“ဗမာလူငယ်တစ်ဦး နားလည်ထားသည့် ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်နှင့် ဗမာပြည်နယ်” အပိုင်း(၃)
“ဗမာ (မြန်မာ) ပြည်နယ်ဖွဲ့စည်းရေးအပေါ် ဗမာလူငယ်တစ်ဦး၏ အမြင်နှင့် သဘောထားများ”
ပေးပို့ – People’s Message (သူ့အတွေးအမြင်)
ဗမာ (ဝါ) မြန်မာပြည်နယ် ဖွဲ့စည်းပေါ်ပေါက်ရေးသည် ယခုနွေဦးတော်လှန်ရေး ၂၀၂၁ ခုနှစ်မှ ပေါ်လာခဲ့ခြင်း မဟုတ်ပါ။ ၁၉၄၇ ခုနှစ်၊ မေလ (၂၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ဖဆပလ (အဖွဲ့ချုပ်) ပဏာမ ညီလာခံကြီး၌ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံရေးဆွဲရာတွင်လိုအပ်သည့် အခြေခံမူများ နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လူမျိုးစု (တိုင်းရင်းသား) ခေါင်းဆောင်ကြီးများ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည့် (၁၄) ခန်း ရှိ အခန်း ၁၊ ပုဒ်မ (၃) ပါ အင်္ဂါရပ် (၇) ချက်အနက် နံပတ် (၂) အချက်တွင် ဗမာပြည်မနယ်မြေ (Burma Proper) တွင် အတူတကွ နေထိုင်ကြပြီး ပင်လုံစာချုပ်တွင်ပါဝင် လက်မှတ်ရေးထိုးခြင်းမပြုနိုင်သော ကရင်၊ မွန်၊ ရခိုင် တိုင်းရင်းသားလူမျိုးများအတွက် တပြိုင်တည်း ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များအဖြစ် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ပါဝင်ပြီး ဖြစ်သည်။ အဓိပ္ပါယ်အရ မြန်မာ (ဝါ) ဗမာ လူမျိုးများသည်လည်း အခြားတိုင်းရင်းသား လူမျိုးများနှင့် တန်းတူရေးအတွက် မြန်မာ (ဗမာ) အမျိုးသားပြည်နယ်တစ်ခုကိုပါ တပြိုင်တည်းဖော်ထုတ် ရမည် ဖြစ်ကြောင်းကို နားလည်လက်ခံကြရမည်ဖြစ်ပြီး ညီလာခံကြီး၌လည်း သဘောတူခဲ့ကြပြီးဖြစ်သည်။
လက်ရှိ နွေဦးတော်လှန်ရေးတွင် အထက်ပါနိုင်ငံရေးဖြစ်စဥ်တခုလုံးကို ခြုံငုံကြည့်မြင်ရန် ကြိုးစားကြသူ၊ ဗမာ (မြန်မာ) ပြည်နယ်ပေါ်ပေါက်ရေးသည် ဘာကြောင့် အရေးကြီးကြောင်း လေးလေးနက်နက် ဝိုင်းဝန်း စဥ်းစားမှုများ အထူးသဖြင့် ပြည်မအသိုင်းအဝိုင်းထဲမှ ဗမာ (မြန်မာ) နိုင်ငံရေးခေါင်းဆောင်များ၊ လူငယ်များ နှင့် လူများစုဗမာလူထုတို့ထံမှ အပြုသဘောစဥ်းစားမှုများ၊ ဦးဆောင်ချိတ်ဆက် ဆွေးနွေးမှုများကို သိသိသာသာ မတွေ့ရသေးပါ။
နိုင်ငံတည်ဆောက်ရေးသဘောတူညီမှုကတိကဝတ်များအရ ဗမာ (မြန်မာ) တို့နှင့် ပြည်ထောင်(စု)လို ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လိုသော ဗမာမဟုတ်သည့် ကျန်လူမျိုးစု (တိုင်းရင်းသား) အများစုက တန်းတူရေးအတွက် ဗမာ (မြန်မာ) ပြည်နယ် မရှိမဖြစ် ပေါ်ပေါက်စေလိုပြီး အဆိုပါ ဗမာ (မြန်မာ) ပြည်နယ်ဖွဲ့စည်းရေးအတွက် ခိုင်မာသောကတိကဝတ်များရရှိမှသာလျှင် ရှေ့ဆက်လုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဖြစ်ရာ တနည်း ဗမာ (မြန်မာ) ပြည်နယ် ဖွဲ့စည်းပေါ်ပေါက်ရေးသည် ဗမာ (မြန်မာ) လူမျိုးတို့ နှင့် ကျန် ဗမာ (မြန်မာ) မဟုတ်သူ တိုင်းရင်းသားတို့၏ အနာဂတ်ကံကြမ္မာလည်းဖြစ်သည်။
▪️ “တပြည်ထောင်လား . . ပြည်ထောင်စုလား”
အကယ်၍ ဗမာ (မြန်မာ) ပြည်နယ်ဖွဲ့စည်းပေါ်ပေါက်ရေးအပေါ် ဗမာခေါင်းဆောင်များ၊ ဗမာလူငယ်များ နှင့် ဗမာလူထုက လုံးဝလက်မခံခြင်း (သို့) လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်နိုင်ခြင်းများမရှိပါက ‘တန်းတူရေး’ ကို မလိုလားသူလူမျိုးစုများအဖြစ် သမိုင်းတွင်ပြီး အရာခပ်သိမ်းကို မိမိတို့ကိုယ်တိုင်သာ အုပ်စိုးခြယ်လှယ်ချင်သော တပြည်ထောင်စနစ် (Unitary) ကို အလိုအလျောက် ဦးတည်သွားမည်ဖြစ်သည်။ ထိုကဲ့သို့ မိမိတို့ ဗမာ (မြန်မာ) တပြည်ထောင်နိုင်ငံတော်သီးသန့် တည်ထောင်ချင် ရပ်တည်ချင်ပါက တခြား သောလူမျိုးစုများနှင့်အတူ ပြည်ထောင်မစုလိုတော့ကြောင်း၊ ဖက်ဒရယ်ကိုမတည်ဆောက်လိုတော့ကြောင်း ပွင့်လင်းရိုးသားစွာ အသိပေးကြေညာပြီး မိမိတို့ အနာဂတ်ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးဖို့ ရင်ဆိုင် ကျော်ဖြတ်ဖို့ သတ္တိရှိရှိ ဆုံးဖြတ်ဝံ့ရန်လိုအပ်သည်။
နိုင်ငံအစပြုချိန်မှစ၍ ယခု နွေဦးတော်လှန်ရေးအထိ နှစ်ပေါင်း (၇၀) ကျော် နိုင်ငံရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်များကြား နေထိုင်ကြရခြင်းမှာ ပြည်ထောင်စုအစစ်အမှန်မဟုတ်ခဲ့ပဲ အတုအယောင် ပြည်ထောင်စုစနစ် (တနည်း) တပြည်ထောင်စနစ်ကိုသာ ကျင့်သုံးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတိချပ်ရန် လိုအပ်ပါသည်။ ယခု နွေဦးတော်လှန်ရေးနှင့်အတူ အချိန်မီပြင်ဆင်ဖို့ ထပ်မံ ပျက်ကွက်ခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လူမျိုးစု (တိုင်းရင်းသား) ခေါင်းဆောင်ကြီးများ အားထုတ် ကြိုးပမ်းခဲ့သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ (ပင်လုံ) စာချုပ်၊ ကတိကဝတ်များနှင့် အခြေခံမူများ ပျောက်ပျက်သွားပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး ပျက်သုဥ်းသွားမည်ကို စိုးရိမ်မိပါသည်။
သမိုင်းဖြစ်စဥ်နှင့် ဖြစ်ရပ်များမှ သင်ခန်းစာယူသင့်သည်များကို ယူကြရမည်ဖြစ်ပြီး ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို အမြန်ဆုံးပြင်ဆင်/ ဆောင်ရွက်ကာ ပြည်တွင်းစစ်မီးအမြန်ဆုံးငြိမ်းစေရေး နှင့် နိုင်ငံရေး ပဋိပက္ခများပြေလည်လာစေရေးအတွက် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးတခုတည်းမဟုတ်ပဲ ဗမာ (မြန်မာ) ပြည်နယ် ဖွဲ့စည်း ပေါ်ပေါက်ရေးကိုပါ လက်တွေ့အကောင်အထည်ဖော်နိုင်ကြစေရန် ရှုထောင့်ပေါင်းစုံမှ အပြုသဘောဖြင့် ဝိုင်းဝန်းအားထုတ်ကြဖို့ လိုအပ်နေသည်ဟု ထင်မြင်မိပါသည်။