သတင်း

မရာလူမျိုးစုကြား ပဋိပက္ခကိုဖြေရှင်းဖို့ CJDC က မရာဒေသက မြေပြင်အခြေအနေကို လေ့လာပြီး ကြားခံ ဆောင်ရွက်ပေးမယ်ဆိုရင် လက်ခံတယ်လို့ MDF ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁၀

မရာလူမျိုးစုကြား ပဋိပက္ခကိုဖြေရှင်းဖို့ ချင်းလဲန်းကာကွယ်ရေး ပူးတွဲကော်မတီ (CJDC) က မရာဒေသက မြေပြင်အခြေအနေကို ကွင်းဆင်းလေ့လာပြီး ကြားခံ ဆောင်ရွက်ပေးမယ်ဆိုရင်လက်ခံတယ်လို့ MDF တာဝန်ရှိသူက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

“မရာလူထုအထဲမှာ ဖြစ်ပျက်နေတဲ့ အဖြစ်မပျက်ကို CJDC က ထဲထဲဝင်ဝင် ပြည်သူလူထုရဲ့အသံကို နားထောင်ပြီး၊ လေ့လာပြီးတော့ သုံးသပ်ချက်တခု ထုတ်ဖို့တော့ လိုလိမ့်မယ်။ မရာပြည်သူလူထုတွေဆီ သွားပြီးလေ့လာပါ။ ဘယ်သူကမှားသလဲ အကြောင်းအရာကဘယ်လိုလဲ သေချာလေ့လာပါ မလေ့လာဘဲနဲ့ ကိုယ့်အဖွဲ့အစည်းထဲမှာပါတဲ့သူကို ကာဗာပေးသလိုမျိုး လုပ်ရင် ကျနော်တို့ မရာပြည်သူလူထုရဲ့ သဘောထားကို ထင်ဟပ်နိုင်မှာမဟုတ်ဘူး။ ကြားခံဆိုတဲ့နေရာမှာ CJDC က ဝင်ပြီးတော့ လေ့လာမယ်ဆိုရင် ကျနော်တို့က ကြိုက်တယ်၊ လက်ခံတယ်၊ ကြိုဆိုတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ မှန်ကန်ပွင့်လင်းတဲ့ လေ့လာမှု ကျနော်တို့လိုချင်တယ်” လို့ သူက ပြောပါတယ်။

Mara Administrative Territorial Council – MATC/MDF တပ်ဖွဲ့ဝင်တို့ အနေဖြင့် CDF-Mara တပ်သားများကို ပြီးခဲ့တဲ့ အောက်တိုဘာလ (၃)ရက် နေ့က ချောင်းမြောင်း ပစ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက်  CDF-Mara ကာကွယ်ရေးတပ်ဖွဲ့နဲ့ MDF ကာကွယ်ရေးတပ် တို့နှစ်ဖက်ကြား မြေပြင်မှာ တင်းမာဖြစ်ပွားနေတာပါ။

ချင်းအမျိုးသားတပ်ဦး(CNF/CAN) ပြောခွင့်ရ ဆလိုင်းထက်နီကတော့ “CDF-Mara နဲ့ MDF အကြား တဖွဲ့နဲ့တဖွဲ့ ပစ်ခတ်ကြတဲ့ပြသနာမျိုးတော့ ဒီတခါပထမဆုံးပေါ့၊ ကာကွယ်ရေးအဖွဲ့တွေကြား အငြင်းပွားမှု ပြသနာတွေကြုံလာရင် CJDC ကနေ သော်လည်းကောင်း တိုက်ရိုက်သော်လည်းကောင်း ညှိနှိုင်းပေးတာ တွေရှိပါတယ်၊ အခုပြသာနာကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်သွားမှာပါ။  CJDC လိုမျိုး စုဖွဲ့မှုဟာ ချင်းလူမျိုးစုတွေကြားမှာ စစ်ရေးအရ စုစည်းမှု အားကောင်းစေဖို့နဲ့ အချင်းချင်းကြား ပြသနာတွေ နည်းနိုင် သမျှနည်းဖို့ကို CNF/A အပြင် အားလုံးက ဝိုင်းဝန်းအဖြေရှာဖြေရှင်းဖို့၊ ပိုမို လက်တွေ့ကျတဲ့ နည်းနာ ကောင်းတွေ ရှာကြဖို့ လိုတယ်”လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

ချင်းမျိုးနွယ်စု (၅)ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်မဟာမိတ် (ZZLMS) တို့ကတော့ MATC/MDF အနေဖြစ် CDF-Mara တပ်သားများကို ချောင်းမြောင်း ပစ်ခတ်သလိုမျိုး နောက်ထပ် ကျူးလွန်လာပါက ထဲထဲဝင်ဝင် ပါဝင် သွားမယ်လို့ သဘောထား ထုတ်ပြန်ထားတာပါ။

MATC/MDF ဘက်ကတော့ ZZMLS အနေဖြင့် မြေပြင် သတင်း အတိအကျသိဖို့ လိုအပ်သလို၊ တိကျ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲနဲ့ ဝေဖန်ပြောဆိုတာမျိုးမလုပ်ဖို့နဲ့ ZZMLS ရဲ့ ထုတ်ပြန်ပြောဆိုမှုကိုလည်း လက်ခံနိုင်စရာမရှိဘူးလို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

ZZMLS ညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CDF-ZoTung အတွင်းရေးမှူး ၂ ကတော့ အခုလို ချင်းမျိုးနွယ်စုများ အချင်းချင်းကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုကို ကြီးမားတဲ့ ပဋိပက္ခမျိုး မဖြစ်လာစေဖို့ လိုလားသလို ဘက်နှစ်ဖက်ကြားမှာ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး ချင်းမျိုး နွယ်စုများကြား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ဖို့အတွက်ဘဲ တိုက်တွန်းချင်တယ်လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

Related Articles

Back to top button