ဓာတ်ပုံ – Getty l KIO ထိန်းချုပ်နယ်မြေ ပညာရေးမြို့တော် မိုင်ဂျာယန်။
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၆
ကချင်ပြည်နယ်၊ လွယ်ဂျယ်-တရုတ်နယ်စပ် KIO ထိန်းချုပ်နယ်မြေ ပညာရေး မြို့တော် မိုင်ဂျာယန်ထဲကို စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မိုင်ဂျာယန်မြို့ထဲကို ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က လက်နက်ကြီး ၄ ချက် ပစ်ခတ်ခဲ့တာပါ။
ဒေသခံတွေ၊ မြို့ခံတွေကို ထိမှန်ခြင်းမရှိခဲ့ပေမယ့် ပြင်းအားကြီးတဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ တဲ့ အသံကြောင့် အဲဒီမှာနေထိုင်တဲ့ အရပ်သားပြည်သူများ ထိတ်လန့် တုန်လှုပ်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ သိရပါတယ်။
“လူတော့မထိဘူးလို့ သိထားတယ်။ ပစ်ခဲ့တဲ့လက်နက်ကြီး ပြင်းအား အရမ်းကြီးလို့ အသံ တအားကို ကျယ်တယ်၊ အားလုံးလည်း ထိတ်လှန့် တုန်လှုပ်ကုန်တာပေါ့”လို့ မြို့ခံတဦးက ပြောပြပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ မိုင်ဂျာနယ်မြို့ကို လေကြောင်းဖြစ် ဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ၊ မြို့ခံတွေက စိုးရိမ်မှုတွေ မြင့်တက်နေတာလို့လဲ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညကလည်း ဖားကန့်၊ အနန့်ပါမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ် ပြည့်နေ့အကြို ကျင်းပနေတဲ့ တေးဂီတပွဲလေးကို လေယာဉ် ဗုံးကြဲတိုက် ခိုက်ခဲ့ တာကြောင့် အရပ်သား ပြည် သူများနှင့် KIO ဝန်ထမ်းများ အပါအဝင် ၈၀ ဦး ထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၁၀၀ ဦးနီးပါး ရှိခဲ့ပါတယ်။
မိုင်ဂျာယန်မြို့ဟာ တရုတ် – မြန်မာနယ်စပ်ရှိ မြို့တစ်မြို့ဖြစ်ပြီး ကချင်အမျိုးသားကောလိပ်၊ ပညာရေးကောလိပ်၊ အဂ်လိပ်စာအထူးပြု သင် ကြားတဲ့ကော်လိပ်နဲ့ ဖက်ဒရယ် ဥပဒေ အကယ် ဒမီအပါအဝင် အခြားကျောင်းတွေကိုလည်း ဖွင့်လှစ် သင်ကြားပေးနေတာ ဖြစ်ပါတယ်။