သတင်း

အောက်တိုဘာလ အတွင်း ကရင်နီဒေသမှာ တိုက်ပွဲပေါင်း (၃၂) ကြိမ်ဖြစ်ပွားပြီး၊ နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိ

ထုတ်ပြန်ချက် – KNDF

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁

အောက်တိုဘာလ တလတာအတွင်း ကရင်နီဒေသမှာ တိုက်ပွဲပေါင်း (၃၂)ကြိမ် ဖြစ်ပွားပြီး၊ နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မြို့နယ်ဒေသတွေကတော့ လွိုင်ကော်မြို့နယ် ရှမ်း-ကရင်နီနယ်စပ် ရှားတော၊ ဘောလခဲ မြို့နယ် နန်းဖဲကျေးရွာ၊ ဖရူဆိုမြို့အဝင် ထီးကလူဒေါကျေးရွာ၊ ရှမ်း-ကယားနယ်စပ်ဖြစ်သော ပီကင်းကောခူ၊ ဆောင်ကန်းကျေးရွာများနှင့် မိုးဗြဲမြို့ထဲက ကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ တာပါ။

အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၈)ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး (၁၇) ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့သလို KNDF တပ်ဖွဲ့ကတော့ ရဲဘော် (၅)ဦး ကျဆုံးခဲ့တယ်လို့ KNDF က သတင်း ထုတ်ပြန် ပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် ၊လွိုင်ကော်၊ ဖရူဆိုမြို့နယ်များရှိ ပြည်သူများခိုလှုံနေသော စစ်ရှောင် စခန်းများနှင့် လူနေရပ်ကွက်များသို့ အရပ်သားများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ် (၁)ဦးအပါအဝင် ပြည်သူ (၃)ဦး ထိခိုက် သေဆုံးခဲ့ရကာ (၁၃)ဦး ထိခိုက်ဒဏ်ရာရ ခဲ့ပြီး နေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်နီပြည်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှု တစ်နှစ်ကျော်ကာလအတွင်း ၆၄ ဦး ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံတွေကြောင့် ထိတ်လန့်သေဆုံးသူ ၉ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု ( PKPF )၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related Articles

Back to top button