တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း တစ်ရက်တည်း တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိ

ဓါတ်ပုံ – KNU

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နို၀င်ဘာ ၂၅

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၂) ရက်နေ့ တစ်ရက်အတွင်း တိုက်ပွဲပေါင်း (၃) ကြိမ်ဖြစ်ပွား ခဲ့ပြီး ထိုတိုက်ပွဲ (၃) ကြိမ်အတွင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (၈) ဦး သေဆုံးကာ (၂၄) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။ အလားတူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၂၇)က စစ်သမီး (၂) ဦး အပါ၀င်စုစုပေါင်း (၃) ဦး ကျဆုံးခဲ့ပြီး (၁၁) ဦး မစိုးရိမ် ထိခိုက်ဒါဏ်ရာ ရရှိခဲ့တာပါ။

ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေထဲက ကျုံဒိုး မြို့နယ် လားတကော တောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၂ ရက်နေ့ နံနက် (၈း၀၀) အချိန်ခန့်က ကရင်အမျိုးအသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇) တပ်ဖွဲ့ ၀င်များ နှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခမရ-၂၁၅ တို့ ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃) ဦးသေဆုံးကာ (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အလားတူ ကော့ကရိတ်မြို့နယ်အတွင်းရှိတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၂၇)၊ တပ်ခွဲ (၂) Cobra စစ်ကြောင်းလုံခြုံရေး ယူထားသောနေရာဘက်ကို စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ-၂ ခမရ -၁၀၇ ခမရ-၂၀၇ တပ်ရင်း (၃) ရင်းက နံနက် (၉း၁၀) မိနစ်အချိန်က Cobra စစ်ကြောင်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ညနေ (၄း၀၀) နာရီအချိန်တွင် စစ်ကောင်စီတပ်၏ ခမရ-၂ တပ်ဖွဲ့၀င်များမှ ဘလယ်ဒိုခီးတောင်ခြေ ထီးကမား ဒေသ အတွင်းသို့ရောက်ရှိပြီး Cobra စစ်ကြောင်းကားတစ်စီးနှင့် လူထုကားတစီး ပြန်လာချိန် စစ်ကောင်စီ တပ်၏ ခမရ-၂ တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲ (၂) ကြိမ်အတွင်း စစ်ကောင်စီ တပ်မှ (၅) ဦး သေဆုံးကာ (၁၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒုဗိုလ်မှူးကြီး စောနယ်ဒါးထူး (ခေါ်) ဗိုလ်ရန်နိုင် ဦးဆောင်သော တပ်ရင်း (၂၇) လက်အောက်ခံ တပ်ခွဲများနှင် စစ်ကြောင်းများလုံခြုံရေးယူထားသောနေရာများတွင် ဒုဗိုလ်မှူးကြီး စောနယ်ဒါးထူး (ခေါ်) ဗိုလ်ရန်နိုင်တို့က အနီးကပ်ကွပ်ကဲလျက်ရှိပြီး စစ်ကောင်စီတပ်များနှင့် နေ့စဉ်နေ့တိုင်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

KNU ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နို၀င်ဘာလ (၁) ရက်နေမှ (၂၄) ရက်နေ့အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၁) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၃) ဦး သေဆုံးကာ (၃၈) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အတည်ပြု၍ မရသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်များ၏ ထိခိုက်သေဆုံးမှုစာရင်းလဲ အများအပြား ရှိနေသေးတာပါ။

ယခုလက်ရှိအခြေအနေမှာတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) လုံခြုံရေး ယူထားတဲ့ နယ်မြေများအတွင်း စစ်ကောင်စီတပ်များ အင်အားဖြည့်တင်းကာ စစ်ဆင်ရေး ဆောင်ရွက်နေဆဲ ဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက် ရှိနေတယ်လို့ သိရပါတယ်။

Related Articles

Back to top button