ဓါတ်ပုံ – Cobra Column (ထုတ်ပြန်ချက်)
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၀
ကော်ဘရာ ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဗျူဟာကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူပါ ယူနေ ရတယ်လို့ Cobra Column က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) ၏ ဝေါ်လေဗျူဟာတွင် အခြေပြုသော Mi -35 P အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ယနေ့ (နိုဝင်ဘာ ၁၀) ရက်နေ့၊ မနက် (၁၁) နာရီခန့် မွန်းလွဲ (၁) နာရီအတွင်းမှာ ဘလက်တိုကျေးရွာနှင့် အနီးဝန်းကျင်မှာ ကော်ဘရာပူးပေါင်းတပ်ဖွဲ့များကို နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေချိန်အတွင်း မင်္ဂလာဒုံလေတပ်စခန်းမှ MPA ATR (42) အမျိုးအစား လေယာဉ်အမှတ် (၀၀၀၆) ကင်းထောက် လေယာဉ်ဖြင့် လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို၊ ဘလက်တို၊ သေ့ဘော့ဘိုး ကျေးရွာအနီးဝန်းကျင်ဒေသများသို့ ကင်းထောက် ပျံသန်းခဲ့တာလို့ ဓါတ်ပုံမှတ်တမ်းနှင့်တူ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များကို KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူးပေါင်း စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂) ၊ Federal Wings ဒရုန်းအဖွဲ၊ ရောင်နီ တပ်ခွဲ ဒရုန်းအဖွဲ စသည့် ပူးပေါင်းတပ်ဖွဲများက တိုက်ခိုက်လျက်ရှိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှု ကြီးမားနေတာလို့ သိရပါတယ်။
ဒီကနေ့ နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီ တပ်ဘက်က ကော်ဘရာ ပူးပေါင်းတပ်ဖွဲ့များကို (၁၂၀) မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို၊ ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခဲ့တာပါ။
ကော်ဘရာ ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ ဒရုန်းတပ်ဖွဲ့များကလဲ ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ တပ်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက် သေဆုံးမှု အရေအတွက် အတိအကျကို တော့ စစ်မြေပြင် အခြေအနေများအရ အတည်ပြုနိုင်ဖို့ စုံစမ်းစီစစ်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ နှစ်ဖက်တိုက်ပွဲအတွင်း ကော်ဘရာ ပူးပေါင်းတပ်ဖွဲများဘက်က တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။