ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၅
လက်ရှိအချိန်မှာ စစ်ကောင်စီအနေဖြင့် လက်နက်ခဲယမ်းကို ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၃၈ ရာခိုင်နှုန်းအောက်သာ ထုတ်လုပ်နိုင်တဲ့အခြေအနေကို ရောက်ရှိနေတာကြောင့် အီရန်နိုင်ငံမှ လက်နက်ခဲယမ်းဝယ်ယူပြီး အိန္ဒိယ နိုင်ငံမှ နယ်စပ်ဖြင့် သယ်ယူရန် ပြင်ဆင်လျက်ရှိပါတယ်။ ဒါကြောင့် အနောက်ဘက်ခြမ်း (ချင်းပြည်နယ်)ကို စစ်ရှိန်မြှင့်ရန် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ စ.က.စ အတွင်းဘက်ကလာတဲ့ သတင်းအရင်းအမြစ်က တဆင့် သိရပါတယ်။ ဒီသတင်း အရင်းအမြစ်နှင့်ပတ်သက်ပြီး Federal Journal- Myanmar အနေဖြင့် သီး ခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မြန်မာ-အိန္ဒိယ နယ်စပ်စီမံခန့်ခွဲရေးနှင့် လုံခြုံရေးကဏ္ဍတို့နှင့် ဆက်စပ်နေတဲ့ တွေဆုံမှုဟာ စစ်ကောင်စီအပေါ် အာဆီယံအပါအဝင် အနောက်နိုင်ငံများက အဘက်ဘက်မှ ဖိအားပေးနေချိန်၊ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Vinay Mohan Kwatra ၏ ၂ ရက်ကြာခရီးစဉ် (နိုဝင်ဘာ ၂၀ မှ ၂၁ ရက်)အတွင်း စ.က.စ ဥက္ကဌ မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်စီမံခန့်ခွဲရေးနှင့် လုံခြုံရေးအပြင် စစ်တွေမှ ပလက်ဝ မြို့နယ်အထိ သွယ်တန်းသည့် ကုလားတန်မြစ် ဘက်စုံစီမံကိန်းကိစ္စကိုလည်း အလေးပေး ဆွေးနွေးခဲ့ ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန(MEA) ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားထားတာပါ။
အလားတူ PDF-Tamu (ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃)၊ တမူး) ၏ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်စွဲ သတင်းထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီအနေဖြင့် အိန္ဒိယနိုင်ငံ မိုးရီးမြို့မှ တမူး-ကလေးမြို့ လမ်းကြောင်း အတိုင်း အမျိုးအမည်မသိရသော စစ်လက်နက်ပစ္စည်းများကို ကားကြီး ၆ စီးဖြင့် သယ်ဆောင် သွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
“အိန္ဒိယနိုင်ငံရဲ့ စစ်ကောင်စီအပေါ် ရပ်တည်ချက်က အရမ်းစိုးရိမ်စရာကောင်းပါတယ်။ ဒီအိန္ဒိယနယ်စပ် ကနေတဆင့် စစ်ကောင်စီက ဘာမှန်းမသိတဲ့ဟာတွေကို ကုန်တင်ကားနဲ့ မကြာခဏ တင်သွင်းလေ့ရှိတယ်။ ကျန်တော်တို့ကတော့ လက်နက်ခဲယမ်းဖြစ်မယ်လို့ ထင်တာပဲ။ သူတို့ကတော့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ စက်ပစ္စည်းတို့၊ ပြည်ထောင်စုနေ့အတွက် သုံးဖို့ မြင်းကောင်တွေဖြစ်တယ် စသည်ဖြင့် ပြောတာတော့၊ ယုံလို့မရပါဘူး” လို့ တော်လှန်ရေးသမား တစ်ဦးက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်နယ်နိမိတ်ထိစပ်မှုမှာ ၁၆၄၃ ကီလိုမီတာ ရှိပြီး နယ်စပ်တစ်လျှောက်မှာ နှစ်နိုင်ငံလုံးမှ လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်နေထိုင်နေကြပါတယ်။ အိန္ဒိယနိုင်ငံကို ပုန်ကန်သည့် လက်နက်ကိုင်တပ်ဖွဲ့ သည်ပြင် စုစုပေါင်း ၂၀ မှ ၃၀ အကြားရှိသလို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာလည်း ဆယ်ဂဏန်းခန့် ရှိတယ်လို့ သိရပါတယ်။ ထို့ကြောင့် နှစ်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေး (နယ်စပ်ရှင်းလင်းရေး)ကို ၁၉၉၅ ခုနှစ်မှာ Operation Golden Bird နာမည်ဖြင့် သော်လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Operation Sunrise နာမည်ဖြင့် သော်လည်းကောင်း ပြုလုပ်ကာ နှစ်ဘက်သူပုန်များကို ပူးပေါင်း နှိမ်နှင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။
ချင်းတော်လှန်ရေး ခေါင်းဆောင်တစ်ဦးကတော့ “အိန္ဒိယအစိုးရက အရမ်းညစ်ပတ်တယ်။ ဥပမာ ZRA (Zomi Revolutionary Army) ဆိုတာ သူ့ရဲ့ BGF နယ်ခြားစောင့်တပ်ပဲ။ အိန္ဒိယအစိုးရက သူတို့ကို လစာပေးတယ်။ သူတို့အောက်မှာရှိတယ်။ အဲတော့ ZRA က ချင်းပြည်နယ်ဘက် ဝင်လာပြီး စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကျန်တော်တို့ လူထုတော်လှန်ရေးတပ်ကို တိုက်ခိုက်တယ် ဆိုတာ စဉ်းစားစရာ အများကြီးရှိတယ်။ ဒါက အိန္ဒိယနဲ့ စကစရဲ့ သွယ်ဝိုက် ပူးပေါင်းစစ်ဆင်ရေးလား၊ အိန္ဒိယခွင့်ပြုချက်မရှိပဲ ZRA က စစ်တိုက်လို့မှမရတာ” ဟု မေးခွန်းထုတ် ပြောဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း မလုံလောက်မှုဟာ မြေပြင်မှာ အရမ်းသိသာနေကြောင်း ဟားခါး-ထန်တလန် အကြား သီးမြစ်စစ်ဆင်ရေးတွင် ပါဝင်သော စစ်ဗိုလ်တစ်ဦးက ပြောဆိုပါတယ်။
“ပြီးခဲ့တဲ့နှစ် နွေဉီးတော်လှန် ရေး အစပိုင်းမှာ စစ်ခွေးများ၏ ကျည်ခွံတွင် ၂၀၀၆ခုနှစ် ၂၀၀၇ ခုနှစ် စသည်ဖြင့် ရေးသားတာကို တွေ့ရ ကြောင်း၊ အခုနောက်ပိုင်း သူတို့ကျည်ခွံတွင် ၂၀၂၂ ခုနှစ်၊ မေလ၊ စတင်ဘာလ စသည်ဖြင့် ရေးသားနေသည်ကို တွေ့ရကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် အခုထုတ်၊အခုသုံး ဖြစ်နေတာကို သိသာနေကြောင်း” သူက ရှင်းပြပါတယ်။