ဓါတ်ပုံ – CDF-MINDAT
(ဓာတ်ပုံများသည် စစ်ဘေးရှောင် ယောင်္ကျာသားများကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော အိမ်နှင့် ဦးခေါင်းခွံ အပိုင်းအစနှင့်မလောင်ကျွမ်းသေးသော အစိတ်အပိုင်းများ ဖြစ်သည်။)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၁
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ပလုံတွီ နှစ်ဖက်တိုက်ပွဲမှာ အင်အား ၁၂၀ ခန့် ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပလုံတွီကျေးရွာကို ဝင်စီးပြီး ရွာခံများနှင့် စစ်ဘေးရှောင် အရပ်သား ၄၀ ဝန်းကျင်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို တချို့အရပ်သားများကို သတ်ဖြတ်မှု ရှိခဲ့တယ်လို့ CDF-MINDAT က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲ ခန့်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ဟာ PDF ဝတ်စုံများ ဝတ်ဆင်ပြီး ပလုံတွီကျေးရွာထဲကို ဝင်စီးခဲ့တာပါ။ အဲဒီနေ့ မွန်းတည့် ၁၂ နာရီခန့်မှာတော့ CDF-MINDAT ရဲဘော်များဟာ စစ်ကောင်စီတပ်ဖွဲ့တို့ကို အနီးကပ် ၂ ကြိမ် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အနီးကပ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးမှု ရှိခဲ့ပေမယ့် အရပ်သားအများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာကြောင့် စစ်ဆင်ရေးပြုလုပ်ဖို့ ခက်ခံသွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ဓားစာခံများထဲက အမျိုးသား ၇ ဦးကို လက်ပြန် ကြိုးတုတ်ပြီး တခြားတနေရာသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကြိုးတုတ် ခေါ်ဆောင်ခံရတဲ့ ဓားစာခံ အမျိုးသား ၇ ဦးထဲက ၆ ဦးဟာ နောက်ရက် နိုဝင်ဘာ ၉ ရက်နေ့ကစပြီး အဆက်အသွယ် မရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခံခဲ့ရသူများထဲတွင် ပါဝင်နိုင်ကြောင်း ယူဆ တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၄ နာရီခွဲခန့်မှာတော့ စစ်ကောင်စီတပ် စစ်ကြောင်းတို့ဟာ ဓားစာခံ အမျိုးသား တဦးကို ခေါ်ဆောင်ပြီး တပ်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ အဲဒီနေ့ ညနေပိုင်း ၃ နာရီကျော်ခန့်မှာတော့ စစ်ကောင်စီ စစ်ကြောင်းဟာ ထီးလင်းမြို့ထဲ ပြန်လည် ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားပြီးနောက် CDF-MINDAT ရဲဘော်များက နယ်မြေရှင်းလင်း ရေး ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီစစ်ကြောင်း၏ လူမဆန်ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့တဲ့ အလောင်း အကြွင်းအကျန်များ တွေ့ရှိခဲ့ရသလို စစ်ဆေးကြည့်ရာတွင် အလောင်းများကို မီးရှို့ပြီး ကျန်အရိုးစုများကို ကြေမွအောင် ထုချေခဲ့သေးတယ်လို့ ဆိုပါတယ်။ အဲဒီလို မီးရှို့သတ်ဖြတ်ခဲ့တဲ့ အလောင်းများကို ကြေမွအောင် ထုတ်ချေခဲ့တာကြောင့် သေဆုံးသွားသူများ၏ မိသားစုဝင်များက အသုဘချ သဂြိုလ်ပေးရန်ပင် မည်သူ မည်ဝါ၏ အလောင်းအကြွင်းအကျန်ဖြစ်တယ်ဆိုတာကို မသိရှိနိုင်တော့ပါ။
ဆက်လက်ပြီး အဆက်အသွယ်မရရှိသေးတဲ့ ဒေသခံများ ၉ ဦးထဲက အသက်ရှင်ကျန်ရစ်သူများ ရှိနိုင်တာကြောင့် CDF-MINDAT ရဲဘော်များဟာ တောနင်း ရှာဖွယ်မှုများ ဆောင်ရွက်လျက်ရှိပြီး ရွာထဲတွင် ကျန်ခဲ့တဲ့ ဓားစာခံ ရွာခံများနှင့် စစ်ဘေးရှောင်များကို လုံခြုံတဲ့ နေရာသို့ ရွေ့ပြောင်းပေးခဲ့ပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ပလုံတွီတိုက်ပွဲ အတွင်း ကျဆုံးသွားခဲ့တဲ့ ပြည်သူများ၏ ကျန်ရစ်တူ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြောင်း CDF-MINDAT တပ်ဖွဲ့က ပြောဆိုထားသလို ထီးလင်းမြို့၌ စစ်ကောင်စီတပ်ဖွဲ့များ က အထုပ်အပိုးများ ပြင်ဆင် လှုပ်ရှားနေလျက် ရှိတာကြောင့် ထီးလင်းနှင့် မင်းတပ်နယ်များအတွင်း သွားလာခြင်းများ မပြုလုပ်ကြသေးရန် အသိပေးထားတာပါ။