တိုင်းရင်းသားများသတင်း

မြန်မာနိုင်ငံက မှောင်ခို ကုန်ကူးသန်းမှုများ မြင့်တက်လာတယ်လို့ မီဇိုရမ်သတင်းဌာနက ဖော်ပြ

ဓါတ်ပုံ – Getty Images

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၅

မီဇိုရမ်သတင်းဌာနဘက်က လာတဲ့ စစ်တမ်းတချို့အရ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး၊ နိုင်ငံခြား စီးကရက်၊ ရွှေ၊ ကွမ်းသီးခြောက်၊ တရားမဝင် ရှားပါး တိရစ္ဆာန်များနှင့် အခြားမှောင်ခိုကုန်ကူးမှုများ မီဇိုရမ်ပြည်ကို ခိုးဝင်တာဟာ အတိုင်းအတာတစ်ခုအထိ မြှင့်တက်ခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာတာ တွေ့ရပါတယ်။

အဲဒီ စစ်တမ်းတွေ အရတော့ စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်များနှင့် ရွေ့ပြောင်း အလုပ်သမား တွေနဲ့ ဆက်စပ်နေတဲ့ အခြေအနေကို ဖော်ပြလာတာလို့ နားလည်ရပါတယ်။

ဒီစစ်တမ်းတွေရဲ့ ဖော်ပြလာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ICNCC သဘာပတိအဖွဲ့ဝင်၊ ချင်းပြည်နယ် အစိုးရဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင် ကတော့ ”ဒီဖြစ်ရပ်တွေမှာ ဒုက္ခသည်စစ်စစ်တွေက ဘယ်လောက်ထိ ပါဝင်ပတ်သက်သလဲဆိုတာကို ကျနော်တို့ အခုအချိန်ထိ တိတိကျကျပြောဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။ အခုမှ ဖြစ်တာလား၊ အရင်ရှိပြီးသားလမ်းကြောင်းတွေမှာ တိုးပြီးဖြစ်ပွားနေတာမျိုးလားဆိုတာ တွေးစရာ ရှိပါတယ်။ သေချာတာက ဒေသခံ မီဇိုရမ်ပြည်နယ်သားတွေနဲ့ မဆက်စပ်ဘဲနဲ့၊ ဒါမှမဟုတ် အာဏာမသိမ်းခင် ကတည်းက လုပ်ဖူးနေကျမဟုတ်ရင်တော့ အခုမှရောက်လာတဲ့ အပြင်လူတွေအနေနဲ့ အခုလို ကိစ္စမျိုး လွယ်လင့်တကူ ပြုလုပ်ဖို့ အင်မတန်ခက်ခဲတယ်သလို ဒုက္ခသည်အများစုက ဒီလိုမျိုး ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေ ပြုလုပ်နိုင်ခြေ အင်မတန်နည်းတယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုအလွန် ဒေသတွင်းတရားဥပဒေ စိုးမိုးမှုပျက်စီးသွားတာကြောင့် ဒီကိစ္စတွေကို ထိန်းချုပ် လုပ်ဆောင်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ဒါတွေကို ကြပ်မတ်ဆောင်ရွက်နိုင်ခြင်း မရှိတော့ကို တွေ့ရသလို မြန်မာနိုင်ငံ အာဏာသိမ်းမှုကြောင့် တရုတ်၊ ထိုင်းနဲ့ ဆက်သွယ်နေတဲ့ မှောင်ခို လမ်းကြောင်း တစ်လျှောက် တရားဥပဒေ စိုးမိုးမှု ပျက်စီးသွားပြီး၊ မှောင်ခို လမ်းကြောင်းတွေ အထိုက်အလျောက် ပွင့်သွားတဲ့အတွက် မီဇိုရမ်ပြည်နယ်ထဲကို တရားမဝင်ပစ္စည်းတွေ ယခင်ကထက် တိုးပြီးရောက်လာတာ ဖြစ်တယ်”လို့လည်း သူက ဆက်သုံးသပ် ပြောဆိုပါတယ်။

တရားမဝင်ကုန်သွယ်မှုများအပြင် မြန်မာဒုက္ခသည်များဟာ အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နိုင်ဖို့နဲ့  မြေယာများကို ဝယ်ယူနိုင်ဖို့အတွက် အိန္ဒိယပြည်သားကို ကြားခံအသုံးချမှု များလာတယ်လို့ တွေ့ရှိ တာကြောင့်  မီဇိုရမ်ပြည်နယ် အစိုးရကပင် မြန်မာဒုက္ခသည်များအနေနဲ့ ပြည်နယ်အတွင်းရှိ ခရိုင် ၁၁ ခုလုံးမှာ ခွင့်ပြုချက်မရဘဲ အိမ်ခြံမြေ ဝယ်ယူခွင့်နဲ့ စီးပွားရေးလုပ်ပိုင်ခွင့်ကို တားမြစ်ကြောင်း ပြီးခဲ့တဲ့ လတချို့က ကြေညာချက် ထပ်မံထုတ်ပြန်လာတာပါ။

အိန္ဒိယနိုင်ငံ မီဇိုရမ်အစိုးရ အနေနဲ့ အခုလို ကြုံတွေ့နေရတဲ့ အခြေအနေကို ကိုင်သွယ်ဖြေရှင်းနိုင်ဖို့ဆိုရင်  “အိန္ဒိယဘက်ကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည် ကူညီရေးအဖွဲ့အစည်းတွေအပါအဝင် အမျိုးသား ညီညွတ်ရေး အစိုးရဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များနဲ့ ပွင့်ပွင့်လင်းလင်းတွေ့ဆုံ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်သလို တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ဖို့လည်း လိုအပ် တယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် အိန္ဒိယဘက်ကို ရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေထဲက အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ အတွေ့အကြုံရှိတဲ့ ဝါရင့် အရာရှိကြီးတွေ၊ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့  ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပြီး အကြံဥာဏ်များ ရယူဆောင်ရွက်နိုင်မယ်ဆိုရင် ထိရောက်တဲ့ ထိန်းချုပ်မှုကို ပြုလုပ်နိုင်မယ်”လို့  ICNCC သဘာပတိအဖွဲ့ဝင်၊ ချင်းပြည်နယ် အစိုးရဝန်ကြီးဟောင်း    ဆလိုင်းအိုက်ဇက်ခင်က ဆက်လက် သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် မီဇိုရမ်အစိုးရက သူ့နည်းသူ့ဟန်နဲ့ မြန်မာဒုက္ခသည်တွေကို တိုက်ရိုက် ဖိအားပေးပြီး ဆောင်ရွက် နေမယ်ဆိုရင်တော့  ဒုက္ခသည်တွေအပေါ် မလိုလားအပ်တဲ့ ဖိစီးမှုတွေပဲ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တဘက်မှာလည်း ဒုက္ခသည်တွေအနေနဲ့ မီဇိုရမ်အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီးဆောင်ရွက်ပေးကြဖို့ လိုတယ်လို့ ထောက်ပြအကြံပြုပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများဟာ မြေယာဝယ်ယူမှု၊ ဈေးဆိုင်ငယ်များ ဖွင့်ကာ အသေးစား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် ကြိုးပမ်းနေကြတယ်လို့ စစ်တမ်းအများအပြား ထွက်ပေါ်လာပြီးနောက် မီဇိုရမ် အစိုးရဘက်က မြန်မာရွှေ့ပြောင်း အလုပ်သမားများအပါအဝင်၊ ဒုက္ခသည်များကို Aadhaar ကတ်၊ မဲဆန္ဒရှင် သက်သေခံကတ်ပြား၊ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အခြား အစိုးရ စာရွက်စာတမ်းများ ပြုလုပ်ခွင့်ကိုလည်း တင်းကြပ်စွာ တားမြစ်တယ်လို့ ထပ်မံ ထုတ်ပြန် ထား ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ မီဇိုရမ်ပြည်နယ်အပါအဝင် အိန္ဒိယနိုင်ငံထဲကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို မြန်မြန်ဆန်ဆန်ပြန်သွားဖို့ မဖြစ်နိုင်သေးသလို အချိန်ကြာလာတာ နှင့်အတူ စားဝတ်နေရေးက ကိုယ့်ဖာသာကိုယ် ဖြေရှင်းကြရတာ ဖြစ်ပါတယ်။

မြန်မာဒုက္ခများ ရောက်စမှာတော့ မီဇိုရမ်အစိုးရအပါအဝင် မီဇိုလူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းက ထောက်ပံ့ကူညီမှုရှိခဲ့ပေမယ့် အချိန်ကြာလာတော့ ဆက်လက်ကူညီနိုင်ခြင်း မရှိတော့ပါဘူး။

မြန်မာ ဒုက္ခသည်များဟာ နေ့စဉ် စားဝတ်နေရေး အဆင်ပြေနိုင်ဖို့အတွက် ကိုယ်တိုင်ဖြေရှင်းကြရပြီး ဒီလိုဖြေရှင်းရင်း      မလိုလားအပ်တဲ့ ကိစ္စရပ်တွေလည်း ဖြစ်လာနိုင်တဲ့တယ်လို့ ရှုမြင်ကြပါတယ်။

ဒါ့အပြင် အိန္ဒိယအစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေအတွက် ဆန်နှင့် ရိက္ခာခွဲတမ်း ထောက်ပံ့ပေးတာမျိုး၊ တန်ဖိုးနည်း ရိက္ခာဝယ်ယူခွင့် ပေးတာမျိုးနဲ့ လုံခြုံမှုရှိတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး မယ်ဆိုရင် မလိုလားအပ်တဲ့ ကိစ္စရပ်တွေလည်းနည်းသွားနိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

စစ်အာဏာသိမ်းမှုနှင့်အတူ ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက ချင်းလူမျိုး ဒုက္ခသည် အများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြရတာပါ။ ထွက်ပြေးတိမ်းရှောင် လာတဲ့ ဒုက္ခသည် မြန်မာနိုင်ငံသားများဟာ ၃၀,၅၀၀ ခန့် ရှိနေပြီလို့ စစ်တမ်းတွေမှာ ဖော်ပြနေပါတယ်။

Related Articles

Back to top button