဟိုရဲ့ သတိထားခြင်းခံခဲ့ရပြီး ကချင်တွေအပေါ် တရုတ်တွေရဲ့တင်းကြပ်မှုတွေကို ယနေ့အထိ ခံလာရပါတော့တယ်။
ကချင်လူမျိုးတွေရဲ့ ၁၉၆၁ ခုနှစ်ကတည်းက ယခုအချိန်အထိ တော်လှန်ရေးကာလတလျှောက် တရုတ်အစိုးရရဲ့ အကူအညီနဲ့ အရေးပေးခြင်းတွေဟာ သူတို့အလိုကို ငြင်းပယ်လိုက်ကတည်းက ထိထိရောက်ရောက် အကူအညီပေးခြင်းမျိုး မရှိတော့ပါဘူး။
ကချင်တွေဟာ သူတို့နည်းလမ်းသူတို့ရှာပြီး အသက်ဆက်ခဲ့ကြရပါတယ်။အနောက်မျှော်ဝါဒနဲ့ နိုင်ငံရေး ခရီးကြမ်းကို ဆက်လျှောက်ခဲ့ကြပေမဲ့ အရှေ့တိုင်းဖက်အထိ လက်တံရှည်ရမှာကို အထူးသတိထားနေတဲ့ အနောက်ကလူတွေကြောင့် ကချင်တွေဟာ သူတို့မျှော်မှန်းသလောက်လည်း ခရီးမပေါက်ခဲ့ကြပါဘူး။
ဒါပေမဲ့ အကျိုးတော့မယုတ်ခဲ့ဘူးလို့ ပြောလို့ရနိုင်ပါတယ်။ အင်တာနက်ခေတ်နဲ့ ကမ္ဘာ့ရွာကြီးဖြစ်သွားတော့ ကမ္ဘာကြီးက ကချင်လူမျိုးအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားက လူမျိုးစုငယ်တွေရဲ့အရေးကို အလေးထားလာ ကြလို့ဖြစ်ပါတယ်။
မိုင်ဂျာယန်အကြောင်းကို ပြန်ဆက်ရလို့ရှိရင် တရုတ်အစိုးရက မိုင်ဂျာယန်ပြဿနာကို ကိုင်တွယ် ဖြေရှင်း လိုက်တဲ့အတွက် မိုင်ဂျာယန်မြို့လေးဟာ နဂိုကတည်းက သူ့ရဲ့သန္ဓေဖြစ်တဲ့ ပညာရေး မြို့တော်အဖြစ် ပြန်လည်တည်ထောင်ဖို့အတွက် လမ်းစပြန်ရခဲ့ပါတယ်။ ဒီလိုဖြစ်သွားတာကိုပဲ ကချင်လူမျိုးတို့ရဲ့ လူကြီးပိုင်း တွေက သဘောကျနေကြပါတယ်။
သူတို့ရဲ့စကားနဲ့ ပြန်ပြောရမယ်ဆိုရင် ဘုရားသခင်က ကချင်လူမျိုးတွေကို ပျက်စီးဖို့လမ်းကြောင်းကနေ ကယ်တင်ပေးလိုက်ပြီလို့ ပြောလို့ရပါတယ်။ ကာစီနိုရုံတွေ ရပ်ဆိုင်းသွားရတဲ့အတွက် ဝင်ငွေမရှိတော့လို့ ကေအိုင်အိုနဲ့ ကေအိုင်အေလူကြီးတချို့ ဝမ်းနည်းခဲ့ကြပေမဲ့ ကချင်လူထုကြီးကတော့ ပျော်ရွှင်နေခဲ့ကြ ပါတယ်။ သူတို့မျှော်လင့်သလို ဖြစ်လာလို့ဖြစ်ပါတယ်။
အကောင်းမြင်ဝါဒအပြင် ခရစ်ယာန်ယုံကြည်ခြင်းအရ ပြောရမယ်ဆိုရင် မူလကတည်းက ပညာရေး မြို့တော်ဖြစ်လာဖို့ ရူပါရုံရထားတဲ့ မိုင်ဂျာယန်မြို့လေးအတွက် ပညာရေးအဆောက်အအုံတွေကို သမားရိုးကျနည်းနဲ့ မရနိုင်မှန်းသိတော့ ဘုရားက ကာစီနိုနဲ့ မျှားခဲ့ခြင်းဖြစ်ပါတယ်။နောက်ပြီးတော့ လူအများရဲ့အာရုံကို ဖမ်းစားနိုင်ဖို့အတွက် ကာစီနိုမြို့အဖြစ် ခဏသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။
အခြေခံအဆောက်အအုံတွေနဲ့ လူဦးရေအနေအထားကို မြို့ပြအနေအထားအထိ ဖြစ်လာပြီဆိုတော့မှ သူ့ရဲ့နဂိုရည်မှန်းချက်ဖြစ်တဲ့ ပညာရေးမြို့တော်တည်ဆောက်ရေးကို အစပြန်ပျိုးပေးလိုက်ပါတော့တယ်။ ဒါဟာ ကျွန်တော့ရဲ့ အကောင်းမြင်ဝါဒနဲ့ မြင်မိတဲ့အမြင်သာဖြစ်ပါတယ်။ တခြားအကြောင်းအရင်း တွေရှိနိုင်ပေမဲ့လည်း ကျွန်တော့ရဲ့အမြင်ဟာ မှန်ကန်မှုရှိတယ်လို့ ကျွန်တော့အနေနဲ့ ယုံကြည်နေပါတယ်။ ကျွန်တော့ရဲ့ယုံကြည်မှုကို အတည်ပါလို့ မယူလည်းရပါတယ်။ဘာကြောင့်ဆိုတော့ လူတိုင်းအမြင်ကွဲလွဲခွင့် ရှိနေလို့ဖြစ်ပါတယ်။
ကျွန်တော့ရဲ့ယုံကြည်ချက်ကို နောက်ထပ်ဖြည့်ဆည်းပေးလိုက်တာကတော့ ကေအိုင်အိုနဲ့ ကေအိုင်အေ အဖွဲ့အစည်းအတွင်းမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဗိုလ်မှူးကြီး အင်ဘန်လအောင်နဲ့ ဗိုလ်မှူးကြီးလဆန်အောင်ဝါတို့ရဲ့ အဖွဲ့အစည်းအတွင်း အာဏာသိမ်းမှု၊ ၂၀၀၄ ခုနှစ်မှာ ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့အဖွဲ့ ခွဲထွက်မှုတွေဟာ ကေအိုင်အိုနဲ့ ကေအိုင်အေအဖွဲ့ကြီးရဲ့ ပျက်စီးရေး လမ်းကြောင်းသို့ ဦးတည်နေမှုတွေကို ပြန်လည်ထိန်းကျောင်းပြီးတော့ တည့်မှတ်စေခဲ့လို့ ဖြစ်ပါတယ်။
အထူးသဖြင့် အတန်းကျောင်းပညာရေး အားနည်းပေမဲ့ ဥာဏ်ပညာနဲ့ အမျှော်အမြင်ကြီးမြင့် မှုတွေမှာ တမူထူးခြားတဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လအောင်ကြောင့် မိုင်ဂျာယန်ပညာရေးမြို့တော်ဟာ ဒီနေ့လို အဆင့် အတန်းမျိုး ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။
အပိုင်း ၃ ဆက် ပြန်လည် တင်ဆက်မည်။