တိုင်းရင်းသားများသတင်းသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 10, February 3, 2023)

 

၁။ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်တိုး တရားစွဲရန်ပြင်
February 3, 2023

စစ်ကောင်စီရဲ့ ဖမ်းဆီတာခံနေရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ ထပ်မံတရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ Kachin Baptist Churches USA အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် အားလေ့ က ပြောပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ် မှု ဥပဒေပုဒ်မ ၁၇ – ၁ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) တို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာပါ။ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဇန်နဝါရီ ၁၁ ရက်က မြစ်ကြီးနား အကျဉ်းထောင် အထူးတရားရုံးမှာ ပထမဆုံး အကြိမ်ရုံးထုတ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ရုံးချိန်းမှာ တရားရုံးကမေးခွန်းတချို့ မေးမြန်းခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပေမယ့် Civil Investigative Demand (CID) report delay (အရပ်ဘက်စုံစမ်းစစ် ဆေးရေးတောင်းဆိုမှုအစီရင်ခံစာ) နှောင့်နှေးတဲ့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ရုံးချိန်း ပြောင်းရွှေ့ထားပါတယ်။

Kachin Baptist Churches USA အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် အားလေ့ က “ဇန်နဝါရီ ၁၃ ရက်နေ့ရုံးချိန်းတုန်းက မေးသင့်မေးထိုက်တာတွေကို ဆရာ့ကိုမေးခဲ့တယ်။ ဆရာက ထူးထူးခြားခြားပြောခဲ့တာမရှိခဲ့ဘူး။ မေးတာ ဖြေတာလောက်ပဲရှိတယ်။ ကျန်းမာရေးတော့ ကောင်းတယ်လို့ ပြောတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူတို့တခုခုတော့ စီစဉ် ပေးထားတယ်ထင်ပါတယ်။ မိသားစုနဲ့တော့တွေ့ခွင့်မရသေးဘူး။ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) လည်း ထပ်စွဲ မယ်ကြားတယ်ဗျ” လို့ ပြောပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန် ဟာ အဆုတ် အားနည်းတဲ့ရောဂါ၊ လည်ပြွန်ရောင်တာနဲ့ သွေးတိုး ရောဂါတွေကြောင့် ထိုင်းနိုင်ငံကိုသွားရောက်ဆေးကုဖို့ မန္တလေး လေဆိပ်ကနေ ထွက်ခွာဖို့ပြင်ဆင်ချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတဝန်း ဘာသာရေး ခေါင်းဆောင် တွေဖမ်းဆီးခံရတာ၊ ဘာသာရေးအဆောက်အဦတွေ ဖျက်ဆီးခံရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ညီလာခံ ဥက္ကဋ္ဌနဲ့ ဆွေးနွေးခဲ့သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတချို့ကိုလည်း အသိပေးပြောဆို ထားတယ်လို့ အမေရိကန်နိုင်ငံရောက် ကချင်နဲ့ ချင်း ဘာသာရေးသမားတွေက ပြောပါတယ်။ https://burmese.dvb.no/archives/576813

၂။ နာဂတောင်တန်း ကျေးရွာတစ်ခု ရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား
February 3, 2023

နာဂဒေသ လဟယ်မြို့နယ်၊ ဆော်လော်နောက်ကုန်းကျေးရွာရှိ အိမ်ခြေ ၇၀ ခန့် မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသနှင့် အဆက်အသွယ်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့် ရွာထဲ ကလေးများသာကျန်ရှိ နေပြီး လူကြီးများ အလုပ်သွားနေချိန်အတွင်း တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မီး ကဘယ်လို စလောင်လာတယ် မသိရသေးဘူး။ မနေ့ညအထိတော့ အဆက်အသွယ်ရသေးတာ ဒီမနက်မရတော့ဘူး။ ဒါတောင် အိုင်ကွန်နဲ့ပဲ ဆက်သွယ်တာ။ ၇၀ ဝန်းကျင်လောက်လောက်မီးလောင်သွားတယ်ပဲသိရသေးတာ။ အသေးစိတ် လူတွေ ဘာတွေ ထိခိုက်မှု ရှိလား မရှိလား မသိရသေးဘူး” ဟု နာဂတောင်တန်းဒေသခံတစ်ဦး ပြောသည်။ ၎င်းဒေသ တွင် ဖုန်းလိုင်း အင်တာနက်လိုင်း မရှိသောကြောင့် အခြေအနေကိုသိရဖို့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

ယခုမီးလောင်မှုဖြစ်ပွားသည့် ဆော်လော်နောက်ကုန်းရွာသည် လဟယ်မြို့မှ ဆိုင်ကယ်ဖြင့် ၁ ရက်ခရီးသွားရသော ရွာဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးလည်း ကြမ်းတမ်းသကဲ့သို့ ဆင်းရဲသည့်တောင်ပေါ်ရွာတစ်ရွာ ဖြစ်သည်ဟုဆိုသည်။ “အဲ့ဒီရွာ က ဆိုင်ကယ်နဲ့ မနက်အစောကြီးမိုးမလင်းခင်သွားမှ ညမိုးချူပ်ရောက်တာ။ ပြီးရင် သူတို့တွေ တရွာလုံးက သွပ်မိုးတောင် မမိုးနိုင် ကြဘူး။ အားလုံး သက်ကယ်လေးတွေနဲ့ ပဲ အခုက တရွာလုံးနီးပါး မီလောင်သွားတော့ သူတို့အတွက် တော်တော်ခက်ခဲမှာ” ဟု၎င်းကပြောသည်။ မြန်မာ–အိန္ဒိယ နယ်စပ်ရှိ ၎င်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်ရှိသည့်အနက် ၇၀ ခန့်မီးလောင်ဆုံး ရှုံးသွားခြင်းဖြစ်ပြီး ဒေသခံ ရွာသားများ ရွှေ့ပြောင်းတောင်ယာကိုသာ အဓိကလုပ်ကိုင်ကြ ကြောင်းသိရသည်။ https://burm ese.kachinnews.com/2023/02/03/ld1-18/

၃။ ထန်တလန်မြို့တွင် စကစတပ်သား ၆ ဦးကို CNA နှင့် CDF က လက်နက်များနှင့်အတူ ဖမ်းဆီး
February 1, 2023

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် တာ၀န်ကျသော စစ်ကောင်စီတပ်သား ၆ ဦးကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ထန်တလန်မြို့တွင်း၌ CAN နှင့် CDF တပ်ဖွဲ့၀င်များက လက်နက်များနှင့်အတူ ဖမ်းဆီး‌ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီ တပ်သား ၆ ဦးကို ထန်တလန်မြို့တွင်း အဆောက်အအုံတစ်ခုထဲ၌ CAN နှင့် CDF တပ်ဖွဲ့၀င်များ ဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရ သည်။ ၎င်းတို့ ကိုင်ဆောင်သော ခြောက်လုံးပြူး ပစ္စတိုတစ်လက်အပါအ၀င် သေနက် ၈ လက်နှင့် ဗုံးသီး ၈ လုံးကိုလည်း သိမ်းဆည်းရရှိသည်။ စစ်ကောင်စီတပ်သား ၆ ဦး ဖမ်းဆီးခံရသည့် ထန်တလန်မြို့တွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီမှ တိုက်လေယာဉ် တစ်စင်းနှင့် ‌ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိမသိရသေးပေ။ https://www.facebook.c om/thechinjournal2017/photos/pcb.4098388463718719/4098591967031702/

၄။ စစ်အာဏာရှင်စနစ်ကို မတိုက်ထုတ်နိုင်ပါက သားစဉ်မြေးဆက် နှိပ်စက်မှုခံနေရဦးမည် ဖြစ်ကြောင်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြော
February 1, 2023

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် မတိုက်ထုတ်နိုင်ခဲ့ရင် သားစဉ်မြေးဆက် အာဏာရှင်စနစ်ရဲ့ နှိပ်စက်မှု ခံနေရဦးမှာ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က စစ်အာဏာ သိမ်းမှု (၂)နှစ်ပြည့်တဲ့နေ့မှာ ပြောဆိုလိုက်ပါတယ်။ စစ်အာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးဟာ အားလုံးရဲ့ ဘုံရည်မှန်းချက် ဖြစ်ပြီး ပြည်သူတွေအားလုံး ကျရာကဏ္ဍကနေပါဝင်ပြီးတော့ တော်လှန်ရေးခရီးမှာ ကြိုးစားပါဝင် သွားဖို့ တိုက်တွန်းလိုကြောင်း ဗိုလ်မှူးကြီး နော်ဘူ က အခုလို ပြောပါတယ်။ “စစ်အာဏာရှင် ချုပ်ငြိမ်းရေးက အားလုံးရဲ့ဘုံရည်မှန်းချက် ဟုတ်တယ်။ အဲဒါကို အောင်မြင်တဲ့ တစ်နေ့ရောက်တဲ့အထိ အားလုံးက ကျရာကဏ္ဍမှာ ထမ်းဆောင်ရမယ်။ ပြည်သူတွေရော အတူတူပဲ။ နိုင်ငံ့တာဝန် ထမ်းဆောင်နေသူတွေရော ဒီအာဏာရှင်စနစ်ကို မတိုက်ထုတ်နိုင်၊ အမြစ်မထုတ်နိုင်ရင် ကျွန်တော်တို့ သားစဉ်မြေးဆက် အခုလို အနိုင်ကျင့်နှိပ်စက်တာက ရှိမှာပဲ။”လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ တိုက်ထုတ်နိုင်တဲ့အထိ ဆက်တိုက်ရမှာ ဖြစ်ကြောင်း၊ တွေ့ကြုံလာရမယ့် အခက် အခဲနဲ့စစ်ရေးတွေမှာ အားမငယ်ဘဲ တော်လှန်ရေးခရီးမှာ အားလုံးလက်တွဲပြီး ကြိုးစားသွားဖို့အတွက်လည်း ဗိုလ်မှူးကြီး နော်ဘူ က ဆက်လက်အားပေးခဲ့ပါတယ်။ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့အနေနဲ့ ဒီကနေ့မှာတော့ မြို့၊ ရွာ တော်တော် များများမှာ အသံတိတ်သပိတ်ကို ဆင်နွှဲလျက်ရှိနေပြီး မြန်မာနိုင်ငံမှာ စစ်တပ်ကနေ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့က အာဏာသိမ်း ခဲ့တာ ဒီကနေ့မှာ (၂)နှစ်အတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ https://www.facebook.com/myitkyinanewsjournal.mm/photos/ a.182072622159000/1831164150583164/

၅။ ပွင့်လင်းရာသီမှာ ရိက္ခာစုဆောင်းထားဖို့နဲ့ ကတုတ်ကျင်းတူးထားဖို့ TNLA တိုက်တွန်း
February 2, 2023

ဆောင်းအကုန် နွေအကူး ပွင့်လင်းရာသီမှာ စစ်ကောင်စီရဲ့ ထိုးစစ်အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက် ရိက္ခာတွေ စုဆောင်းထားဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကင်းဖို့ ကတုတ်ကျင်းတွေ တူးထားဖို့ TNLA က တိုက်တွန်း ထားပါတယ်။ အရင်နှစ်တွေနဲ့မတူဘဲ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုလာနိုင် ဖွယ်ရှိတာကြောင့် အခုလို အသိပေးရတာဖြစ်တယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လ က ပြောပါတယ်။ “လူထုတွေအနေနဲ့ စစ်ဘေး ဒဏ်မခံရအောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်။ အခုနောက်ပိုင်း စစ်ကောင်စီ ရဲ့ ထိုးစစ်တွေက မြေပြင်မဟုတ်တော့ပဲနဲ့ ဝေဟင် ထိုးစစ်တွေ လုပ်လာတယ်။ တိုက်ပွဲဖြစ်လာရင် ကုန်သွယ်ရေးလမ်း ကြောင်းတွေ ပိတ်ဆို့နိုင်တယ် ဒါကြောင့် ရိက္ခာတွေ လုံလုံ လောက်လောက် စုထားဖို့လိုတယ်” ဆက်လက်ပြီး သူက “စစ်ကောင်စီက လေယာဉ်သုံး တိုက်ခိုက်လာမယ်ဆိုရင် အန္တရာယ် ကင်းဖို့အတွက် ကတုတ်ကျင်းတွေလည်း တူးထားရမယ်။ ရွာထဲသူတို့ ဗုံးလာမကြဲဘူးလို့ ဘယ်သူမှ အာမမခံရဲဘူး သူတို့လုပ်ချင် ရင် လုပ်လာနိုင်တာပဲ” လို့ ဆက်ပြောပါတယ်။

အာဏာမသိမ်းခင်နှစ်တွေကတည်းက ပွင့်လင်းရာသီမှာ စစ်ကောင်စီက ထိုးစစ်တွေ ပြုလုပ်နေကြ ဖြစ်ပေမယ့် မြေပြင် ထိုးစစ်သာဖြစ်ပါတယ်။ အာဏာသိမ်းတဲ့ ၂ နှစ်အတွင်းမှာ စစ်ကောင်စီအင်အားယုတ်လျော့လာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်အသုံးပြုတိုက်ခိုက်လာတာ တွေ့ရပါတယ်။ ၂၀၂၂ ဒီဇင်ဘာ ၇ရက်က နမ့်ဆန်မြို့ ကုန်းသာတိုက်ပွဲမှာ လည်း စစ်ကောင်စီက ပေါင် ၅၀၀ တန်ချိန်ရှိ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ကုန်းသာရွာမှာ အိမ် ၃၆ အိမ် ပျက်စီး ဆုံးရှုံး ကာ ၈ အိမ် လက်နက်ငယ်ထိမှန်ပြီး ၉ အိမ် မီးလောင်ပြာကျသွားပါတယ်။ https://www.facebook.com/photo/?fbid=5054 47918429144&set=a.404503215190282

၆။ KNU တပ်မဟာ(၄)နှင့် ကော်သူးလေအာမီ-KTLA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ကျဆုံးမှုရှိခဲ့
February 2, 2023

ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA) လက်အောက်မှ ခွဲထွက်ကြရန် တော်လှန်ရေး ရဲဘော် များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄)မှ စာထုတ်ပြန် ပြီးနောက် (ဖေဖော်ဝါရီလ ၁ရက်) နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ KNU တပ်မဟာ(၄)၏ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) စစ်ရေးရုံးမှ ဇန်နဝါရီလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်စောအယ်ခွီး လက်အောက်ရှိ တော်လှန်ရေး ရဲဘော်များကို ခွဲထွက်ကြရန် မေတ္တာရပ်ခံစာ ထုတ်ပြန်ပြီး နောက် ထီးမုပွာအထူးဒေသရှိ KTLA ၏ လုံခြုံရေး ဂိတ်စခန်းငယ်တစ်ခုကို KNLA ဘက်မှ လာရောက်ပစ်ခတ်ခဲ့ကြောင်း KTLA တပ်ရင်း (၃) တပ်ခွဲ (၈) ဗိုလ်ကြီး စောဆာ့ကညော က ယခုလိုပြောသည်။ ၎င်းက “ကျနော်တို့ ရဲဘော် အဲ့ဂိတ် မှာ ၆ ယောက်သွားစောင့်နေတာ။ တပ်မဟာ (၄) ဘက်က ကားနှစ်စီး နဲ့လာတယ်။ အဲ့လိုလာရင်းနဲ့ပဲ ကျနော်တို့ လူကို စပစ်တော့တာပဲ။ အဲ့ဒါက မှားပစ်ကြတာမဟုတ်ဘူး။ သူတို့ဘက်က ပြောသလိုပဲ ကျနော်တို့ကိုရှင်း ထုတ်ဖို့အတွက်ပဲ ဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ အဲ့နေရာမှာ ကျနော်တို့ လူတွေစောင့်နေတာ သူတို့လည်း သိနေတာပဲ။ သူတို့လည်း စစ်ကောင်စီကိုပဲ တိုက်မယ်လို့ပြောနေကြတော့ ကျနော်တို့ လူတွေလည်း သတိမထားလိုက်တာဖြစ် မယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် KTLA ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးသွားပြီး ၎င်းနှင့်အတူ M16 သေနတ်တစ်လက် အပြင် ဆက်စပ်ပစ္စည်းများ အသိမ်းခံလိုက်ရကြောင်းနှင့် လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှု ဖြစ်နေကာ KNU ဘက်မှ မြင်သမျှ KTLA တပ်ဖွဲ့ဝင်များကို ရှင်းလင်းသွားရန် စီစဉ်နေကြောင်းလည်း ဗိုလ်ကြီး စောဆာ့ကညော က ဆက်ပြောသည်။ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA နှင့် KNU တပ်မဟာ (၄)အကြား မကြာခဏ ဆိုသလို ပဋိပက္ခဖြစ်ပွား လျက်ရှိပြီး အရပ်သားသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍လည်း အပြန်အလှန် စွပ်စွဲပြောဆိုမှုများ၊ တပ်ဖွဲ့ဝင်အချင်းချင်းကြား တိုက်ခိုက်ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်ကြလေ့ရှိကြသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်သည့် တပ်မဟာ (၄) ၏ PDF များ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် KTLA ထံမှ ခွဲထွက်ရန် မေတ္တာရပ်ခံ စာနှင့်ပတ်သက်ပြီး KNLA ဗဟို ဌာနချုပ်မှ ထောက်ခံကြောင်း သဘော ထားထုတ်ပြန်ခဲ့သည်။ KNU တပ်မဟာ (၄)၏ ထုတ်ပြန်ချက်သည် လက်ရှိ ပကတိအခြေအနေနှင့်ကိုက်ညီကြောင်းနှင့် KNLA စစ်ဌာနချုပ်မှအပြည့်အဝ ထောက်ခံ ကြောင်းဖော်ညွှန်းထားပြီး ဘုံရန်သူ စစ်အာဏာရှင်ကို တိုက်ထုတ် ရာတွင် ပြန့်ကျဲ နေသော PDF အများအနေဖြင့် သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာများ၏ Command Control စနစ် တစ်ရပ်တည်ဆောက်သွားရန်နှင့် စစ်ရေးအမြင် သက်သက် မဟုတ်ဘဲ နိုင်ငံရေးအမြင်ပါ ထည့်သွင်း စဉ်းစားသွားကြရန်လည်း KNLA စစ်ဌာနချုပ်က တိုက်တွန်းခဲ့သည်။ https://kicnews.org/2023/02/knu-%e1%80%90%e1%80%95%e1%80%ba%e1%80%99%e1% 80%9f%e

၇။ အသက်မပြည့်သေးတဲ့ ကလေးနဲ့ ကျောင်းသားအပါအဝင် အရပ်သား (၁၁) ဦးကို SSPP က ၄ လကြာ ဖမ်းဆီးထား
February 2, 2023

အသက်မပြည့်သေးတဲ့ ကလေးနဲ့ ကျောင်းတက်နေဆဲ ကျောင်းသားအပါအဝင် လူငယ် (၁၁)ဦးကို ရှမ်းပြည်တပ်မတော် (SSPP)က ၄ လကြာ ဖမ်းဆီးထားပါတယ်။ ရှမ်းမြောက် နမ္မတူမြို့နယ် မန်စံရွာထဲ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ဝန်းကျင်မှာ လူငယ်တွေကို SSPP က ဖမ်းဆီးသွားတာပဲဖြစ်ပါတယ်။ ဖမ်းဆီးခံထားတဲ့အထဲက မိသားစုဝင်တစ်ဦးက “ဖမ်းသွားတဲ့အချိန် သူတို့အုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ခေါ်သွားမှာတဲ့။ ကျမမြေးက အသက် (၁၄)နှစ်ပဲ ရှိသေးတယ်။ အခုတော့ သူတို့ ဝမ်ဟိုင်းမှာ ခေါ်ထားတယ်” လို့ ပြောပါတယ်။ အဲဒီလူငယ်တွေက လူမိုက်ဂိုဏ်းဖွဲ့ပြီး ရမ်းကား နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ (၁ဝ) ရက် လောက် သာဖမ်းသွားမယ်လို့ပြောပေမယ့် လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘူး လို့ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကို SSPP က စစ်သင် တန်း တက်ခိုင်းနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဖမ်းဆီးသွားတဲ့အဖွဲ့ဟာ SSPP ရဲ့ မြို့နယ်မှူး စိုင်လိန်အဖွဲ့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://www.facebook.com/photo?fbid=505048725135730&set=a.40450321

၈။ တော်လှန်ရေး ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဟားခါးမြို့ ၂၆၆ တပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်
February 2, 2023

မြန်မာ့နွေဦးတော်လှန်ရေး ၂နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်‌၊ မနက်ပိုင်းတွင် ဟားခါးမြို့၊ ရုန်းတောင်ရှိ (၂၆၆) စစ်ကောင်စီတပ်စခန်းကို CDF-Hakha, CDF-Thantlang နှင့် CNA တပ်ဖွဲ့၀င်များက ဒရုန်းနဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း CDF-Hakha က ထုတ်ပြန်ပါတယ်။ “ရုန်းတောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ပြီဖြစ် ကြောင်း ဒရုန်းနဲ့ ဗုံးသီးချပြီး အသိပေးခဲ့တယ်”လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဟားခါးမြို့၌လည်း စစ်ကောင်စီတပ် ၏ ဖိနှိပ်မှုကြားက တော်လှန်ရေး ၂ နှစ်ပြည့် အသံမဲ့သပိတ် ကို ဆင်နွဲကြပါတယ်။ ဟားခါးမြို့တွင်း ဈေးဆိုင်များ ဖွင့်လှစ်ထား သော်လည်း ဈေး၀ယ်ထွက်သူနှင့် အပြင်သွားလာသူ မရှိဘူးလို့ ဈေးသည်တစ်ဦးက ချင်းဂျာနယ်ကို ပြောပါတယ်။ https://www. facebook.com/thechinjournal2017/photos/a.1984842525073334/4098460433711522/

၉။ ကွတ်ခိုင်မှာ ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် လယ်ပိုင်ရှင်တွေ အခက်ကြုံရနိုင်
February 1, 2023

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ပန်ကိုင်ရွာမှာ မုန်းလောင်းချောင်းထဲ ရွှေကျင်နေကြလို့ လယ်ယာပိုင်ရှင်တွေ အခက်အခဲ ဖြစ်နိုင်တယ်လို့ ပန်ကိုင်ရွာခံတစ်ဦးက ပြောပါတယ်။ ရွှေတူးဖော်တဲ့ ချောင်းနံဘေးပတ်လည်အနီးမှာ ပန်ကိုင်နယ်ခံ တွေရဲ့ လယ်ကွက်တွေ ရှိနေပါတယ်။ လယ်ကွက်တွေအတွက် သုံးရမယ့်ရေဟာ ရွှေမှုံတွေ ရောနှောနေ တာကြောင့် လယ်ယာ စိုက်ပျိုးမှုအတွက် အသုံးပြုလို့မရကြောင်း ၎င်းက ဆိုပါတယ်။ ပန်ကိုင်ရွာခံ အမျိုးသားတစ်ဦး က “ရွေတူးတဲ့နေရာက ၂ နေရာရှိ တယ်။ တောင်ပေါ်နဲ့ လယ်ကွင်းထဲ။ လယ်ကွင်းထဲ တူးတဲ့ဟာက တကယ်အရမ်းဆိုး တယ်။ အဲရေတွေက လုံးဝ သုံးလို့မရဘူး။ စပါးစိုက်လည်း မဖြစ်လောက်ဘူး”လို့ ပြောပါတယ်။ နောက်ထပ် ကွတ်ခိုင်ဒေသခံအမျိုးသားတစ်ဦးကလည်း “ကျနော် ရောက်တဲ့ အချိန်တုန်းကဆို အဲနေရာက တော်တော်ခေါင်တယ်။ ပန်ကိုင်ရွှေမှော်လို့လည်း ပြောကြတယ်။ ဟိုဖြတ်ကနေ သွားရသေးတယ်။ လယ်ကွင်းတွေလည်း အဲရေနောက်နေတဲ့ ဟာနဲ့ဆို အဆင်မပြေလောက်ဘူး” လို့ ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ စိုက်ပျိုးရေး ကိုသာ အဓိကထားလုပ်ကိုင် စားသောက်ကြရတာဖြစ်ပြီး အခုလိုရွှေတူးဖော်ရေးလုပ်ငန်းကြောင့် မှီခိုစရာအလုပ်ဖြစ်တဲ့ လယ်ယာ လုပ်ငန်း ရပ်ဆိုင်းလိုက်ရမှာကို စိုးရိမ်နေကြတယ်လို့ ၎င်းကပြောပါတယ်။ https://www.facebook.com/photo/?fbid=5048 53005155302&set=pcb.504854135155189

၁၀။ ဖားကန့်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ အမျိုးသမီးဖြစ်သူ အသတ်ခံရ
February 2, 2023

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုမှာ မနေ့ည ၁၀ နာရီခွဲအချိန်ခန့်က လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ အမျိုးသမီးဖြစ်သူ အသတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသတ်ခံရသူ အမျိုးသမီးမှာ မဆောင်းဆွေ (ခ) မမိုင်းမိုင်း ဆိုသူဖြစ်ပြီး၊ ရွှေရောင်လင်းစားသောက်ဆိုင်ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ “မနေ့ညက ဆယ်နာရီခွဲ လောက် အော်သံကြားရတာပေါ့၊ နောက်တော့ လင်မယားစကားများနေတယ်လို့ သိရတာ၊ ဒီလောက်အထိ ဖြစ်မယ်မထင်ထား ဘူး”လို့ မော်ဝမ်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးဟာ လည်ပင်းပြတ်ရှ၊ ဝဲဘက်လက် ကောက်ဝတ် ထိပြတ်ရှ၊ ဦးခေါင်းမှာ ဓါးနဲ့အခုတ်ခံရတဲ့ ပြတ်ရှ ဓါးဒါဏ်ရာ လေးချက်ထက်မနည်း အခုတ်ခံရတယ်လို့ ဒေသခံက ဆိုပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ ကိုမျိုးမင်းဇော် အသက် (၃၃)နှစ်ကို ဖမ်းဆီးအရေးယူရန် သက်ဆိုင်ရာက ဆောင်ရွက်နေကြောင်း သိရပါတယ်။ https://www.facebook.com/kachinwavesnews/photos/pcb.6261901877156205 /6261897483823311/

၁၁။ သီပေါ မီးရထားသံလမ်းအနီးရှိ နေအိမ်များ ရွှေ့ပြောင်းရမည်ဟု စစ်ကောင်စီညွှန်ကြား
February 2, 2023

သျှမ်းပြည် သီပေါမြို့ မီးရထား (ဘူတာ) အနီးနှင့် မီးရထားသံလမ်းဘေး တလျောက် အိမ်ခြံမြေယာနှင့် နေအိမ်ဆောက် ပြီး နေထိုင်ကြသူများသည် တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် ဖိအားပေးခံနေရကြောင်း သတင်းရရှိသည်။ စစ်တပ် က အာဏာသိမ်းပြီးနောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက်အပါအဝင် မီးရထားသံလမ်းဘေး တလျောက် အိမ်ခြံမြေယာ နှင့် နေအိမ် ဆောက်ပြီး နေထိုင်သည့် အိမ်ခြေရာချီကို စစ်ကောင်စီ၏ လက်အောက်ခံ သက်ဆိုင်ဌာနများက တခြား နေရာသို့ ရွှေ့ပြောင်းနေ ထိုင်ရန် ဖိအားပေးနေကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ အဓိက တော့ မီးရထားလမ်းဘေးမှာ နေထိုင် တဲ့သူတွေ ရွှေ့ရမယ်လို့ ကြားတယ်။ ရွှေ့ပြောင်းခံရမှာ အိမ်ခြေရာနှင့်ချီရှိတယ်။ ဘယ်ချိန်၊ ဘယ်ခါ ရွှေ့ပြောင်းရမယ်လို့တော့ မပြောသေးဘူး။ ရွှေ့ပြောင်းဖို့ အတွက်တော့ အကြောင်းကြားလာတယ် “ ဟု ၎င်းက ပြောသည်။
ကိုလိုနီခေတ်ကတည်းစပြီး ဘိုးဘွားခေတ်အဆက်ဆက်က ရွှေ့ပြောင်းနေထိုင်သူများနှင့် မီးရထား (ဘူတာ) အနီးရှိ အခြေခံလူးသားတန်းများသည် အိမ်ခြေရာချီရှိကြောင်းလည်း သိရသည်။ နှစ်ပေါင်း (၂၀) နီးပါးခန့် မီးရထားလမ်းဘေး အနီး၌ နေထိုင်သူများသည် လက်ရှိမှာ တခြားနေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် အခက်ခဲများစွာကို စိန်ခေါ်နေရကြောင်း သီပေါမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။ “ စစ်ကောင်စီက ဘာအစီစဉ်ထပ်ဆွဲနေတာတော့ မသိဘူး။ မီးရထား လမ်းမှာ နေထိုင်သူက အခြေခံလူတန်းစားတွေ၊ တစ်နေ့ရှာ တစ်နေ့စားမှ ဝမ်းဝတဲ့သူတွေ၊ ကလေးငယ်တွေ အများကြီး ရှိတယ်။ ဒီခေတ်ကာလနဲ့ သူတို့ နေရာရွှေ့နေရမယ်ဆိုရင်တော့ အရမ်းကိုခက်ခဲတယ်”ဟု သီပေါမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ https://burmese .shannews.org/archives/32861

၁၂။ စစ်တွေ၌ လူသတ်မှုကျူးလွန်သူအား ULA/AA တရားရုံးက သေဒဏ်ချမှတ်
February 3, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ မနွယ်သန္တာဝင်းအမှုမှာ ပြစ်မှုကျူးလွန်သူ တရားခံ Luminous ဆိုင်မန်နေဂျာ မျိုးမြင့်ဇော် ကို ULA/AA ရက္ခိုင့်ပြည်သူ့အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၃ ရက် ဒီနေ့ သေဒဏ် ချမှတ်လိုက်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ “ဟုတ်ပါတယ်၊ စစ်တွေမြို့ Luminous ပလတ်စတစ်မျိုး စုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်က အရောင်းစာရေးမ ဝန်ထမ်းဖြစ်သူ မနွယ်သန္တာဝင်း သေဆုံးမှုနဲ့ပတ်သက်တဲ့ အမှုကို ဒီနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ရက္ခိုင့်ပြည်သူ့ အစိုးရရဲ့ ဒေသအဆင့် ဗဟိုတရားရုံးက အပြီးသတ် အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) (ဂ)အရ သေဒဏ်ချမှတ်တာဖြစ်တယ်။” ကျူးလွန်သူ တရားခံ မျိုးမြင့်ဇော် အသက် ၃၄ နှစ် (ဘ) ဦးထွန်းကျော် အနေနဲ့ ဥပဒေနဲ့အညီ တရားရုံးချုပ်ကို အယူခံဆက် လက်တင်နိုင်ဖို့ အခွင့်အရေးပေးထားကြောင်း ခိုင်သုခက ဆိုပါတယ်။

“ဒါပေမဲ့ တရားခံကို တရားရုံးချုပ်သို့ ဥပဒေနှင့်အညီ အယူခံဆက်တက်နိုင်ဖို့အတွက် အခွင့်အရေး ပေးထားပါတယ်။” မနွယ်သန္တာဝင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်က Luminous ပလတ်စတစ်မျိုးစုံနဲ့ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှာ တာဝန်ထမ်းဆောင်နေစဥ် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး တရားခံ မျိုးမြင့်ဇော်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလက ရက္ခိုင့်ပြည်သူ့ အစိုးရရဲ့ ဒေသအဆင့် တရားရုံးမှာ စတင်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/archives/576950

၁၃။ သဘောမတူဘဲ စစ်ကောင်စီအဖွဲ့ဝင်အဖြစ် အမည်ဖော်ပြခံရကြောင်း ချင်းအမတ်ဟောင်းပြော
February 2, 2023

အာဏာသိမ်း နှစ်နှစ်ပြည့်ပြီးနောက် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီစာရင်းမှာ ကြိုတင်အသေးစိတ် သဘောတူညီ ချက်မယူဘဲ အမည်ထည့်သွင်း ဖော်ပြခံခဲ့ရတာလို့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန် က ပြော လိုက်ပါတယ်။ ကျွန်တော်က သံတမန်နည်းအရ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျန်းမာရေးမကောင်း ဘူး။ ပါတီမှာလည်း ဥက္ကဋ္ဌမရှိတော့ ကျွန်တော်တာဝန်ယူနေရတယ်ဆိုတော့ စွမ်းဆောင်နိုင်မှုတော့ မရှိဘူးလို့ထင်တယ် လို့ ပြောလိုက်တယ်။ ကျွန်တော်က အမှတ်တမဲ့ထင်တာကိုး။ ဘယ်ဟုတ်မလဲ ၈ နာရီသတင်းကျတော့ ပါလာတယ်။ “ကျွန်တော်က တီဗွီလည်းမကြည့် တော့ မိတ်ဆွေတစ်ယောက် MRTV ကြည့်တဲ့သူကပြောမှသိတာ။ အဲ့မတိုင်ခင် ငါးနာရီလောက်မှာ နေပြည်တော်က ဖုန်းဆက် တယ်။ တာဝန်တစ်ခုလုပ်ဆောင်နိုင်မလားလို့မေးတယ်။ ကျွန်တော်က သံတမန်နည်းအရ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျန်းမာရေးမကောင်းဘူး။ ပါတီမှာလည်း ဥက္ကဋ္ဌမရှိတော့ ကျွန်တော်တာဝန်ယူနေရတယ်ဆိုတော့ စွမ်းဆောင်နိုင်မှုတော့ မရှိဘူးလို့ထင်တယ်လို့ ပြောလိုက်တယ်။ ကျွန်တော်က အမှတ်တမဲ့ထင်တာကိုး။ ဘယ်ဟုတ်မလဲ ၈ နာရီသတင်းကျတော့ ပါလာ တယ်။ ဆန္ဒရှိပါတယ်ဆိုပြီး အလိမ်အမာ သုံးလိုက်တာ။ ဘယ်လိုလုပ်သွားငြင်းလို့ကောင်းပါ့မလဲ။” အမည်စာရင်းဖော်ပြခံရပြီး နောက် ဘာဆက်လုပ်ရ မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သူကပြောပါတယ်။

သူဟာ ဆီးချိုသွေးချိုနဲ့ အာရုံကြောအားနည်းရောဂါရှိသလို လေဖြတ်ဖူးတာမို့ ကောင်းကောင်း မလှုပ်ရှားနိုင်တော့ဘူး လို့ ပြောပါတယ်။ ပူဂင့်ကမ်းလျန်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၅ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။ စစ်ကောင်စီက မနေ့က ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီ အုပ်ချုပ် ရေးအဖွဲ့မှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံခဲ့ရသူ ကချင်ပြည်နယ် ပြည်သူ့ပါတီဝင်ဟောင်း ဒေါ်ဒွဲဘူ လည်း အမည်စာရင်းပါဝင်ပါတယ်။ “တတ်နိုင်သလောက် ကိုယ့်ဒေသနဲ့ တိုင်းပြည်အတွက် လုပ်ဆောင်မယ်ဆိုတဲ့ ဆန္ဒနဲ့လုပ်ဆောင်ဖို့ လက်ခံခဲ့တာ” လို့ ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ ဒေါ်ဒွဲဘူကပြောပါတယ်။ https://www .rfa.org/burmese/news/zomi-democracy-league-general-secretary-pugin-kampalyan-02022023085719.html

၁၄။ တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ
February 2, 2023

စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအားကောင်းတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်အတွင်းက မြို့နယ် ၃၇ မြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေမှာ စစ်ခုံရုံးက အမှုစစ်ဆေး နိုင်သလို အဲ့ဒီစစ်ခုံရုံးကနေ နိုင်ငံတော်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေပါ ပြစ်မှုတွေ၊ တပ်မတော်နဲ့စစ်ကောင်စီခန့် အစိုးရဝန်ထမ်းတွေကို နှောက်ယှက်ဟန့်တားမှု၊ ပြစ်မှုကျူးလွန်အောင် သွေးထိုးလှုံဆော်မှု၊ အဂတိလိုက်စားမှု၊ လက်နက်အက်ဥပဒေပါပုဒ်မတွေ သတင်းမီဒီယာဥပဒေပါပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်နိုင် တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာ ထားတဲ့ မြို့နယ်တွေမှာ တိုင်းမှူး ကိုယ်တိုင် သော်လည်းကောင်း စစ်နယ်မြေမှူးတွေကို တာဝန်လွှဲအပ်ပြီးလည်းကောင်း စစ်အုပ် ချုပ်ရေးအာဏာကို ကျင့်သုံးနိုင် တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်တဲ့ မြို့နယ် ၁၁ မြို့နယ်ကတော့ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တို့ ဖြစ်ပါတယ်။ ချင်းပြည်နယ်က တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ဟားခါး စုစုပေါင်း ၇ မြို့နယ်၊ မကွေးတိုင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင် စတဲ့ ငါးမြို့နယ်၊ ပဲခူးတိုင်းက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်း စတဲ့ငါးမြို့နယ်ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။ ဒ့ါပြင် ကယားပြည်နယ်က ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်လခဲမြို့နယ်၊ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ မွန်ပြည်နယ်က ရေးမြို့နယ်၊ တနင်္သာရီတိုင်းက တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်လိုက်ပါတယ်။ https://www.rfa.o rg/burmese/news/37-townships-declared-martial-law-0202202310 0007.html

၁၅။ စစ်ကောင်စီနဲ့ပတ်သက်ဆက်စပ်သူများ၏မိသားစုဝင်များကို တွေ့ရှိပါကအကြောင်းကြားပေးပါရန် CDF_Matupi(B-1) မှ နှိုးဆော်
February 3, 2023

ချင်းပြည်နယ်၊ မတူပီမြို့ရှိ CDF-Matupi (B-1) Eagle Battalion အနေဖြင့်မိမိတို့၏ တပ်ရင်းထိန်းချုပ်နယ်မြေ အတွင်းရှိ မတူပီ-မင်းတပ်လမ်းပိုင်းတွင် အဝင်းအထွက်မှန်သမျှ အထူးကြပ်မတ် စစ်ဆေးလျှက်ရှိရာ တားမြစ်ကုန် ပစ္စည်းများ၊လူပုဂ္ဂိုလ်များ ၊စစ်ကောင်စီနှင့်ပက်သက်ဆက်နွယ်သော အရာအလုံးစုံကို အထူးကြပ်မတ်စစ်ဆေးလျှက် ရှိကြောင်း မတူပီမြို့သည် ချင်းပြည် နယ် တောင်ပိုင်းတွင်တည်ရှိသောမြို့ဖြစ်ကာ စစ်ကောင်စီအခြေချတပ်ရင်း (၂)ရင်းနှင့် တောင်ပိုင်းစစ်ဗျူဟာရုံးအခြေစိုက် တည်ရှိရာ မြို့တစ်မြို့ဖြစ်သည်။

ထို့အတူ မတူပီ-မင်းတပ်လမ်းသည် မတူပီမြို့၏အထူး အားထားမှီခိုနေရသော ပင်မ အသက်သွေးကြောဖြစ်သည်။ ထိုလမ်းမသည် မတူပီ တစ်မြို့တည်းသာမက မြို့ပတ်ဝန်ကျင်ရှိ ကျေးရွှာများနှင့် အချို့သောမြို့နယ်ခွဲများအထိပါ အရေးပါသော လမ်းမဖြစ်သည်။ သို့ဖြင့်ပါ၍ထိုလမ်းမပေါ်တွင် Non-CDMerများ၊ဒလန်များ၊စကစနဲ့ပတ်သက် ဆက်စပ်သူများ အပါအဝင် ၄င်းတို့ ၏မိသားစုဝင်များနှင့် ပြည်သူလူထုအတွက် ကုန်ပစ္စည်းများအား လစ်ဟာမှု မရှိစေရန်အထူးဂရုပြု ကြပ်မတ် စစ်ဆေးလျှက်ရှိရာ CDF_Matupi (B-1) အနေဖြင့်လက်လှမ်းမမှီသော စစ်ကောင်စီ နှင့် ဆက်စပ်သောပုဂ္ဂိုလ် (မိသားစုဝင်) များနှင့် ၎င်းတို့၏ ကုန်ပစ္စည်းများ တွေ့ရှိပါက မည်သူမဆို ဖုန်း ၀၉ ၄၄၁၅၆၈၂၇၉ သို့မဟုတ် Social media သတင်းပေးတိုင်ကြားနိုင်ကြောင်း CDF_Matupi (B-1) ရဲဘောင်တစ်ဦးမှ ၎င်း၏ Social Media တွင် ဖော်ပြထားပါသည်။ https://www.facebook.com/photo? fbid=628907009239076&set=pcb.628912635905180

၁၆။ သံတောင် စစ်ရှောင်ပြည်သူများ၏ အိမ်အချို့ဖျက်ဆီးခံရပြီး အရပ်သားတစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရ
February 2, 2023

ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃)မိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်နေ့က စစ်‌ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ၏နေအိမ်တချို့ကို စစ်ကောင်စီတပ်များက ဝင်ရောက် ဖျက်ဆီးမှု များရှိနေပြီး ဒေသခံတစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီး၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် တိမ်းရှောင်ထွက်ပြေးနေရသော ဒေသခံများ၏ နေအိမ်တစ်ချို့အတွင်းသို့ ဝင်ရောက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများအား မွှေနှောက်ပြီး ဖျက်ဆီးထားကြောင်း၊ ဒေသခံတစ်ဦးအား ရိုက်နှက် ဖမ်းဆီး၍ ကျေးဇူးတော်ကုန်း(အိုပီကုန်း)တွင် သတ်ပစ်ခဲ့ကြောင်း သံတောင်မြို့ဒေသခံတစ်ဦးက ယခုလိုပြောသည်။ “ဖျက်ဆီးခံထားရတဲ့ အိမ်တစ်အိမ်က ကျမအသိအိမ်ပါ။ အိမ်ထဲက ပစ္စည်းတွေကိုရိုက်ခွဲ ဖျက်ဆီး ထားကြတယ်။ တန်ဖိုးကြီးပစ္စည်းမရှိတော့ ယူသွားခံရတာတော့မရှိဘူး။ သူတို့က လူမရှိ တဲ့ အိမ်တွေဆို PDF အိမ်လို့ပဲသတ်မှတ် လိုက်ကြတာ။ သေသွားတဲ့အစ်ကိုက ကလေးတစ်ယောက် အဖေပါ။ ကျေးဇူးတော် ကုန်းနားမှာ အသတ်ခံရတာ။ မိသားစုကတော့ ထုတ်မပြောဘူး။ စစ်တပ် ဘက်က ခြိမ်းခြောက်ထားလို့လည်း ဖြစ်နိုင်တယ်။”ဟု ၎င်းက ပြောသည်။

အဆိုပါ သတ်ဖြတ်ခံခဲ့ရသည့် ဒေသခံအမျိုးသားအား ဇန်နဝါရီလ (၂၇)ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးခေါ် ဆောင် သွားခြင်းဖြစ်ပြီး နောက်တစ်နေ့နံနက်တွင် စစ်ဆေးရိုက်နှက်ကာ ပြန်လွှတ်ပေးလိုက်သော်လည်း ဒေသခံများက ၎င်းအား ဒဏ်ရာ ပြင်းထန်၍လမ်းမလျှောက်နိုင်သော အနေအထားဖြင့် လမ်းဘေးတစ်နေရာတွင် တွေ့ခဲ့ရကြောင်း၊ ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်များက ပစ်သတ်လိုက်သည့်သတင်း ကြားပြီးမတွေ့ရ တော့ကြောင်း ဒေသတွင်းသတင်း အရင်း အမြစ်များက ပြောသည်။ လက်ရှိသံတောင်မြို့တွင် မြို့ခံအများစုမှာ စစ်ဘေးရှောင်နေကြရပြီး စစ်ကောင်စီမှ မြို့တွင်းကင်း လှည့်စဉ် မသင်္ကာဖွယ်ရာတွေ့ရှိပါက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေ သောကြောင့် မိမိတို့နေအိမ်အတွင်းမှအိမ်အပြင်သို့ မထွက်ရဲကြကြောင်း သံတောင်မြို့ပေါ်တွင် လက်ရှိအချိန်ထိ ကျန်ရှိနေသောဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ညညကျရင် တော့ ပတ်ဝန်းကျင် မသင်္ကာတာ မျိူးတွေ့ရင် တပ်လှန့်တဲ့ပုံစံနဲ့ပစ်နေတာ ရှိတယ်။ မြို့ထဲမှာ ကင်းလှည့်နေရင်းနဲ့ တွေ့ရင် စစ်ဆေးဖမ်းဆီးတာ တစ်ခါတစ်လေ ထိုးကြိတ်တာတွေတော့ ရှိတယ်။ စစ်ရှောင်တဲ့လူတွေကတော့ တောင်ငူဘက်ကိုစစ်ရှောင် ကြတယ်၊ မြို့ထဲမှာကျန်ခဲ့တဲ့ သူတွေကတော့ အိမ်ထဲကအိမ်ပြင်မထွက်ရဲကြသေးဘူး”ဟု ပြောသည်။ https://kicnews.org/20 23/02/%e1%80%9e%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1

၁၇။ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွတံတား ပြိုကျပျက်စီးပြီးနောက် သွားလာရေးခက်ခဲ၍ ကုန်စျေးနှုန်းမြင့် တက်လာ
February 3, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မွန်ပြည်နယ် ချောင်းနှစ်ခွ၊ မုဒုံမြို့သို့ ဆက်သွယ်ထားသည့် ဒါလီတံတား ကြီး ဇန်နဝါရီလ ၂၈ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဒေသခံလူထုများသွားလာရေးအတွက် အခက်အခဲဖြစ် လာပြီး ဒေသ တွင်း ကုန်စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။ သံပုရာရွာနှင့် ကမ်းပါးစောက်၊ ရွှေလင်းကျေးရွာ ကြားတွင် တည်ဆောက်ထားသည့် ဒါလီချောင်းကူး တံတားကြီးကို အမည်မသိလက်နက်ကိုင်အဖွဲ့၏ ဗုံးခွဲတိုက်ခိုက်ခံရပြီး နောက် တံတားကျိုးကျ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သွားလာရေးအတွက် တခြားလမ်းကြောင်းကို အသုံးပြုနေရ၍ ခရီးဝေးလာသည့်အပေါ် ကားခစျေးတက်လာသလို ကုန်စည်စီးဆင်းမှု အခက် အခဲများကြောင့်လည်း ကုန်စျေးနှုန်းမြင့်တက်လာ ကြောင်း ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ယခုလို ပြောသည်။ “အခုက လမ်းက ပိုဝေးသွားပြီး သွားဖို့လာဖို့က လမ်းကြောင်း မဖြောင့်တော့ ကားခကလည်း စျေးပို တက် လာတယ်။ ကုန်စျေးနှုန်းတွေလည်း မြင့်လာတော့ လူထုတွေအတွက် အခက်အခဲ ဖြစ်လာတာပေါ့။ အရင်က တစ်ခါသွားဖို့ ကားခ က တစ်သောင်း၊ တစ်သောင်းနှစ်ထောင် အဲ့လောက်ကနေ အခု နှစ်သောင်း ခွဲဖြစ် သွားပြီး အသွားအပြန်နဲ့ဆိုရင် ၅ သောင်းဆိုတော့ ဘယ်လို သွားလာကြမလဲ။ လူထုတွေအတွက် အခက်အခဲ ဖြစ်လာတာပေါ့။” ဟု ပြောသည်။

ထိုသို့ ကားခစျေးနှုန်းများ တိုးလာသည့်အတွက်ကြောင့်လည်း ကုန်စျေးနှုန်းများပါ လိုက်ပါ မြင့် တက်နေပြီး ယခင် ဆန်တစ်အိတ်လျှင် ၅၀,၀၀၀ ရှိပါက တံတားပျက်စီးသွားပြီးနောက်ပိုင်း ရက်ပိုင်း အတွင်း ၅ ၂,၀၀၀ စျေးတက်သွားပြီး ဒေသခံများ အတွက် စားဝတ်နေရေး ခက်ခဲလာကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။ အဆိုပါ ဒါလီတံတား ကြီးအား မိုင်းထောင် ဖောက်ခွဲမှုဖြစ်စဉ်အပေါ် မည်သည့်အစုအဖွဲ့များက မည်သို့ရည်ရွယ်လုပ်ဆောင်နေသည်ကို ကေအိုင်စီ-ကရင်သတင်းဌာနအနေ ဖြင့် အတည်ပြု ချက်မရခဲ့သော်လည်း ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစစ် စခန်းနေရာများတွင် လိုအပ်သည့် ရိက္ခာ၊ လက်နက်၊ စစ်ကူများအား အဆိုပါ ဒါလီတံတားမှတစ်ဆင့် ဖြတ်သန်းအသုံးပြု ပို့ဆောင်ခြင်းအပေါ် ဖြတ်တောက်ရန် ယခုလို ဗုံးခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ လတ်တလောတွင် အဆိုပါ ဒေသတွင် တိုက်ပွဲ များ ဖြစ်ပွားခြင်း မရှိတော့သော်လည်း ဒေသခံများ အနေဖြင့် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မည်ကို စိုးရိမ်နေကြရသလို လက်ရှိတွင်လည်း သွားလာရေးအတွက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကြားရှိ မဲ့သရော် လမ်းကိုသာ အသုံးပြုသွားလာနေ ကြရကြောင်းလည်း ကြာအင်းဆိပ်ကြီး ဒေသခံများက ပြောသည်။ https://kicnews.org/2023/02/%e1%80%80%e1%80% bc%e1%80%ac%e1%80%a1%e1%80%84%e1%80%ba%e1

၁၈။ ကယန်းဒေသတွင် လူထုသတင်းသမား သင်တန်းပြုလုပ်
February 2, 2023

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကနေပြီး ကယန်းဒေသ တစ်နေရာမှာ လူထုသတင်းသမားနဲ့ ပတ်သက်တဲ့ သင်တန်း တစ်ရပ်ကို ဇန်နဝါရီ လ ၁၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၁၄ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုလို လူထုသတင်း သမားသင်တန်းပြုလုပ်တာနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ သင်တန်း နည်းပြ တစ်ဦးက က ” ကျနော်တို့ ကယန်းဒေသအပါအဝင် ကရင်နီပြည်နယ်အတွင်းမှာ ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေပေါ့နော်။ ပြီးတော့ စစ်ဘေးရှောင် တွေရဲ့ ဒုက္ခအခက်အခဲတွေ၊ ပြီးတော့ ဒီတော်လှန်ရေး ကာလမှာ ပြည်သူ တွေက ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာတွေကို သူတို့ကိုယ်တိုင် မီဒီယာကနေ တစ်ဆင့် ပြောပြနိုင်ဖို့ ဒီသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်ပေါ့နော်။”လို့ ဆိုပါတယ်။ အဆိုပါ လူထုသတင်းသမားသင်တန်းမှာ အခြေခံဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးနည်း၊ အင်တာဗျူးမေးမြန်းရိုက်ကူးနည်း၊ သတင်းနဲ့ ဆောင်းပါး ရေးသားနည်း စတာတွေကို သင်ကြား ပေးခဲ့တယ်လို့ဆိုပါတယ်။ သင်တန်းမှာ သတင်းပညာရပ်ကို စိတ်ဝင်စားပြီး ပြန်လည်အသုံး ချလိုတဲ့ လူငယ် (၁၃) ဦး ပါဝင်တက်ရောက်ခဲ့ ပါတယ်။

“လူထုသတင်းသမားသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်က ပထမတစ်ချက်ကတော့ ကျမဒီအဓိက သတင်း တွေကို ဘယ်လိုယူရမလဲပေါ့နော်။ ပြီးရင် ဗီဒီယို ရိုက်ကူးနည်းတွေ၊ ပြီးရင် အခြေခံ ဓါတ်ပုံရိုက်ကူးနည်း တွေ အဲ့ဒါတွေ သိချင်လို့ ဒီသင်တန်းကို တက်ရတဲ့ ပထမဆုံးရည်ရွယ်ချက်ပေါ့နော်။ ပြီးနောက်တစ်ချက် ခါကျတော့ လက်ရှိ ဒီကယန်း ဒေသမှာ ဆိုလို့ရှိရင် လူထုသတင်းသမားဆိုတာက နည်းတာပေါ့နော်။ အဲ့ကြောင့်မို့ အဲ့ဒါနဲ့ပတ်သက်ပြီး ကိုယ်တိုင်က လူထုတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သတင်းထောက်တစ် ယောက်အထိ ကိုယ်မဖြစ်နိုင်ရင်တောင်မှ အနည်းဆုံး ဒီလူထုအနေနဲ့ လူထုရဲ့ အဖြစ် အပျက်ကို သိထားတယ်ဆို ရင်တော့ တခြား သတင်းဌာနတစ်ခုပဲဖြစ်ဖြစ် ကိုယ်က ချိတ်ဆက်ပေးမယ်ဆိုရင်တော့ ဒါပိုအဆင်ပြေ တယ်ပေါ့နော်” လို့ သင်တန်းတက်ရောက်ခဲ့တဲ့ အမျိုးသမီး လူငယ်တစ်ဦးက ပြောပါတယ်။ ကယန်းမျိုးဆက်သစ်လူငယ်အနေနဲ့ ကယန်းဒေသအပါအဝင် ကရင်နီပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ် စဉ်တွေ၊ စစ်ရှောင်ပြည်သူတွေရဲ့ လူနေမှုဘဝ အခက် အခဲတွေ၊ တော်လှန်ရေး ကာလတွင်း ပြည်သူလူထုရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လူထုသတင်းသမားတွေကနေတဆင့် ဖော်ထုတ် လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ဟာ ကယန်းဒေသတွင်း ပညာရေး၊ လူသားချင်းစာနာ ထောက်ထားရေး၊ ဒေသစည်းရုံးရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအသိပညာပေးလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ အရပ်ဖက် လူငယ် အဖွဲ့တစ်ခုဖြစ်ပါတယ်။ https://www.kantarawaddytimes.org/%e1%80%80%e1%80%9a%e1%80%94%e1%8 0%ba%e1%80%b8%e1%80

၁၉။ ကရင်နီပြည်မှာ ဇန်နဝါရီလ တစ်လအတွင်း တိုက်ပွဲ (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့
February 3, 2023

ကရင်နီပြည်မှာ ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲပေါင်း (၃၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကော်စီ ဖက် (၂၂) ဦး သေဆုံးခဲ့သလို KNDF မှရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ (ဖေဖော်ဝါရီ ၃ ရက်နေ့ ) မှာ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးရှိခဲ့ သလို လက်ရှိအချိန်ထိ ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဇန်နဝါရီလ ဒုတိယအပတ်ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါ တယ်။ “ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာဆိုရင် တိုက်ပွဲနေ့တိုင်းဖြစ်ပါတယ်။ စစ်ကြောင်းထိုးပြီးတော့၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ပြီးတော့ ထိတွေ့တိုက်ပွဲတွေကတော့ နေ့တိုင်းရှိပါတယ်။ “လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်တို့ ဒီးမော့ဆိုအရှေ့ဖက် စံပြ (၆)မိုင်ဖက်မှာ စတင် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇရပ်ဖြူကျေးရွာနဲ့ နန်းဟူတွေကျေးရွာတွေအထိ ဆက်လက် စစ်ကြောင်းထိုး နေတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလအတွင်းမှာပဲ ဒီးမော့ဆိုအပြင် လွိုင်ကော်အရှေ့ဖက်ခြမ်းနဲ့ ရှားတောမြို့နယ် နယ်စပ်မှာလည်းထိတွေ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့သလို ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ မယ့်စလောင်းတောင် စခန်း သိမ်းပိုက်ခဲ့ တာတွေလည်း ရှိပါတယ်။ ဒါ့အပြင် ဇန်နဝါရီ တတိယအပတ်မှာ လွိုင်ကော်မြို့၊ တီးလုံကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းနဲ့ ကျေးရွာ တွေကို စစ်ကောင်စီက လေကြောင်းနဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ် က မြေပြင်စစ်ဆင်ရေးအပြင် လေကြောင်းစစ်ဆင်ရေးပါ အသုံးပြုပြီး တိုက်ခိုက်နေတဲ့ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဘောလခဲ မြို့နယ်လေးခုကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာရှိ တယ်လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်ရင်းတွေ၊ ကင်းပုန်း စခန်းတွေ၊ စစ်ဆေးရေးဂိတ်တွေ ၊ ရှေ့တန်းစခန်း တွေ၊ စစ်ကြောင်းတွေကိုလည်း ရှောင်တခင်တိုက်ခိုက်တာ၊ ပျောက်ကြားတိုက် ခိုက်တာ၊ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ https://www .kantarawaddytimes.org/%e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%94%e1%80

၂၀။ မူဆယ် ဗုံးပေါက်ကွဲ အရပ်သားတစ်ဦးထိမှန်
February 2, 2023

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းခွဲ မီးပွိုင့်အနီးတွင် (ဖေဖော်ဝါရီ ၂ ရက်) နံနက်ပိုင်း ၁၁ နာရီတွင် ဗုံး တစ်လုံးပေါက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ (ဖေဖော်ဝါရီ ၂ ရက်) မူဆယ်မြို့ ဟိုမွန်ရပ်ကွက် မြို့တော်ခန်းမတွင် လေးလံပွဲကျင်းပနေစဉ် ပြည်ထောင်စုကားလမ်းမပေါ် စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေး အပြည့်နှင့် စောင့်ဆိုင်း နေချိန် ဗုံးတစ်လုံးပေါက်ကွဲပြီး ကျည်စထိမှန် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ “ ဒီနေ့မြို့တော်ခန်းမမှာ အသားရောင်းဖို့ လေးလံပွဲလုပ် နေတာ၊ မြို့တော်ခန်းမ မဝင်ခင် ကားလမ်းမပေါ် က ကံ့ကော်လမ်းခွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးအပြည့် စောင်းနေတယ်။ အဲ့မှာဗုံးပေါက်ကွဲမှုဖြစ်ပြီးတော့ လမ်းသွားလာ တဲ့ အရပ်သားတစ်ဦး ကျဉ်စမှန်သွားတယ် “ ဟု ၎င်းက ပြောသည်။ ယင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်ကြောင်း မသိရသေးပေ။ https://burmese.shannews.org/archives/32856

၂၁။ ရွှေကူ ဆင်တပ်ရွာတွင် ဖမ်းဆီးထားသည့် ဆယ်ကျော်သက်လူငယ်တစ်ဦးကို ကလေး အကျဥ်ထောင်ပို့ရန် စီစဥ်နေ
February 1, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဆင်တပ်ကျေးရွာတွင် စစ်ကောင်စီဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၁၄ ဦးအနက် ၁၃ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အသက်အငယ်ဆုံး ၁၇ နှစ်အရွယ် ဆယ်ကျော်သက်အရွယ်တစ်ဦးကို ကလေး အကျဥ်း ထောင်ပို့ရန် စီစဥ်နေကြောင်း သိရသည်။ လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ တွင် ဆင်တပ်ကျေးရွာ သို့ ဝင်ရောက်လာ သည့် စစ်ကောင်စီစစ်ကြောင်းသည် ဆင်တပ်ရွာမှ အရပ်သားပြည်သူ ၁၄ ဦးကို PDF နှင့်ဆက်သွယ် ပြီး ထောက်ပို့လုပ်နေသည် ဟုဆိုကာ ဗန်းမော်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ဇန်နဝါရီလ ၁ ရက် နေ့တွင် ဖမ်းဆီးခံရသူများအနက် ၁၃ ဦးကိုသာပြန်လွတ်ပေးခဲ့ပြီး အသက် ၁၇ နှစ်အရွယ် မောင်ဖိုးချစ်ကိုမှု ကလေး အကျဥ်းထောင်သို့ ပို့ရန်စီစဥ်နေကြောင်း မောင်ဖိုးချစ် နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

”အဲ့ကလေးက ဆင်တပ်ရွာကသူ့အဖွားအိမ်ကို ခနအလည်သွားတာ အဲ့ချိန်စစ်သားတွေရောက်လာပြီး ဖမ်းခံရတဲ့ထဲပါ သွားတာ တခြားသူတွေအားလုံးပြန်လွတ်လာတယ်သူပဲမလွတ်လာတာ အကြမ်းဖက်မှုနဲ့စွဲတာ မနေ့က ရုံးချိန်းလုပ် တယ် ကလေးအကျဥ်ထောင်မှာပို့မယ်တဲ့ ဘယ်နေ့ပို့မယ်တော့ တိကျကျမသိသေးဘူး”ဟုမောင်ဖိုးချစ်နဲ့ ဆွေမျိုးတော် စပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ မောင်ဖိုးချစ် ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် တရားစွဲထားပြီး စစ်ကိုင်းမြို့ရှိ ကလေးအကျဥ်းထောင်သို့ ပို့ဆောင်ရန်စီစဥ်နေကြောင်း စုံစမ်းသိရှိရသည်။ လွတ်မြောက်လာသူ များထဲတွင် အမျိုးသား ၁၂ ဦး အမျိုးသမီး ၁ ဦးပါဝင်ကာအားလုံးမှာ အသက် ၂၀ ကျော်နှင့် လူလတ်ပိုင်းအရွယ်များသာ ဖြစ်ကြောင်း သိရသည်။ https://burmese.kachinnews.com/2023/02/01/zm1-40/

၂၂။ ပျောက်ဆုံးနေသည့် KBC မှ ဓမ္မဆရာကို ငါးရက်ကြာသည်အထိ ပြန်မတွေ့သေး
February 3, 2023

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဆမားဇုံနယ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာ ပျောက်ဆုံး နေသည်မှာ ငါးရက်ခန့်ရှိနေပြီဖြစ်ပြီး ယခုအချိန်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။ သိက္ခာတော်ရ ဆရာ ခလမ်ဂွမ်ဖန်လတ် သည် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ညက မြစ်ကြီးနားမြို့ရှိ ဆွေမျိုးဖြစ်သူ၏ နေအိမ်တွင် လက်ဆောင်သွားပေးမည်ဟုဆိုကာ X-TRAIL ကားအဖြူဖြင့်ထွက်သွားရာမှ နေအိမ်သို့ ပြန်ရောက် မလာတော့ဘဲ ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း ဆမာဇုံနယ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆရာလည်း ခရီးကပြန်လာတော့ ဆွေမျိုးအိမ်ကို လက်ဆောင်သွားပေးမယ်ဆိုပြီး ထွက်သွားတာ။ အခုချိန်ထိပျောက်နေတာပေါ့၊ ကျွန်တော်တို့လည်း စုံစမ်းနေပါတယ်။ ဆေးရုံ တွေမှာလည်းသွားမေးကြည့်ပြီး တစ်ခုခုဖြစ်ပြီး မကြားရသလားပေါ့။ အမှတ် ၁၊ ၂ ရဲစခန်းတွေမှာလည်း သွားစုံစမ်းခဲ့တယ်။ ဒါပေမဲ့ မရှိဘူးလို့ပဲပြောခဲ့တယ်” ဟုပြောသည်။

ပျောက်ဆုံးနေသည့် အသက် ၃၉ နှစ်ခန့်အရွယ် ဆရာခလမ်ဂွန်ဖန်လတ်ကို ကေဘီစီဗဟိုရုံးချုပ်မှ ရဲစခန်းတွင် သွားရောက်စုံစမ်းမှုပြုလုပ်နေကြောင်း ကေဘီစီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆမာဇုံနယ်က အဓိက လိုက်နေတာ ဟုတ်တယ်။ ကျွန်တော်တို့လည်း လိုက်စုံစမ်းနေတာတော့ဟုတ်တယ်။ ရဲစခန်းက အကြောင်းကြား လာရင်တော့ သွားဖို့လုပ်ထားတယ်” ဟု ပြောသည်။ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) တွင် ဇုံနယ် ၁၉ ခုရှိပြီး သားသမီး ၄ ဦး၏ ဖခင် ဆရာခလမ် ဂွမ်ဖန်လတ် တာဝန်ထမ်းဆောင်နေသော ဆမာဇုံနယ်သည် ဝိုင်းမော်မြို့နယ်နှင့် ကေအိုင်အေထိန်းချုပ်ဒေသမှ နယ်မြေအချို့ပါ ဝင်သည်။ ဆရာခလမ်ဂွမ်ဖန်လတ်ကို စစ်ကောင်စီက ဖမ်းဆီးထား ကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ပြန့်နှံ့နေသော် လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ အလားတူ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာတွင်နေထိုင်သည့် အသက် ၉၂ နှစ်အရွယ် ကေဘီစီ အမှုတော်ဆောင်ဟောင်း ဆရာဇော်ရိန်သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ထွက်သွား ပြီး ပြန်မလာဘဲ ပျောက်ဆုံးနေ ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/a.116371983215

၂၃။ တိုက်ပွဲကြောင့် ကုန်တင်ကားမဝင်တဲ့အတွက် အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်နေ
February 2, 2023

လွိုင်ကော်- စံပြ ၆ မိုင် – ဒေါတမကြီး- ဘောလခဲလမ်းမကြီး သွားရာလမ်းမှာ တိုက်ပွဲဖြစ်တာတွေ ရှိနေတဲ့အတွက် လတ်တလော လမ်းပိတ်ထားပြီး ကုန်တင်ကားမဝင်တာကြောင့် ဘောလခဲ- ဖားဆောင်းမြို့နယ်မှာ အခြေခံစား သောက်ကုန် ဈေးနှုန်း မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ ပထမအကြိမ်ပိတ်ကတည်းက ဈေးမြောက်သွားတော့ ဒုတိယ အကြိမ်ပိတ်လည်း ဈေးကမကျတော့ဘူးဗျ။ ဒီဈေး ဒီဈေးပဲဖြစ်သွားတယ်။ ပထမအကြိမ်ပိတ်တော့ ဈေးနှုန်းထိုးတက်သွားတဲ့ ဟာကို လမ်းပြန်ဖွင့်လိုက်တယ် သုံးရက်ဖွင့်လိုက်တော့ ပစ္စည်းတွေ တော့ရောက်တယ် ရောက်တော့ပြန်စုတယ်ပေါ့ နည်းနည်း တော့ ဈေးကျလာတာပေါ့။ ပြန်ပိတ်တော့ ပြန်ထိုးတက်သွား မှာပဲ။ လမ်းသာပြန်မဖွင့်ရင်ပေါ့နော။” လို့ ဘောလခဲဒေသခံ တစ်ဦး က ပြောပါတယ်။ အများပြည် သူလုံခြုံရေးအတွက် လွိုင်ကော် – စံပြ( ၆ ) မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ယာယီပိတ်ထား မယ်လို့ ထုတ်ပြန်ခဲ့တာရှိပါတယ်။ သို့ပေမယ့် ဇန်ဝါရီလ ( ၁၈ ) ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ပြီလို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် လတ်တလော တိုက်ပွဲအခြေအနေတွေ ကြောင့် ကုန်တင်ကား သွားလာတာ မရှိတော့ဘူးလို့ ဆိုပါတယ်။ ကုန်ကားမဝင်တဲ့အတွက် ဆိုင်မှာရောင်းချနေတဲ့ ကုန်ပစ္စည်း တွေကို နည်းနည်းစီ ခွဲဝေရောင်းချပေးနေရတယ်လို့ ဘောလခဲ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အင်ပေါ့ ခွဲပေးရတာပေါ့။ တစ်ယောက်ကို နည်းနည်းစီအဲ့မျိုးခွဲပြီးရောင်းပေးတာပေါ့။ ဥပမာ ဆန်တို့ဆို လေးငါးဆယ် အိတ်ရှိရင် ဥပမာ လာမေးတဲ့သူကို သုံးအိတ်လိုချင်ရင်တော့ တစ်အိတ်ပဲ ရောင်းပေးတာ‌ပေါ့အဲ့လိုမျိုးပေါ့” လို့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။ လွိုင်ကော် – စံပြ( ၆ ) မိုင် – ဒေါတမကြီး – ဘောလခဲလမ်းကို ရက်အကန့် အသတ်မရှိ လုံခြုံရေးအရ ယာယီပိတ်ထားတာတွေ ယခင်က မကြာခဏ ထုတ်ပြန်ထားပြီး ပြန်လည်သွားလာခွင့်ပြု တဲ့အချိန်မှာလည်း တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့ တစ်ပတ်မှာ သုံးရက် သွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ကုန်ဈေးနှုန်းမြင့်တက်နေတာကြောင့် အခြေခံလူတန်း စားတွေအတွက် စားဝတ်နေရေးအခက်အခဲဖြစ်စေတယ်လို့ ဘောလခဲဒေသခံတစ်ဦးက ပြောပါတယ်။ “စားဝတ်နေရေး အများ ကြီးခက်ခဲတာပေါ့။တချို့ဆိုရင် ရှင်းရှင်းပြောရရင် ဒီရှိတဲ့ရွာထဲက စိုက်ထားတဲ့အသီးပင်လေး မုန်ညှင်း၊ ဆလပ်ရွက်တွေ အဲ့ဒီ ဟာပဲ နည်းနည်းပါးပါး ငါးရာဖိုး တစ်‌ထောင် ဖိုးဝယ်စားဖို့တောင်အနိုင်နိုင်။ တချို့မိသားစုတွေ အဲ့လိုမျိုး တတ်နိုင်သလောက် ကိုယ်ဟာကို အံကြိတ်ပြီးမှ ကြိုးစားပြီး ရှာစားနေရတာပေါ့နော်။ အခုနေ့စားလည်း ခေါ်တဲ့လူမရှိဘူး။” လို့ သူက ပြောပါတယ်။ ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးဒေသခံတွေက လွိုင်ကော်မြို့ကနေ အဓိက အခြေခံစားသောက်ကုန်၊ ကုန်စိမ်း တွေ မှာယူ ရောင်းချနေရတာ ဖြစ်ပါတယ်။ သို့ပေမယ့် လမ်းပိတ်ထားမှုအခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်နဲ့ တောင်ငူကနေ ကုန်ပစ္စည်း တွေကိုသာ မှာယူရတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ https://www. kantarawaddytimes.org/%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80

၂၄။ မောင်တော၌ မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး
February 3, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှာ ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသားတယောက် ဖေဖော်ဝါရီ ၂ ရက်က မိုင်းနင်းမိပြီး သူနဲ့အတူလိုက်ပါသွားတဲ့ ခွေးငယ်လေးပါ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မျက်မြင် ခမောင်းဆိပ်ရွာသားတဦးက “ခမောင်းဆိပ် နယ်ခြားစောင့်ကင်းစခန်း တောင်ဘက်မှာ မိုင်းပေါက်သံကြား လို့ ရွာသားတွေ သွားကြည့်ကြတာ၊ သူနဲ့အတူပါသွားတဲ့ ခွေးကလေးရော သူပါ ပွဲချင်းပြီးသေနေတာ တွေ့ရတယ်။ ငှက်ထောင် တာလည်း တွေ့ရတယ်” လို့ ပြောပါတယ်။ သေဆုံးသွားသူမှာ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသား မောင်ကျော်စိုး (ဘ) ဦးမောင်ကျန်အေး ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၁၂ နာရီကျော်လောက်က ခမောင်းဆိပ်ကျေးရွာ နယ်ခြားစောင့်စခန်းရဲ့ တောင်ဘက်မှာ သူ့ခွေးငယ်လေးနဲ့အတူ ငှက်ကိုင်း ထောင်နေစဥ် စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပေါက်ကွဲပြီး ပွဲချင်း ပြီး သေဆုံးခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေက သူတို့နေထိုင်တပ်စခန်းချရာ နေရာအနီး ပတ်ဝန်းကျင်တွေမှာ မိုင်းတွေ ထောင်ထားပြီး တပ်စခန်း ပြန်လည်ဆုတ်ခွာချိန်မှာ အဲဒီမိုင်းတွေကို ရှင်းလင်းခြင်းမရှိတာကြောင့် အခုလို မိုင်းပေါက်ကွဲ မှုဖြစ်ပွား ပြီး ပြည်သူတွေ နေ့စဥ်ရက်ဆက် သေဆုံးနေကြရကြောင်း စစ်ရေးလေ့လာသူတဦးက ဆိုပါတယ်။ “သူတို့က စစ်ကြောင်းတက်ပြီး ရောက်တဲ့နေရာမှာ စခန်းချနေထိုင်ကြတယ်။ သူတို့စခန်းချတဲ့ ပတ်လည်မှာ မိုင်းတွေထောင်ထား တယ်။ စခန်းပြန်ရုပ်သိမ်းတဲ့ အချိန်မှာ ထောင်ထားတဲ့မိုင်းတွေကို မရှင်းလင်းခဲ့ကြဘူး။ ဒါကြောင့် ရခိုင်ဒေသမှာ မိုင်းနင်းမိပြီး သေဆုံးမှု၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရမှုက တနေ့ထက်တနေ့ မြင့်လာနေတယ်။” ၂၀၂၃ ခု ဇန်နဝါရီ တလအတွင်း ရခိုင်ပြည်နယ်မှာ မိုင်းနင်းမိပြီး အရပ်သား ပြည်သူ ၇ ဦးအထိ သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လူမှုအဖွဲ့အစည်းတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။ https://burmese.dvb.no/archives/576910

၂၅။ တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံးလောင်းကျွမ်းပြာကျ
February 3, 2023

ချင်းပြည်နယ်၊ တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ကျေးရွာဟောင်းတွင် ယမန်နေ့ ဇန်နဝါရီလ ၂ ရက် ည ၁၀ နာရီအချိန်က ထင်းမီး ဖို မှတဆင့် မီးလောင်မှုဖြစ်ပွားကာ Full Gospel ဘုရား ကျောင်း တစ်ကျောင်း၊ (EBC) ဧဝံဂလီနှစ်ခြင်းအသင်းတော်၏ မှုကြိုကျောင်းနှင့် လူနေအိမ် ၅ လုံးမီးလောင် ပြာကျသွားသည်ဟု သိရသည်။ ဒါးရ်ခိုင်ရွာဟောင်းဒေသခံတစ်ဦးက “မီးစလောင် တာက ရိုးရိုးမီးကနေ အိမ်ရှင်က မီးကိုနည်းနည်း သတိမထား မိတာ ဖြစ်မယ်အဲ့ကနေပဲစလောင်သွားတာ အိမ်ကဘေးကအိမ် တွေနဲ့ကပ်နေတာဆိုတော့ မီးလောင်တာသိပေမယ့် အိမ်တွေကကပ်နေတာဆိုတော့ကျွန်တော်တို့ ရေကအချိန်မှီမပို့နိုင်လို့ မတားနိုင်ဘူး၊ လူနေအိမ် ၅ အိမ်စ လုံးက အားလုံးပျက်စီးတယ်။ လူတွေကတော့ ထိခိုက်မှု မရှိဘူး။” ဟု ပြောသည်။ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုဝင်အတွက် ဒါးရ်ခိုင်ရွာမှ ZYA လူငယ်အသင်းနှင့် ကျေးရွာ ဒေသခံများက ယာယီတဲများထိုးပေးသည့်အပြင် လိုအပ်သည့် အိမ်သုံးဆောင်ပ စ္စည်း များ ထောက်ပံ့ကူညီပေးမှုများရှိသည်ဟု သိရသည်။ ဒါးရ်ခိုင်ကျေးရွာဟောင်းသည် တွန်းဇန်မြို့နှင့် မိုင် ၅၀ ခန့်ကွာဝေးသည်ဟု သိရပြီး လူဦးရေ ၁၇၀ ခန့်ရှိသည်။ https:// www.facebook.com/Kho numthungBurmese/photos/a.1681578358776866/3356524841282201/

၂၆။ အဆုံးသတ်တိုက်ပွဲအထိ ပါဝင်ကြရန် အာဏာသိမ်း ၂ နှစ်ပြည့်နေ့တွင် တော်လှန်ရေးခေါင်းဆောင်များ တိုက်တွန်း
February 2, 2023

အသက်နှင့်ခန္ဓာကိုယ်အား တိုင်းပြည်အတွက် ပေးအပ်ထားပြီးဖြစ်သည့်အတွက် မြန်မာ့နွေဦးတော်လှန်ရေးအဆုံးသတ် တိုက်ပွဲအထိ ညီညီညွတ်ညွတ်နှင့် အတူတကွပါဝင်သွားကြရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ က KNU- ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင်ရှိ တောင်ညိုစစ်ကြောင်းမှ ပြုလုပ်သည့် စစ်အာဏာသိမ်း ၂ နှစ်ပြည့် လူထုလှုပ်ရှားမှု တွင် တော်လှန်ရေး ခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။ တော်လှန်ရေးခရီးတွင် ဇနီး၊ သားသမီးနှင့် မိသားစု သံယောဇဉ်များ၊ အလုပ်အကိုင် အခွင့်အလမ်း စသည့်အရာများ ပေးဆပ်ထားခဲ့ပြီးဖြစ်သည့်အတွက် တိုင်းပြည် လွတ်မြောက်ရေးတွင် အဆုံးထိ ပါဝင်သွားကြရန် လိုသည်ဟု တောင်ညိုစစ်ကြောင်းမှ တပ်မှူးတစ်ဦးက ယမန်နေ့ လူထုလှုပ်ရှားမှု အခမ်းအနားတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ၎င်းက “တော်လှန်ရေးမှာ အသက်ပေးသွားတဲ့ရဲဘော် တွေရှိသလို ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ပေးဆပ်ခဲ့ရတဲ့ ရဲဘော် တွေရှိ တယ်။ သုညကနေစခဲ့ရတဲ့တော်လှန်ရေးဟာ ခုတဖြည်းဖြည်းနဲ့ ထူထောင်ရေးတွေ လုပ်ခဲ့တာ ခရီးအတော်ပေါက်နေပြီ။ လွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံလိုချင်ရင် လိုချင်တာနဲ့ထိုက်တန်တဲ့ အရာတွေ လုပ်ကြဖို့လိုမယ်။ တော်လှန်ရေးအဆုံးသတ်တိုက်ပွဲ အထိ ပါဝင်ကြပါ ”ဟု ပြောကြားခဲ့သည်။

“ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျေးရွာအတော်များများ စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်။ တိုင်းပြည်ရဲ့ လူသားအရင်း အမြစ်တွေ လည်း အတော်ပျောက်ဆုံးကုန်တယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့် ကျနော်တို့ လူငယ်တွေ ရဲ့ အနာဂတ် တွေ အကုန်ဆုံးရှုံး သွားတယ်။ အဖက်ဖက်က အားလုံးယို ယွင်းပျက်စီးသွားတယ်။ တရားမျှတမှုရရှိဖို့အတွက် အဆုံးထိတော်လှန် သွားမယ်”ဟု တောင်ပိုင်းတိုင်း ပြည်သူ့ပညာရေးကွန်ရက်တွင် စာသင်ကြားပေးနေသူ ဆရာညဏ်ကြီး က ပြောသည်။ အာဏာသိမ်းမှုကို မလို လားသည့် ပြည်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုရာတွင် အာဏာသိမ်းစစ်တပ်က လက်မခံသည့်အပြင် အကြမ်းဖက် ဖြိုခွင်းမှုကိုပါ လုပ်ဆောင်ခဲ့သည့် အတွက် အလွှာပေါင်းစုံမှ ပြည်သူများသည် ရရာလက်နက်စွဲ ကိုင်ပြီး စစ်အာဏာ ရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့ သည်မှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သည်။ https://kicnews.org/2023/02/%e 1%80%a1%e1%8 0%86%e1%80%af%e1%80%b6%e1%80%b8%e1%80%9e%e1%

၂၇။ ထောက်ပံ့မည့်သူမရှိ၍ မြောက်ဦးက စစ်ဘေးရှောင်ကလေး ၄၀ ကျော် ပညာဆက်မသင်နိုင်ဖြစ်နေ
February 3, 2023

ရခိုင်ပြည်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်ခိုလှုံနေသည့် ကျောင်းနေအရွယ် ကလေး ငယ် ၅၀ ကျော်ရှိပြီး ယင်းအထဲမှ ကလေးငယ် ၄၀ ကျော်မှာ ထောက်ပံ့မည့်သူမရှိ၍ ပညာ ဆက်လက်မသင်ကြားနိုင် ဖြစ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ စစ်ဘေးရှောင်ကလေးငယ်များသည် မြို့ဦးခေါင်းဘုန်းတော်ကြီး ကျောင်းကို အမှီ ပြု၍ “ဘုန်းတော်ကြီးသင်” ကျောင်းပညာရေးစနစ်နှင့် ပညာသင်ကြားနေကြခြင်းဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက မြို့ဦးခေါင်းဆရာတော်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ပညာသင်ကြား ပေးနေသော ဆရာ/မများကို လစာငွေ မပေးနိုင်တော့သည့်အတွက် စာသင်ကြားမှုကို ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်း စစ်ဘေး ရှောင်များ ပြောကြားချက်အရ သိရသည်။ “ဆွေမျိုး နေအိမ်တွေမှာနေပြီး ကျောင်းတက်နေသူတွေလည်း နည်းနည်းလောက်ရှိ တယ်။ လုံးဝ အဆင်မပြေတဲ့သူတွေ အများကြီးပေါ့။ သူတို့ဆိုရင်လည်း အနီးအနား မြို့ထဲကကျောင်းတွေမှာ ထားလို့လည်း မရ တော့ဘူး။ ဘာကြောင့် လဲဆိုရင် လမ်းမှာ ကား၊ ဆိုင်ကယ်တွေ အများကြီးသွားနေကြတော့ ကလေးတွေက ခြေလျင်သွားတက် လို့လည်း အဆင်မပြေဘူး။ မိဘတွေကလည်း နေ့တိုင်းသွားပို့ဖို့ အဆင်မပြေဘူး။ စခန်းမှာလည်း ကျောင်းမရှိတော့ဘူးဆို တော့ သူတို့က ပညာမသင်ကြားရတော့ဘူးပေါ့” ဟု မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်မောင်သိန်း က ပြောဆိုသည်။

မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် မူလတန်းမှ အလယ်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀ ကျော် သည့်အနက် ကျောင်းသား၊ ကျောင်းသူ ၁၀ ကျော်မှာ နီးစပ်ရာဆွေမျိုးနေအိမ်များတွင် ပြောင်းရွေ့နေထိုင်ကာ ပညာ သင်ကြား နေကြသော်လည်း ကျန်ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော်မှာ ငွေကြေးအခက်အခဲကြောင့် ပညာဆက် မသင်နိုင် ဖြစ်နေကြ သည်။ “ကလေးတစ်ယောက် ပညာမသင်ကြားနိုင်ဘူးဆိုရင် သူတို့ဘဝ တက်လမ်းအတွက် အများကြီး ဆုံးရှုံးရတယ်။ အဓိက တော့ သူတို့ကို ပညာတတ်စေချင်တယ်။ ကလေးတစ်ယောက်ရဲ့ တက်လမ်းက အမျိုးမျိုးဖြစ်သွားနိုင်တယ်။ စာမတတ်တဲ့ ကလေးတစ်ယောက်ဟာ ကြီးလာတဲ့အခါ အမျိုးမျိုးအနှိမ်ခံရမယ်။ ပညာမတတ်ရင် အနိမ့်ဆုံးအလုပ်ကို လုပ်ရမယ်။ ပညာတတ် တဲ့သူနဲ့ မတတ်တဲ့ သူတွေကတော့ မတူဘူးပေါ့” ဟု မြို့ဦးခေါင်းစစ်ရှောင်စခန်းတွင် ခိုလှုံနေသော ကျောင်းသားမိခင် ဒေါ်မအောင်မြင့် က ဆိုသည်။ မြောက်ဦးမြို့၊ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၁ စု၊ လူဦးရေ ၇၉၆ ဦးရှိပြီး ကျောက်တော်၊ မြောက်ဦး၊ ပလက်ဝ မြို့နယ်တို့မှ ဒေသခံများဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အစောပိုင်းကစ၍ စစ်ဘေး တိမ်းရှောင်လာကြခြင်း ဖြစ်သည်။ လက်ရှိတွင် စစ်ဘေးရှောင်စခန်းက ပညာဆက်မသင်နိုင်သည့် ကျောင်းသား၊ ကျောင်းသူ များ မှာ မိသားစုဝင်များနှင့်အတူ ကြုံရာကျပန်းလုပ်ကိုင်ကာ နေထိုင်နေကြကြောင်း သိရသည်။ ယခုကဲ့သို့ စစ်ဘေးရှောင် ကလေး ငယ်တချို့ ပညာဆက်လက်သင်ကြားရန် ခက်ခဲနေရသော အခြေအနေနှင့် ပတ်သက်၍ ရခိုင်ပြည်ပညာရေးမှူး ဦးဘထွီးစိန် အား မေးမြန်းရာ မိမိတို့ထံ အကြောင်းကြားလာမှု မရှိသေးကြောင်းနှင့် အကယ်၍ အကြောင်းကြား လာမည်ဆိုလျင် တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိကြောင်း ပြောဆိုခဲ့သည်။ https://www.facebook.com/dmgnewsagency/photos/ a.466679383484478/2515346725284390/

၂၈။ ဖားအံတွင် လိုင်စင်မဲ့ကား အများအပြား ဖမ်းဆီးသိမ်းဆည်းခံထားရ
February 3, 2023

ကရင်ပြည်နယ် ဖားအံမြို့လမ်းမ၊ လမ်းဆုံနေရာများတွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်၊ နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့တို့ ပူးပေါင်းပိတ်ဆို့ပြီး လိုင်စင်မဲ့ကား ဖမ်းဆီးမှုများ လုပ်ဆောင် သည့်အတွက် ဒေသခံကား အသုံးပြုသူအများအပြား ဖမ်းဆီးသိမ်း ဆည်းခံထားရကြောင်း သိရသည်။ ကရင်ပြည်နယ် စစ်ကောင်စီမှ စစ်အာဏာသိမ်း ၂ နှစ် ပြည့်ချိန် လုံခြုံရေးအစည်းအဝေးတွင် လိုင်စင်မဲ့ ကားများဖြင့် တော်လှန်ရေး ကိစ္စများတွက် ကူညီဆောင်ရွက် ပါ၀င်နေသည်ဟု ဆုံးဖြတ်ချက်အရ ဒေသအတွင်း စစ်ကောင်စီ၀န်ထမ်းများနှင့် ဒေသခံများ၊ ကရင်လက်နက်ကိုင်အဖွဲ့များ စီးနင်းအသုံးပြု နေကြ သည့် လိုင်စင်မဲ့ယာဉ်များအား ဖားအံမြို့နယ်အတွင်း စစ်ဆေးဖမ်းဆီး သိမ်းဆည်းရမည်ဟု အစည်းအဝေး ဆုံးဖြတ်ကာ ယခုလို ဖမ်းဆီးသိမ်းဆည်းမှု စတင်လုပ်ဆောင်နေ ခြင်းဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ၀န်ထမ်းများက ပြောသည်။ ဖားအံမြို့ခံ တစ်ဦးက “အခု မနက်ကော့ ကျိုက်လမ်းဆုံ၊ နောင်လုံလမ်းဆုံ၊ တောင်ကလေးလမ်းဆုံ၊ သံလွင်တံတား ဒန်ကိုဆီဆိုင် လမ်းဆုံ နေရာတွေကို လမ်းပိတ်ချလိုက်ပြီးတော့ လိုင်စင်မဲ့ကားတွေ စဖမ်းနေပြီ၊ စာထုတ်တာအသိပေးတာတွေ မလုပ်တော့ အကုန် ဖမ်းခံထိကုန်ပြီ၊ မြို့တွင်းမှာလည်း လမ်းမတန်းတွေ၊ ကမ်းနားတန်းတွေ၊ လမ်းဆုံနေရာတွေကနေ ထွက်လာသမျှ ကားတွေကို စစ်တပ်၊ ရဲ၊ BGF တွေ အင်အားအများကြီးနဲ့ အကုန်ဖမ်းသိမ်းနေပြီ။ အခုဆောက်လက်စ ဇွဲကပင် ပလာဇာ၀င်းထဲမှာ ကားတွေ အများကြီး သိမ်းဆည်းခံထားရတယ် ”ဟု ပြောသည်။

ကရင်ပြည်နယ် စစ်ကောင်စီရုံးတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ချိန် လုံခြုံ/စီမံ အစည်းအဝေး တွင် စစ်ကောင်စီ၀န်ကြီးချုပ်မှ တော်လှန်ရေးထောက်ပို့/ထောက်ပံ့မှုများအား လိုင်စင်မဲ့ ကားများဖြင့် လုပ်ဆောင်မှုရှိ နေသည့်အပေါ် လုံ/နယ်၀န်ကြီး/ပြည်နယ်ရဲမှူးနဲ့ လက်အောက်ခံ၀န်ထမ်း အကြီးအကဲတွေက ဆုံးဖြတ်ပြီး ဖေဖော်ဝါရီ ၃ ရက်မှစပြီး လိုင်စင်မဲ့ ကားဖမ်းဆီးရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၀န်ထမ်းကား၊ လက်နက်ကိုင်အဖွဲ့များ မိသားစုကား၊ အပစ်ရပ်အဖွဲ့အစည်း ထောက် ခံချက် လက်မှတ်၊ ဘုန်းကြီးကျောင်းကား၊ ပရဟိတအဖွဲ့ကား၊ ထောက်ခံချက် အမျိုးမျိုး နှင့် မောင်းနေသော ကားများအားလုံးကို ဖမ်းဆီးသိမ်းဆည်းရမည်ဟု ဆုံးဖြတ်အမိန့်ပေးထားကြောင်း စစ်ကောင်စီ လက်အောက်ခံ၀န်ထမ်းများက ပြောစကားအရ သိရ သည်။ “(Without) ကား ဖမ်းတာက ခေတ်အဆက်ဆက်ပါ၊ စီးနေ၊ ရောင်းနေ၊ ၀ယ်နေကြတာလည်း ခေတ်အ ဆက်ဆက်ပါပဲ။

ဒီစစ်ကောင်စီက ၀င်ငွေရလမ်းသိပ်မရှိတော့ဘူးဆိုတော့ ၀စ်သောက်ကား ဖမ်းတဲ့ ဘက်ကို ပြန်လှည့်လုပ်လာတဲ့ သဘောလို့ မြင်ပါတယ်၊ နောက်တစ်ချက်က တော်လှန်ရေးထောက်ပို့ လမ်းကြောင်းတွေလည်း ပြတ်အောင်လုပ် တာမျိုးပေါ့၊ တစ်ဖက်က လည်း ပြည်နယ်က ၀န်ထမ်းတွေ ကား ဖမ်းတာအပေါ် လာဘ်ယူ ငွေ၀င်ပေါက်ရပြီး သူတို့သြဇာခံနေမယ်၊ ”ဟု ဖားအံမြို့ခံ တစ်ဦးက ပြောသည်။ https://kicnews.org/2023/02/%e1%80%96%e1%80%ac%e1%80%b8%e1%80%a1%e1%80%b

၂၉။ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ်ကြံ့ခိုင်ရေးဥက္ကဌကို စစ်ကောင်စီ ပြောင်းလဲခန့်အပ်
February 2, 2023

အရေးပေါ်ကာလ ၆ လဆက်တိုးပြီး အာဏာဆက်ယူထားတဲ့ စစ်ကောင်စီက ၎င်းတို့ရဲ့အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာမှာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကို အနားပေးပြီး ကြံ့ခိုင်ရေးပါတီရဲ့ မွန်ပြည်နယ်ဥက္ကဌကို ခန့်အပ်လိုက် ပါတယ်။ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကို ဘာကြောင့် တာဝန်ကနေ အနားပေးလိုက်တယ် ဆိုတာတော့ စစ်ကောင်စီက ပြောဆို ထားတာ မရှိတဲ့အတွက်မသိရပါဘူး။ အသစ်ခန့်အပ်လိုက်တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ကြံ့ခိုင်ရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဌလည်းဖြစ် စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး လည်း ဖြစ်တဲ့ ဦးအောင်ကြည်သိန်း ဖြစ်ပါ တယ်။ ၎င်းက မွန်ပြည်နယ် စစ်ကောင်စီအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေနဲ့ သတင်းမီဒီယာအချို့ကို ပြောဆိုနေ တာကိုလည်း တွေ့ရပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရဖူးပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) မှာ NLD ကိုယ်စားလှယ်လောင်း ကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ စစ်ကောင်စီက ၎င်းရဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြောင်းလဲ ခန့်အပ်ခဲ့တာက မွန်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဝန်ကြီးချုပ်တွေလည်း ပြောင်းလဲခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=224630789954678&set=a.196212682796489

၃၀။ ULA/AA စိုးမိုးသည့်ဒေသများတွင် စစ်ကောင်စီထုတ်ကုန်များသုံးစွဲမှုနည်းပါးလာသော်လည်း မြို့ကြီးများ၌ ရောင်းအား ကောင်းဆဲ
February 2, 2023

ရခိုင်မြို့ပေါ်ဒေသများတွင် စစ်ကောင်စီထုတ်ကုန်များ ရောင်းအားကောင်းနေဆဲဖြစ်သော်လည်း ULA/AA စိုးမိုးရာ ဒေသအချို့တွင် စစ်တပ်ထုတ်ကုန်များအသုံးပြုမှုမရှိသလောက်နည်းပါး လာနေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ စစ်ကောင်စီထုတ်ကုန် ယာမကာရည်များဖြစ်သည့် Myanmar Beer၊ Andaman Gold Beer၊ Myanmar Premiun Beer၊ Black Sheld၊ Dagon Beerစသည့် ယာမကာများနှင့် Preminum Gold၊ Red Ruby တံဆိပ် စီးကရက်နှင့် Mytel ဆင်းကဒ်များ အသုံးပြုမှုကို မြန်မာတစ်နိုင်ငံလုံးမှ ဒေသအများအပြားတွင် စစ်တပ် အာဏာသိမ်း ချိန်ကတည်းက အသုံးပြုမှု နည်းပါးလာခဲ့ သည်။ ရခိုင်တွင်လည်း စစ်တပ်ထုတ်ကုန်များကို ULA/AA အုပ်ချုပ်ရေး ယန္တရားစိုးမိုးသည့် ဒေသသအများစုတွင် အသုံးပြုမှု နည်းပါးလာသော်လည်း စစ်‌တွေမြို့၊ သံတွဲ၊ တောင်ကုတ် အမ်း၊ ကျောက်ဖြူ၊ မြောက်ဦးကဲ့သို့ မြို့ကြီးတစ်ချို့တွင် ရောင်းအား ကောင်းနေဆဲဖြစ်သည်။ မြို့ပေါ်‌များတွင် လက်ရှိ ရောင်းအားကောင်းနေရခြင်းမှာလည်း အစားထိုးထုတ်ကုန် မရှိသေးသည့် အတွက်ဖြစ်သလို ဈေးသက်သက်သာသာ နှင့် သောက်နိုင်၍ လည်းဖြစ်နိုင်သည်ဟု စစ်တွေမြို့မှ ယာမကာဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ “စစ်တပ်ထုတ်ကုန် ဆိုပေမဲ့လည်း ဒီဘီယာအစား ဒီဈေးနဲ့ ဒီအရသာအတိုင်း အစားထိုးထုတ်ကုန်က မရှိသေးတာ လည်းပါတာပေါ့။ တစ်ချို့က ဒီအမျိုးအစားပဲ သောက်လို့အဆင်ပြေတဲ့ သူတွေများတာလည်း ပါပါတယ်။ တခြားတစ်မျိုးကို ပြောင်း‌သောက်လို့အဆင်မပြေတဲ့သူတွေပေါ့။ တခြား နိုင်ငံခြားဖြစ် ဝိုင်တွေ ဘီယာတွေနဲ့ယှဉ်ရင် ဈေးကပို သက်သာ တာလည်း ပါပါတယ်။ ဆိုင်မှာ ရောင်းအားအကောင်းဆုံးဆိုရင်တော့ Myanmar beerနဲ့ Andaman beer ပါပဲ။ တခြား အမျိုးအစားတွေက ဈေး သောင်းကဏန်းထိဈေးရှိနေတော့ ဒါတွေပိုရောင်းအားကောင်းတယ်”ဟုပြောသည်။

လက်ရှိစစ်ကောင်စီထုတ်ကုန်ဖြစ်သည့် Adaman Beer (ဘူးကြီး)တစ်ဖာလျှင် (၂၄ လုံး) ၄၁၀၀၀ ကျပ်၊ Andaman Beer (ဘူးသေး)တစ်ဖာလျှင် ၂၉၀၀၀ကျပ်၊ Myanmar beer (ဘူးကြီး) တစ်ဖာလျှင်၄၉၀၀၀ကျပ်၊ Myanmar ber(ဘူးသေး) တစ်ဖာ လျှင် ၃၇၀၀၀ ကျပ်၊ Myanmar beer တစ်ဖာလျှင်(၁၂ပုလင်း) ၃၆၀၀၀ ကျပ်၊ Preminum Gold ဆေးလိပ် တစ်ပါကင်(၁၂ ဗူး) ၁၄၀၀၀ကျပ်၊ Red Ruby ဆေးလိပ် တစ်ပါကင်လျှင် ၁၇၅၀၀ကျပ် ဈေးအသီးသီးရှိနေသည်။ စစ်တပ်ထုတ်ကုန်ဘီယာများ ယခင် က ယခုထက်ရောင်းအားရောင်းခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းချိန် အပါအဝင် ရခိုင်တွင်တကျော့ပြန် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တင်းမာချိန်ကတည်းက နယ်ဖက်ဒေသများကို ရောင်းအားကျဆင်းသွားသည်ဟု စစ်တွေမြို့မှ ယာမမျိုးစုံဖြန့်ဖြူး ရောင်းချနေသူက ပြောသည်။ “အဓိကကတော့ Myanmar နဲ့ Andaman တို့ပဲ နယ်ဖက်တွေက အဝယ်လုံးဝနည်းသွားတယ်။ အဲ့ဒီအစား တခြား RUM တို့ Grandတို့ကို ပိုပြီးအစားထိုး သုံးလာတာတွေ့ရပါတယ်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့ တခြား ဘူးသီးတောင်၊ မောင်တောဖက် တွေလည်း အရင်က တစ်လကို ဖာ ၁၀၀၀ ပို့ရရင် ခု ၂၀၀ လောက်တောင် မပို့ရတော့ဘူး အဲ့လို ဖြစ်သွားတယ်”ဟု ပြောသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၀ ရပ်နေ့ကလည်း ရခိုင်တပြည်နယ်လုံးတွင် လူ့အခွင့်အရေး ချိုးဖောက် နေသည့် စစ်တပ်ထုတ်ကုန်များကို ရခိုင်ပြည်နယ်တွင် မရောင်းချကြရန်နှင့် ပြည်သူများ အနေဖြင့်အသုံးမပြုဖို့ကိုလည်း ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းက တောင်းဆိုခဲ့သည်။ https://www.facebook.com/westernnewsage ncy/pho tos/a.119286173211229/704989221307585/

၃၁။ လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေ ဆိုးရွားနေဆဲဖြစ်ကြောင်း UN OCHA ထုတ်ပြန်
February 2, 2023

စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ အရေးပေါ်အကူအညီ လိုအပ်မှု မြင့်တက်နေပြီး အကူအညီပေးနိုင်တဲ့ ဝန်းကျင်အနေအထားကလည်း ဆိုးရွား နေဆဲပဲလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UN OCHA) က ဖေဖော်ဝါရီ ၂ ရက်နေ့ ထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း အရေးပေါ် အကူအညီ လိုအပ်သူ ၁၇ ဒသမ ၆ သန်းရှိနေပြီး ဒါဟာ မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေရဲ့ သုံးပုံတစ်ပုံ ဖြစ်တယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှု အကူ အညီပေးရေး အသိုက်အဝန်းဟာ အမေရိကန်ဒေါ်လာ ၇၆၄ သန်း သုံးစွဲမယ့် အရေးပေါ် အကူအညီပေးရေးအစီအစဉ်ကို စတင် နေပြီးတိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက လူဦးရေလေးသန်းခွဲကို ဦးစားပေး ထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲ၊ တင်းကျပ်တဲ့ လုံခြုံရေး အခြေအနေ၊ အကူအညီပေး ရေးအခြေအနေတွေအပေါ် ကန့်သတ်ထိန်းချုပ်မှုနဲ့ ကူညီ ကယ်ဆယ်ရေးလုပ်သားတွေကို ခြိမ်းခြောက်မှုတွေက မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဆက်ဖြစ်နေပြီး လူ့အသက်တွေကို ထိခိုက်စေတယ်၊ လူသားချင်းစာနာမှု အကူအညီ ပေး ရေးလုပ်ငန်းတွေ ကို ဆိုးဆိုးရွားရွား အဟန့်အတား ဖြစ်စေ တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့ အထိ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၅ သန်းအထိ မြင့်တက်လာကြောင်းလည်း ထုတ်ပြန်တဲ့ (UN OCHA) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news/unocha-reports-humanitarian-aid-02022023074100.html

၃၂။ ထားဝယ်ခရိုင်တွင် ဇန်နဝါရီလအတွင်း မီးလောင်မှု ၈ ကြိမ်ဖြစ်
February 3, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တောမီးနဲ့ ရှို့မီးတွေ အပါအဝင် မီးလောင်မှု ၈ ကြိမ်ထက် မနည်း ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်၊ ၂၁ ရက်၊ ၂၅ ရက်၊ ၂၉ ရက်နဲ့ ၃၁ ရက်တွေမှာ ထားဝယ်မြို့၊ တဂူသိမ်ဈေးအနီး တောမီး တကြိမ်၊ လောင်းလုံးမြို့နယ် မောင်းမကန်လမ်း တောရှည်ရွာမှာ နှစ်ကြိမ်၊ ရေဖြူမြို့နယ် ပုဂေါဇွန်း ဆီအုန်းခြံနဲ့ သဗြေဇွန်းရွာမှာ တောမီးနှစ်ကြိမ်၊ စုစုပေါင်း ၅ ကြိမ် လောင်ခဲ့တယ်လို့ တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန် ထားပါတယ်။ ဇန်နဝါရီ ၃၁ ရက် ညမှာပဲ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပါ သေးတယ်။ ထားဝယ်မြို့ခံတဦးက “မီးလောင်သွားတဲ့အိမ်က ဦးဖိုးသီး အသက် ၉၀ ကျော် အဘိုးကြီးနဲ့ သူ့မိသားစုတွေ နေတဲ့အိမ်ပါ။ ည ၁၁ နာရီလောက် ထလောင် တာ၊ တအိမ်လုံးကုန်သွားတာပဲ။ ဘယ်ကစလောင်မှန်းတော့ မသိရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ ထားဝယ်အရှေ့တောဒေသ ဝကုန်းရွာနဲ့ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ လက်ချက်ကြောင့် ဇန်နဝါရီ ၇ ရက်နဲ့ ၁၁ ရက်တွေမှာ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ခံရပြီး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ထားဝယ်ခရိုင်မှာ စစ်တပ်အာဏာ သိမ်းကာလ (၂၀၂၂ ဒီဇင်ဘာလအထိ စာရင်းအရ) အတွင်း သဘာဝမီးဘေး မပါဝင်ဘဲ မီးရှို့ခံရမှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်အလုံး ၅၀ ကျော် ရှိကြောင်း တနင်္သာရီအခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့ Southern Monitor အဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ https://burmese.dvb.no/archives/576819

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button