“အာဏာသိမ်း စစ်ကောင်စီယန္တရားကြီး ဘယ်လို အဆုံးသတ်သွားနိုင်သလဲ”
“Is Myanmar’s military junta regime going to collapse?”
by: Tilottama Rani Charulata
အာဏာသိမ်း စစ်ကောင်စီဟာ လက်ရှိအခြေအနေမှာ ယုံကြည်မှုတွေ တစစ ပျောက်ဆုံးနေပြီ ဖြစ်သလို စစ်တပ်အတွင်း ထိပ်ပိုင်းမှ အောက်ခြေတပ်သားတွေအထိ စိတ်ဓာတ်ပျက်ပြား ချောက်ခြားလျက် ရှိပေမဲ့ တော်လှန်ရေးဘက်တော်သားများ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေကတော့ ပိုမိုအင်အား တောင့်တင်းလာပါတယ်။ ၂၀၂၀ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီကတော့ လက်ရှိအချိန် ပြည်သူ့ကျိန်စာမိနေဆဲပင်။
စစ်တပ်ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်တိုင်းကျရေးဆွဲပြီး အတင်းအကျပ် ပြဌာန်းကာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးပြီး အရပ်သားတစ်ပိုင်း အစိုးရကို တိုင်းပြည်အာဏာလွဲအပ်ခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မသမာမှုကြောင့်လို့ အကြောင်းပြခေါင်းစဉ်ပြီး စစ်အာဏာသိမ်းပြီး သမိုင်းတကြော့ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ဟာ ၂၀၁၁ ခုနှစ်မှာ လွှတ်တော်နိုင်ငံရေးထဲ တကြော့ပြန် ဝင်ရောက်ခဲ့ပြီး အာဏာရရှိလာချိန်မှစကာ မြန်မာစစ်တပ်ဟာ ဒီမိုကရေစီလုပ်ငန်းစဉ်၊ အသွင်ကူးပြောင်းမှုတွေကို အကန့်အသတ်နဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် NLD နဲ့ မြန်မာစစ်တပ်တို့ တိုင်းပြည်ကို ခွဲဝေအုပ်ချုပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ တရားမျှတမှုရုံး (ICJ) မှာ အကာအကွယ်ပေး ခုခံရင်ဆိုင်ခဲ့ပါတယ်။ သို့ပေမဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာပြုလုပ်တဲ့ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အာဏာပြန်သိမ်းပြီး NLD ပါတီဝင်တွေအပါအဝင် နိုင်ငံရေးလှုပ်ရှားသူ အမြောက်အမြားကို ဖမ်းဆီးခဲ့တာကြောင့် NLD နဲ့ စစ်တပ်ကြားဆက်ဆံရေး တဖန် ပျက်စီးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆယ်နှစ်တာ မြေစမ်းခရမ်းပျိုး ဒီမိုကရေစီခရီးကြီး တဖန် နိဂုံးချုပ်ခဲ့ပြန်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်မှာ စပြီး နိုင်ငံရေးနဲ့ စစ်ရေးမျက်နှာစာတွေမှာ နေ့စဉ်ရက်ဆက် ပြည်တွင်း ပြည်ပရဲ့ဆန့်ကျင်တိုက်ခိုက်မှုများကို အပြင်းထန်ဆုံး ရင်ဆိုင်နေရပါတယ်။ နိုင်ငံရေးမျက်နှာစာမှာ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာ အကြမ်းမဖက်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ တော်လှန်ရေးအစပိုင်းကာလမှာတင် NLD ကိုယ်စားလှယ်အများစု ပါဝင်တဲ့ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး တော်လှန်ရေးကို ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ဉရောပသမဂ္ဂ၊ အမေရိကန်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာ့အနာဂတ်မှာ NUG ရဲ့အခန်းကဏ္ဍကို အလေးထားခဲ့ပါတယ်။ ကနဦးမှာ NUG ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရရှိဖို့ ရုန်းကန်ခဲ့ရပေမဲ့ ယနေ့အချိန်မှာတော့ NUG ဟာ နိုင်ငံများစွာနဲ့ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းတွေရဲ့ ပိုမိုလက်သင့်ခံမှုကို ရရှိနေပါပြီ။ NUG က အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းခဲ့ပါတယ်။ အစောပိုင်းကတည်းက စစ်တပ်ဘက်က အကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့အပြင် NUG ကိုလည်း ထောက်ပံ့မှုပေးနေကြပါတယ်။ လက်ရှိအချိန်အထိ စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးထိန်းချုပ်မှု ရယူဖို့ အလွန်တရာခက်ခဲစွာ ရုန်းကန်ခဲ့ရပါတယ်။ သံတမန်ရေးအရ စစ်ကောင်စီဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဆန်ရှင်တွေချ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာကြောင့် အထီးကျန်ဆန်လာပါတယ်။
မြန်မာစစ်ကောင်စီဟာ သံတမန်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေးမျက်နှာစာတွေမှာ ရှုံးနိမ့်နေပါတယ်။ ရခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမှာလည်း မြန်မာစစ်တပ်ဟာ ထိခိုက်ကျဆုံးမှု ကြီးမားခဲ့ပြီး စစ်စခန်းတွေ ဆုံးရှုံးနေပါတယ်။ ရခိုင့်တပ်တော် အနေနဲ့ နယ်မြေစိုးမိုးမှုနဲ့ နိုင်ငံရေးအာဏာထိန်းချုပ်နိုင်မှုမှာ အောင်မြင်မှု အကြီးအကျယ်ရရှိနေပါတယ်။ ရခိုင့်တပ်တော်က မြန်မာစစ်တပ်ရဲ့ စစ်ရေးနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေနဲ့ သာမန်ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့ အကြမ်းဖက်နှိပ်စက်မှုကို စဉ်ဆက်မပြတ် ခံနေရပါတယ်။ မြန်မာစစ်တပ်ဟာ ရခိုင့်တပ်တော်ကို ဖြိုခွင်းနိုင်ဖို့ ရှိသမျှ အရင်းအမြစ်အားလုံးကို အသုံးပြုနေပေမယ့် မဟာဗျူဟာအရ အောင်မြင်မှုမရရှိပါဘူး။ မီဒီယာသတင်းတွေအရ စစ်ကောင်စီက မြန်မာ့ပိုင်နက် နယ်မြေရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ပြီး NUG က ၅၂ ရာခိုင်နှုန်းအထိ နယ်မြေစိုးပိုင်မှုရရှိထားတယ်လို့ သိရပါတယ်။ ကျန်ရှိတဲ့ မြန်မာ့ပိုင်နက်နယ်မြေတွေမှာ ဘယ်အဖွဲ့အစည်းကမှ အပြီးအတိုင် မထိန်းချုပ်ထားနိုင်ပါဘူး။
စစ်ကောင်စီဟာ မြေပြင်မှာ ရှုံးနိမ့်နေတာလို့ယုံကြည်တာ ကျိုးကြောင်းဆီလျော်ပါတယ်။ မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မှာလည်း အခြေအနေမကောင်းတော့ပါဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဗမာတွေလိုမျိုး အဓိကလူအုပ်စုကြီးတွေရဲ့ ထောက်ခံမှုတောင် မရတော့ပါဘူး။ အာဏာသိမ်းခေါင်းဆောင်တွေဟာ အခုဆိုရင် သူတို့ရဲ့အနာဂတ်၊ အာဏာနဲ့ နိုင်ငံအပေါ် စစ်ရေးထိန်းချုပ်မှုကို စဉ်းစားနေရပါပြီ။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍ လျော့ချဖို့လုပ်ဆောင်နေခြင်းကလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လက်မခံရတဲ့ အခြေခံကျသောအကြောင်းရင်းဆိုတာ ကျွန်တော်တို့ သတိထားမိပါတယ်။ အခုအခါ စစ်ကောင်စီဟာ အာဏာသိမ်းခြင်းရဲ့ ဂယက်ရိုက်မှုတွေကို ခံစားနေရပါပြီ။ လက်ရှိအခြေအနေတွေအရ အာဏာသိမ်းစစ်ကောင်စီဟာ ဒုက္ခလှလှကြုံတွေ့နေရတာ သဘာဝကျပါတယ်။ ဒါပေမဲ့ မြန်မာစစ်ကောင်စီဟာ အမှန်တရားကိုလက်ခံဖို့ ဆန္ဒမရှိဘူးဖြစ်နေပါတယ်။
မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ (Failed state) စာရင်းထဲ ပါဝင်နေပေမဲ့ စစ်ကောင်စီက အလေးထားခြင်း မရှိပေ။ စစ်ကောင်စီဟာ အာဏာမြဲမြံရေးအတွက် ဒေသတွင်း မတည်မငြိမ်ဖြစ်ဖို့ လုပ်ဆောင်နေပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအရေးလိုမျိုး ဒေသတွင်းပြဿနာတွေကိုလည်း ဖန်တီးလျက်ရှိပါတယ်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သန်းနဲ့ချီသောပြည်သူများ အိုးအိမ်စွန့်ခွာခဲ့ရသလို ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။
စစ်ကောင်စီဟာ အခုဆိုရင် နယ်စပ်တွေမှာတောင် လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း လက်တွဲဆောင်ရွက်ခြင်းမရှိပါသလို အာဆီယံအဖွဲ့ရဲ့စကားကိုလည်း ဂရုမစိုက်ပါဘူး။
မြန်မာစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ၂၀၂၀ ရွေးကောက်ပွဲမဲရလဒ်ကို အသိအမှတ်ပြုပြီး အနိုင်ရ ဒီမိုကရေစီအစိုးရကသာ အုပ်ချုပ်ခွင့် ပြုသင့်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို တာဝန်ခံဖို့ တရုတ်နဲ့ အိန္ဒိယက ဖိအားပေးသင့်သလို ဒေသတွင်းနဲ့ ကမ္ဘာကြီးတည်ငြိမ်မှုအတွက် အနောက်နိုင်ငံတွေအနေနဲ့ အပြင်းထန်ဆုံး ဖိအားပေးသင့်ပါကြောင်း။
ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)
(ဆောင်းပါးရှင် Tilottama Rani Charulata ၏ Eurasia Review ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည့် Is Myanmar’s military junta regime going to collapse? ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။)