တိုင်းရင်းသားများသတင်း

စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲလို့ ညောင်လေးပင်ခရိုင်က ဒေသခံ (၂၀,၀၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ဓါတ်ပုံ – KNU (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂၂
 
ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်က တစ်ရက်ထဲ လေယာဉ်နဲ့ (၁၄) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ဒေသခံပြည်သူ (၂၀၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့တုန်းက KNU ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း(၃)ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
 
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ကျောက်ကြီးမြို့နယ် ဘောကထာကျေးရွာအတွင်းကို လေကြောင်းနဲ့ (၂)ကြိမ်၊ ကော်သာစေးကျေးရွာထဲကို (၃)ကြိမ်၊ ပဒဲကောကျေးရွာထဲကို (၁)ကြိမ်၊ ရွှေကျင်မြို့နယ်အတွင်းရှိ သံဆိပ်နဲ့ ကျောက်တန်းကျေးရွာထဲကို လေကြောင်းတိုက်ခိုက်မှု(၈)ကြိမ် ၊ တစ်ရက်အတွင်း စုစုပေါင်း(၁၄)ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုထားပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နိုဝင်ဘာ (၁၂)ရက်နေ့ တစ်ရက်ထဲမှာပဲ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၂၅)ရွာက ဒေသခံ ပြည်သူ စုစုပေါင်း(၂၃၆၀၀)ဦးတို့ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်၊ ဘုန်းကြီး ကျောင်းဓမ္မာရုံ၊ ဆေးရုံအပါအဝင် ရာဘာခြံတွေလည်း ထိခိုက်ပျက်စီးသွားခဲ့သလို စစ်ကောင်စီတပ်က ဒေသခံတစ်ဦးရဲ့ ကားတစ်စီးကိုပါ ယူဆောင်သွားခဲ့တယ်လို့ KNU က ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေဟာ ကျေးရွာအတွင်းကို ပြန်လည်နေထိုင်ခြင်းမပြုရဲဘဲ တောတောင်တွေထဲမှာသာ ထွက်ပြေးပုန်းရှောင် နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရလျက်ရှိပြီး လက်ရှိအချိန်မှာလည်း ကြောက်ရွံ့ထိတ်လန့်ခြင်းနဲ့ အသက်ရှင်နေထိုင်ကြရလျက်ရှိတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တာကြောင့် KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့နဲ့ နေ့စဉ်နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

Related Articles

Back to top button