သတင်း

နေ့စဉ်သတင်းအကျဉ်း

ဖက်ဒရယ်ဂျာနယ်မြန်မာ ( အောက်တိုဘာ – ၉)

 

 

  • ကန်က်ပက်လက်မြို့ပေါ်တွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များသည် (11.2022) ရက်နေ့ မနက်  (၈)နာရီခန့်မှစ၍ မြို့တွင်း လုံခြုံရေးတင်းကြပ်ကာ လမ်းကြိုလမ်းကြားများအထိ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်းနှင့် ကန်ပက်လက်မြို့၊ကျေးလက်ဖွံ့ဖြိုးရေးဌာနရုံးရှေ့တွင် အသက် (၅၀) ခန့်အရွယ်အမျိုးသားတစ်ဦးအား စစ်ကောင်စီမှ ပါးရိုက်စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့ ကြသည်။ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် အသွားအလာအထူးသတိပြုကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီမှ ယခုကဲ့သို့ထပ်မံကျူးလွန်ပါက CDF-Kanpetlet အနေဖြင့် ပြန်လည်တုံ့ပြန်သွားမည် ဖြစ်ကြောင်းသတိပေးထုတ်ပြန်သည်။

 

  • ကရင်ပြည်နယ်၊ ဖာပွန်မြို့ ၊ KNU တပ်မဟာ ၅ နယ်မြေ ရှိ ခရစ်ယန်ဘုရားရှိခိုးကျောင်း၊ အခြေခံပညာ မူလတန်းစာသင်ကျောင်းနှင့် ပြည်သူများနေထိုင်သော နေရာများကို စစ်တပ်က ယနေ့ နံနက်အစောပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီအချိန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် စော်မူပလောကျေးရွာအုပ်စု၊ တာဘော ကော်ဒဲကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ  ခရစ္စယာန်ဘုရားရှိခိုးကျောင်း တစ်ကျောင်း နှင့် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက် ပျက်စီးသွားကြောင်း၊ ဘုရားကျောင်း အနီးပတ် ဝန်းကျင်တွင်နေထိုင်သော အိမ်များလည်း ထိခိုက်မှုရှိပြီး ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း KNU က တရားဝင်သတင်းထုတ်ပြန်ထားသည်။

 

 

  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ ဒီကနေ့ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရပါတယ်။ ကျိုင်းတုံမြို့ တက္ကသိုလ်အနီးမှာ တူမီးသေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး ပစ်ခတ်သူဟာ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ပစ်သတ်ခံရလို့ သေဆုံးတဲ့ အမျိုးသားဟာ အသက် ၃၈ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

 

  • လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ LL-PDF စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့သွားသည်ဟု LLPDF အဖွဲ့က ပြော သည်။ လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌ LLPDF အခြေစိုက်ရာ တပ်စခန်းတစ်ခုကို အင်အား ၁၀၀ ကျော်ရှိ စစ် ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်း သိမ်းပိုက်ပြီး လက်လုပ်မိုင်းအချို့နှင့် ရိက္ခာများကို ယူသွားပြီး စခန်းကိုပါ မီးရှို့သွားသည်ဟု LLPDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “PDFစခန်း အသိမ်းခံရတယ် ကြားတယ်။ နှစ်ဘက်ပစ်ခတ် တိုက် ပွဲဖြစ်သံမျိုး မကြားရပေမယ့် တောင်ကြောတလျှောက် လက်နက်ကြီးသံ သေနတ်သံတွေက တညလုံး အဆက် မပြတ်ကြားနေရတယ်။ ရွာတွေနဲ့တော့ ဝေးပါတယ်” ဟု အသက် ၃၅ နှစ် အရွယ် ဒေသခံတစ်ဦး က ပြောသည်။

 

  • မန္တလေးတိုင်း၊ အမရပူရမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးသည် တန်ဆောင်မုန်းလပြည့်နေ့ညက အရက်သေစာ သောက်စားပြီးအပြန်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွား ကြောင်း သိရသည်။ သတ်ဖြတ်ခံရသူသည် အဆိုပါရုံးမှ ရဲဖြစ်သူ ယာဉ်မောင်း သူရအောင် ဆိုသူဖြစ်ပြီး ၎င်းအား မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myintnge People Defence Force-MNPDF) က ရှင်းလင်းခဲ့ခြင်းဖြစ် ကြောင်း ယမန်နေ့ နို၀င်ဘာလ ၈ ရက် ညတွင် ထိုအဖွဲ့က သတင်းထုတ်ပြန်သည်။ ဒုတပ်ကြပ်ရဲနှင့် အတူပါလာသော 9mm ကျည် ၉၁တောင့်၊ ငွေ ၈၇,၇၀၀ကျပ်၊ ဖုန်းတစ်လုံးနှင့် လက်စွပ် တစ်ကွင်းကို သိမ်းဆည်းခဲ့ကြောင်း သတင်းမှတ်တမ်းဓာတ်ပုံနှင့် တစ်ကွ MNPDF ကဖော်ပြသည်။

 

  • အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ နိုဝင်ဘာ ၉ ရက်နံနက်၌ မှော်လှည့်သပိတ်စစ်ကြောင်းက ချီတက်ဆန္ဒပြကြသည်။ ‘ဖားကန့် အနန့်ပါအတွက် ဝမ်းနည်း မှုကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်ကြ’ ‘ငါတို့ ဘယ်တော့မှ မကြောက်ဘူး ဖားကန့်သားတွေ’ စသည့် ဘန်နာများကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ကြွေးကြော်ဆန္ဒပြကြသည်။

 

  • ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ဘယ်အဖွဲ့ အစည်း ဘယ်ပုဂ္ဂိုလ်ကိုမှ အားကိုးနေလို့မရပါဘူး ကိုယ့်နိုင်ငံရဲ့အရေးကို ကိုယ့်ပြည်သူတွေကပဲလုပ်ကြ ရမှာပါ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို “ငါတို့ လျောက်သလောက် ရောက်ခဲ့ပြီ။ ငါတို့ပန်းတိုင်းမဝေးတော့ပြီ။ မလျော့သောဇွဲနဲ့ ရှေ့သို့ချီကြ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၀၈ ရက်မြောက်အဖြစ် နိုဝင်ဘာ ၉ရက် ယနေ့တွင် ဆက်လက်ချီ တက်ခဲ့ ကြသည်။ လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our Ambassador Reject Dictator”   စာတန်း ကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့ရသော အာဇာနည်ရဲဘော် အပေါင်းအား အလေးပြုခဲ့ကြသည်။

 

  • လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ သပိတ် ချီတက် ဆန္ဒပြသည့် ရက်ပေါင်း ၅၀၀ ပြည့်နေ့ အဖြစ် “ရက် ၅၀၀ ခရီးမှသည် အနာဂတ် ဖက်ဒရယ်ဆီသို့ ချီတက်မည်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ၅/လက်ပံတောင်းတောင်စစ်ကြောင်းမှ ကျဆုံးရဲဘော်များတနှစ်ပြည့်အလေးနီပြုအခမ်းအနားသို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသပင်မတို့ပူးပေါင်း၍ ပြည်သူများနှင့် အတူ ပြုလုပ်ခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် မြောက်ပိုင်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီခွဲတွင် စစ်တပ်နှင့်ရဲများက ထားဝယ်မြို့၊ ကြက်စားပြင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ထားဝယ် PDF ရဲဘော် ကိုအောင်ခိုင်၏ ဖခင် ဦးကြည်လွင်နှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင် ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ထားဝယ် PDF ရဲဘော် အောင်ခိုင်၏ ဖခင် အသက် ၆၀ အရွယ် ရောဂါသည် ဦးကြည်လွင်ကို သတ်ဖြတ်ထားခဲ့ပြီး အလောင်း ကို ထားဝယ်မြို့၊ လမ်းမသစ်တွင် တွေ့ရှိရကြောင်း သိရှိရသည်။ ” လက်ပြန်ကြိုးချည်ထားတယ်။ မျက်လုံးကိုပိတ်ထားတယ်။ ဘယ်လိုပုံစံသတ်တယ်ဆိုတာကိုတော့မသိသေးဘူး။ အရမ်းကို ဆိုးရွားရက်စက်လွန်းပါတယ်။ သူ့မိန်းမ အသတ်ခံရတာမှ တနှစ်မပြည့်သေးဘူး။ သူကလည်းရောဂါသည်ပါ။ အလုပ်လည်းမလုပ်နိုင်ပါဘူး။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက  ပြောသည်။ ရဲဘော် အောင်ခိုင်၏ မိခင်ဖြစ်သူ အသက်၆၀အရွယ် ဒေါ်ညွန့်လှိုင်မှာလည်း ယခုနှစ် မေလ ၂၄ ရက်နေ့  ထားဝယ်ကမ်းနားစျေးတွင် ဒူးရင်းသီး ရောင်းနေချိန် သေ နတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သတ်ဖြတ်မှုသည် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လက်ချက်ဖြစ်ကြောင်း မြို့ခံများက ဆိုကြသည်။

 

  • မြင်းခြံမြို့နယ်အတွင်း ရွာပြန်ပြီး နွားလှည်းပြန်ယူစဉ် အကြမ်းဖက်စစ်တပ် ပစ်ခတ်၍ သေဆုံးသွားသူ၏ အလောင်းကိုမြင်ပြီး မိခင်ဖြစ်သူပါ ယနေ့နံနက်က ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်အစောပိုင်းက မြင်းခြံမြို့နယ်၊ ပျားရွာသား ကိုဇော်မျိုးနိုင်သည် ထွက်ပြေးတိမ်းရှောင်နေရာမှ ရွာသို့ပြန်လာကာ နွားလှည်းလာယူစဉ် အကြမ်းဖက်စစ်တပ်က ပစ်ခတ်၍ ရွာ အပြင်ဘက်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မြင်းခြံ PDF ရဲဘော်တစ်ဦးက ပြောသည်။ “ဒီနေ့မနက် သူသေသွားတဲ့အလောင်းကို မြင်ပြီး အမေ ပါထပ်သေတာ။ ပျားရွာတစ်ရွာလုံးက ထွက်ပြေးနေရတာ။ သေသွားတဲ့ ကိုဇော်မျိုးနိုင် မှာ ကလေး ၄ ယောက် ကျန်ခဲ့တယ်လို့သိရတယ်”ဟု ၎င်းက ပြောသည်။

 

  • စစ်တပ်က အာဏာသိမ်းချိန်ကနေ အခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ၂၁ လအတွင်း နိုင်ငံ တစ်ဝန်း နေအိမ်အပါအဝင် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အခုလို မီးရှို့ဖျက်ဆီးခံရမှုတွေဟာ မြို့ပေါင်း ၈၁ မြို့မှာ ဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်း ရွှေဘိုမြို့နဲ့ မကွေးတိုင်း မြိုင်မြို့နယ်ကတော့ နေအိမ်နဲ့ အဆောက်အအုံပေါင်း ၆၅၉၉ လုံးထက်မနည်းနဲ့ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မီးရှို့ဖျက်ဆီး ခံရမှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းထဲမှာဖြစ်ခဲ့ပြီး ရွှေဘိုမြို့ကတော့ နေအိမ်နဲ့ အဆောက် အအုံပေါင်း ၃၄၉၄ နဲ့ အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်းပမာဏရဲ့ ၉၄ ရာခိုင်နှုန်း ကျော်ဟာ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်ခဲ့ပြီး မေလထဲမှာတော့ အများဆုံးလို့ ဖော်ပြထားပါတယ်။

 

  • ယနေ့ နို၀င်ဘာ ၉ ရက်၊ ည ၇ နာရီခန့်က ဟားခါးမြို့ရပ်ငယကွက်တစ်ချို့တွင် လျှပ်စစ်မီးပြန်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေ ထံမှ သိရပါတယ်။ ဟားခါး-ဂန့်ဂေါ်လမ်း နီပီးရွာအနီးတွင် လေပြင်းကြောင့် လျှပ်စစ်တာဝါတိုင်ပျက်ဆီးခဲ့ပြီး ‌အောက်တိုဘာ ၂၁ ရက်နေမှစ၍ ဟားခါးတစ်မြို့လုံး မီးပျက်ခဲ့ပါတယ်။ နို၀င်ဘာ ၄ ရက်နေ့မှ၍ တာဝါတိုင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ယနေ့ညပိုင်းတွင် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေနိုင်ခြင်းဖြစ်သည်။

 

  • စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ် ရဲစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၆ ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း MMU တပ်ဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့တွင် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအတွင်းရှိ စစ်သားနှင့် ရဲများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။ ကျောက်ရစ် ရဲစခန်းကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) အပါအဝင် မဟာမိတ် တပ်ပေါင်းစုများက နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ၂ ကြိမ်၊ နံနက် ၁၀ နာရီ ခန့်တွင် ၄ ကြိမ် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

  • ရခိုင်ပြည်နယ်၊ ကျောက်တော် စကခ(၉) ဌာနချုပ် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ နိုဝင်ဘာလ ၈ ရက်က မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာတစ်ဦး ပျောက်ဆုံးသွားကြောင်း သိရသည်။ ပျောက်ဆုံးနေသည့် အပျော်တမ်းဓာတ်ပုံဆရာမှာ မင်းပြားမြို့ဇာတိဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင်နေထိုင်သူ ဦးစောမိုးကျော် (၅၃)နှစ် ဖြစ်ပြီး ၎င်းသည် ခရီးသည်များအား မှတ်ပုံတင် စစ်ဆေးနေစဉ်အတွင်း ပျောက်ဆုံးသွားသည်ဟု သိရသည်။ ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသမားတစ်ဦးက “တပ်မဂိတ်မှာက ကားတွေအားလုံးကို တန့်ခိုင်း ထားတယ်။ ခရီးသည်တွေက လမ်းဆင်းလျှောက်ရတယ်။ အဲဒီအချိန် သူစီးတဲ့ကားက ထွက်ရတာ နောက်ကျ တယ်၊ ခရီးသည်တွေက အရင်ဂိတ်ကိုကျော်ပြီးရောက်နေပြီ။ အဲဒီကိုရောက်တော့ လူတွေ တက်တက်၊ ခရီးသည်တွေစုံပြီလားဆိုပြီတော့ အဲအချိန်သူနဲ့ အတူပါလာတဲ့ မိန်းကလေးတစ်ယောက်က ခရီးသည် တစ်ယောက်မရောက်သေးဘူးပြောတယ်။ အဲတော့ဖုန်းဆက်ကြည့်ကြတယ်၊ ဖုန်းလည်းဆက်မရဘူး။ အဲဒီတော့ ဆက်ပြီး စစ်နေသေးလားမသိဘူးဆိုပြီး ထပ်စောင့်နေသေးတယ်။ ဂိတ်ကိုကြည့်လိုက်တော့လည်း လူတစ်ယောက်မှမရှိတော့ဘူး။ အဲတော့ ဂိတ်ကိုသွားပြီးမေးကြည့်တယ်။ ခရီးသည် တစ်ယောက် ပျောက်နေ တယ်ဆိုပြီး သူတို့ကတော့ ဒီမှာတစ်ယောက်မှမရှိတော့ဘူး ကားမှားပြီးတက်သွားတာနေမှာပေါ့လို့ပြောတယ်” ဟုပြောသည်။

 

  • မြန်မာအကြမ်းဖက် စစ်ကောင်စီမှ ဝန်ကြီး၊ တရားသူကြီးချုပ် အပါအဝင် အရပ်ဘက် ၈ ဦး၊ လေတပ်ဦးစီး ချုပ် အပါ အဝင် စစ်ဘက် ၈ ဦး၊ စစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေးသမား ၃ ဦး စုစုပေါင်း ၁၉ ဦးကို EU က စီးပွားရေးပိတ်ဆို့ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။ မြန်မာ ပြည်သူများကို သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့်ဗုံးကျဲခြင်း ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် ခြင်းတို့ကြောင်း လူပုဂ္ဂိုလ် ၁၉ ဦး၊ မြန်မာအကြမ်းဖက်စစ်ကောင်စီ အဖွဲ့တစ်ခုလုံးကို အဖွဲ့အစည်း ၁ ခုအဖြစ် လည်းကောင်း စီးပွားရေးပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ဥရောပသမဂ္ဂက ကြေ ညာချက် ထုတ်ပြန်သည်။ စီးပွားရေးပိတ်ဆို့မှုတွင် ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ ပြည်ပရှိ ပိုင်ဆိုင်မှုများ ထိန်းချုပ် ခြင်း အပါအဝင် အရေးယူမှုများ ပါဝင်မည်ဖြစ်ပြီး  မြန်မာနိုင်ငံမှ စုစုပေါင်း လူပုဂ္ဂိုလ် ၈၄ ဦး၊ အဖွဲ့အစည်း ၁၁ ခုကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

  • မန္တလေးမြို့၊ အိုးဘိုနှင့် သူရဲစျေး ဘူတာကြားရှိ နေအိမ်ရာပေါင်းများစွာကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ယနေ့ ချက်ချင်းဖျက်ခိုင်းပြီး လူဦးရေ ၁၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း‌ ဒေသခံများက ပြောသည်။ မန္တလေးမြို့ အောင်မြေသာစံခရိုင်အတွင်း မြန်မာ့မီးရထား ပိုင်မြေအတွင်းရှိသည်ဟုဆိုသည့် မီးရထားလမ်း ဘေး  ဝဲ/ယာ အိုးဘို၊ သူရဲဈေး၊ ဘူတာအကြားရှိ နေအိမ်များကို ယနေ့မှ စ၍ ဖျက်သိမ်းရန် ရဲများနှင့် စစ်ကောင်စီခန့် ရပ်ကွက်လူကြီးများ လိုက်လံ၍ စာပေးသွားကြောင်းနှင့် ထိုအထဲတွင် ကျူးကျော်များ မဟုတ်ဘဲ မိဘလက်ငုတ် နှစ်ပေါင်း ၅၀ ကျော်ကြာ နေထိုင်သည့် ဂရမ်ရှိ နေအိမ်များပါ ပါဝင်နေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

 

 

Related Articles

Back to top button