တိုင်းရင်းသားများသတင်း

မြန်မာနိုင်ငံအတွက် အမြဲဆုတောင်းပေးနေတယ်လို့ အောင်ပွဲရ အောင်လ အင်ဆန်းပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၉

ဂျပန်နိုင်ငံသား အိုကာမီယာရှင်ကို ပထမအချီမှာပဲ​ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တဲ့ မြန်မာ့ စပါးအုံးမြွေ “အောင်လအင်ဆန်း”က မြန်မာနိုင်ငံအတွက် အမြဲဆုတောင်းပေးနေတယ်လို့ ပွဲအပြီးမှာ ပြောဆိုလိုက် ပါတယ်။

ဒီနေ့ မြန်မာအချိန် ၈ နာရီကျော်မှာ ထိုးသတ်ခဲ့တဲ့ပွဲမှာ အောင်လဟာ ပြိုင်ဖက် ဂျပန်နိုင်ငံသားကို ပထမအချီမှာပဲ အနိုင်ထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အောင်လရဲ့ အားပါတဲ့ ဒူးတိုက်ချက်ဟာ အိုကာမီယာရှင်ရဲ့ခေါင်းနဲ့ တရွက်တိုက် ကန်နိုင်ခဲ့သလို အောင်လက ဆက်တိုက် ဖိအားပေး ထိုးခဲ့တာကြောင့် ဒိုင်ပွဲရပ်ပြီး အောင်လအနိုင်ရသွားတာပါ။

ပွဲအပြီးမှာ အောင်လက ပွဲစီစဉ်ပေးတဲ့ One Championship နဲ့ ပရိသတ်တွေကို ကျေးဇူးတင် စကားဆိုပါတယ်။ သူရဲ့မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပရိသတ်တွေအတွက်လည်း ဆုတောင်းပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံရေ ငါမင်းအတွက် ဆုတောင်းပေးနေပါတယ်။ ဒီနောက်ဆုံး ၂နှစ်ဟာ အားလုံးအတွက် ခက်ခဲတဲ့ နှစ်တွေဖြစ်တယ်။ မင်းတို့ကို ငါချစ်ပါတယ်။ ငါတို့နိုင်ငံအတွက် ခက်ခဲမှုတွေ ရှိခဲ့တယ်။ ဆက်ပြီးတော့ဆုတောင်းပေးနေပါတယ်။ ဘုရားသခင်က ငြိမ်းချမ်းမှု ပေးလိမ့်မယ်လို့ ယုံကြည်စွာ ပြောလိုပါတယ်။ အားလုံးကိုချစ်တယ်” လို့ အောင်လအင်ဆန်းက ပြောခဲ့တာပါ။

အောင်လ အင်ဆန်ရဲ့ ထိုးသတ်ပွဲကို အားပေးခဲ့တဲ့ ပရိသတ် တဦးကတော့ “အရင်ကပွဲတွေထက် ပိုရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ အားပေးခဲ့တာပါ၊ ဒါပေမယ့် ပွဲက မြင်တဲ့အတိုင်းပဲ ၂ မိနစ်တောင် မပြည့်လိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျေနပ်ရပါတယ်၊ ဒီပွဲမှာ မြန်မာပြည်အတွက် အောင်လ ဆုတောင်းပေးသလို မြန်မာပြည် ကြီးအတွက်လည်း ကျနော်တို့ရဲ့ အောင်ပွဲနဲ့အတူ ငြိမ်းချိမ်းမှုကို ရယူဖို့ တိုက်ပွဲဝင်သွားမှာပါ”လို့ သူက ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ One Championship ရဲ့ ပွဲစဉ် ကြီးဖြစ်တဲ့ ONE 163 ပွဲထဲက ပွဲကောင်းတပွဲဖြစ်တဲ့ အောင်လအန်ဆန်းနဲ့ အိုကာမီယာရှင် တို့ပွဲဟာ မစ်ဒ်ဝိတ်တန်းအတွက် ထိုးသတ်ခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။

Related Articles

Back to top button