တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဆတုံးမြို့နယ်ထဲမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့နဲ့ KIA တို့ကြားနှစ်ဖက်တိုက်ပွဲဖြစ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ဆတုံးမြို့နယ်ထဲက အင်ဝမ်ကောင်နဲ့ မတ်ကြိုင် ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် ခန့်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့နှင့် KIA တပ်ဖွဲ့တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ် ခလရ (၃၈၇)၊ (၃၈၁)နဲ့ ပြည်သူ့စစ် ပူးပေါင်း အင်အား (၈၀)ဝန်းကျင်ခန့်ရှိတဲ့ စစ်ကြောင်းတို့က အင်ဝမ်ကောင်ကျေးရွာအနီး ကျူးကျော်ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

“တနေ့က အောက်တိုဘာ ၃၁ ရက်နေ့က မွန်းတည့် ၁၂ နာရီ မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လေ၊ အဓိက စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းအဖွဲ့တွေ အဲဒီအင်ဝမ်ကောင်နဲ့ မတ်ကြိုင် ကျေးရွာအနီးဘက်မှာ ကျူးကျော်ဝင်ရောက်လာပြီး တပ်စွဲဖို့ ပြင်ဆင်နေတာပေါ့၊ အဲဒါသူတို့(စစ်ကောင်စီ) အဖွဲ့တွေကို KIA တို့က သွားရောက်ပစ်ခတ်လို့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ပြောရမှာဖြစ်တယ်”လို့ ဒေသခံတဦးကို FJM ကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က KIA တပ်ရင်း ၃ နယ်မြေ ဝိုင်းမော်-ချီဖွေလမ်းမကြီးပေါ်က စနီခူး ကျေးရွာအနီးမှာလည်း စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက နယ်မြေကျူးကျော် လှုပ်ရှားလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက လုံဂျာဘွမ်(တောင်ကုန်း)အနီး KIA တပ်ရင်း ၁၅ နယ်မြေထဲ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး ဝင်ရောက်ကျူးကျော်နိုင်ဖို့ အင်အား အများအပြားနဲ့ လေကြောင်းအပါအဝင် တပ်စခန်း ၅ ခုမှ လက်နက်ကြီးပစ်ကူများဖြစ်ပါ ရက်သတ္တပတ်ကျော်ကြာ ထိုးစစ်ဆင် တိုက်နေတာဖြစ်ပါတယ်။

Related Articles

Back to top button