တိုင်းရင်းသားများသတင်း

ဒီးမော့ဆို အနောက်ဘက်ခြမ်း မူကြိုကျောင်းအပါအဝင် အနီးက စစ်ဘေးရှောင် မိသားစု နေအိမ်ပေါ် လက်နက်ကြီးကျပြီး ၈ ဦး ဒဏ်ရာရ၊ ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ဓါတ်ပုံ – DMO LPDF
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၆
 
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ယမန်နေ့ (နိုဝင်ဘာလ ၁၅ရက်) ညပိုင်း ၆ နာရီခန့်မှာ မူကြိုကျောင်း အပါအဝင်၊ မူကြို ကျောင်းအနီးက စစ်ရှောင် မိသားစုတစ်စု နေအိမ်မှာ ငွေတောင် အခြေစိုက် စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲ လာတာကြောင့် မိသားစုဝင် အားလုံး ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။
 
အဲဒီထိခိုက်မှုမှာတော့ ၅နှစ်အရွယ် ကလေး ငယ် တစ်ဦးသေဆုံးသလို ကလေးငယ်၂ဦးနဲ့ လူကြီး ၆ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ အချက်အလက် စုဆောင်းရေးတာဝန်ခံက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။
 
“မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်း ၆ နာရီ ဝန်းကျင်လောက်မှာ ငွေတောင် အခြေစိုက် စစ်ကောင်စီ ခလရ ၁၀၂ တပ်ရင်းဘက်က ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်လိုက်တယ်ပေါ့နော်၊ အဲဒီ ပစ်ခတ်လိုက် တဲ့ လက်နက်ကြီးတွေက မူကြိုကျောင်းကို တစ်လုံး၊ စစ်ရှောင်မိသားစုတွေရှိတဲ့ နေအိမ်ကို တလုံး၊ ပြီးတော့ အိမ်ရှေ့ဘက်တစ်လုံး အိမ်ရှေ့ဘက်ကပ်လျက် တစ်လုံး၊ နောက်တစ်လုံးက သူတို့အိမ်အကျော် အထွက် ပေါက် သွားကျသွားတယ်။ စစ်ရှောင်မိသားစုတွေရှိတဲ့ နေအိမ် ခေါင်မိုးကို သွားထိတော့ အထဲမှာနေတဲ့ မိသားစုဝင်တွေ အကုန်လုံးထိသွားတယ်” လို့ သူက ပြောပြပါတယ်။
 
မူကြိုအရွယ် ၅ နှစ် ကလေးငယ်ဟာ ပြင်းထန်တဲ့ ပေါင်းခြမ်းတစ်ခုလုံး ဒဏ်ရာနဲ့ ဆေးရုံသွားတဲ့ လမ်းခုလတ်မှာတင် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးသွားရတယ်လို့ သိရပါတယ်။
 
အဲဒီမိသားစုဟာ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေထိုင်လို့မရတာ ကြောင့် အဲဒီမူကြိုကျောင်းကို စစ်ဘေးရှောင်အဖြစ် လာရောက်နေထိုင်တာဖြစ်ပါတယ်။
 
ယခု လက်နက်ကြီးကျရောက် ပေါက်ကွဲလာတဲ့ ကျေးရွာဘက်ဟာ တိုက်ပွဲ တစုံတရာလဲ မရှိတဲ့ နေရာလည်း ဖြစ်တာပါ။
 
ဒေသခံ သတင်းဌာများ၏ စာရင်းအရ ကရင်နီပြည်နယ်မှာ နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း စစ်ကောင်စီက အရပ်သား ပစ်မှတ်ထားပြီး ပစ်ခတ်တဲ့လက်နက်ကြီးများကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၂၀ဦးထိ ရှိလာပြီလို့ သိရပါတယ်။

Related Articles

Back to top button