နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို တိုက်ဖြတ်ဖို့ လိုအပ်တယ်ဆိုတာ မြန်မာ(ဗမာ)လူမျိုးအများစုက နားလည်လာပြီလို့ KIO ဥက္ကဌ ပြောကြား
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၅
နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို တိုက်ဖြတ်ဖို့ လိုအပ်တယ်ဆိုတာ မြန်မာ(ဗမာ)လူမျိုးအများစုက နားလည်လာပြီလို့ ဒီကနေ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၂)နှစ်ပြည့် မိန့်ခွန်းမှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ထည့်သွင်းပြောကြား လိုက်တာပါ။
“မြန်မာ(ဗမာ)လူမျိုးအများစုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ စစ်အာဏာ သိမ်းမှုကြောင့် နောက်ဆက်တွဲ ကြုံတွေ့နေရတဲ့ ပဋိပက္ခ ဒုက္ခပေါင်းစုံကို ကျော်လွှားနိုင်ကြဖို့ ရရာ လက်နက်ဆွဲကိုင်ပြီး သူတို့အခြေပြုရာ နေရာဒေသပေါင်းစုံ တော်လှန်နေကြပြီ ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို ကျင့်သုံးခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများကို အခုအခါ တနိုင်ငံလုံး ကြုံတွေ့ခံစားနေရတာ ဖြစ်သလို ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ လူများစုဖြစ်တဲ့ မြန်မာ(ဗမာ) လူမျိုးစုဟာ သမိုင်းသွင် တော်လှန်နေကြပြီ ဖြစ်တဲ့အတွက် ဝါရင့်တော်လှန် ရေး အင်အားစုများက ဦးဆောင်ပြီးနည်းလမ်းရှာ ပူးပေါင်းပါဝင်ဖို့အတွက် အရေးကြီးဆုံး အချိန်ဖြစ်တယ်”လို့ ပြောကြား လိုက်ပါတယ်။
ဒါ့အပြင် ရှုပ်ထွေးလွန်းတဲ့ လက်ရှိမြန်မာ့နိုင်ငံရေးနှင့်အတူ နိုင်ငံတကာ အတိုင်း အဝန်းမှာလည်း အင်အားကြီး နိုင်ငံများကလည်း တဖွဲ့နှင့်တဖွဲ့ အင်အား ပြိုင်ဆိုင်မှု ပြင်းထန်နေတာကြောင့် အခြား တဘက်ကလည်း ကမ္ဘာ့ နိုင်ငံရေး အပြောင်း အလဲနှင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာလည်း မြန်မြန်ဆန်ဆန် ပြောင်းလဲ တိုးတက် လာနိုင်တာကိုလည်း သတိချက်ဖို့ လိုအပ်တယ်လို့ ပြောကြားထားတာပါ။
ထို့အတွက်ကြောင့် လက်ရှိနွေဦးတော်လှန်ရေး အခင်းအကျင်းမှာ မဆိုင်သလို ရှောင်လွဲနေလို့မရသလို ရှောင်လွဲနေမယ်ဆိုရင်လည်း ဘက်ပေါင်းစုံကနေ ကြပ်တည်းမှုတွေကို ပိုမိုဖြစ်ပေါ်လာစေမှာဖြစ်လို့ ပြည်ထောင်စု အကျိုးစီးပွား ဖြစ်ထွန်းရေးကိုမျှော်ကိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားကြီး အဖွဲ့အစည်းများ အားလုံးလည်း ပူးပေါင်းပါဝင်လာဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။