သတင်း

ကရင်နီပြည်နယ်မှာ စက်တင်ဘာအတွင်း တိုက်ပွဲ (၅၇)ကြိမ်ထက်မနည်းဖြစ်ပွား၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (၁၀၄)ဦးထက်မနည်း သေဆုံး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၃

ကရင်နီပြည်နယ်မှာ စက်တင်ဘာလ (၁) လတာအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီ၏ တပ်ဖွဲ့များတို့ကြား တိုက်ပွဲပေါင်း (၅၇) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့နယ်တွင် (၁၈)ကြိမ် ၊ ဖရူဆိုမြို့နယ်တွင် (၁၄)ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် (၁၁)ကြိမ် ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် (၉)ကြိမ် ၊ ရှားတောမြို့နယ်တွင် (၃)ကြိမ် ၊ ဘောလခဲမြို့နယ်တွင် (၂)ကြိမ် စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း (၅၇)ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တာပါ။

ထိတွေ့တိုက်ပွဲများအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၄)ဦး ကျော် သေဆုံးခဲ့သလို (၆၀) ဦးကျော် ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းများဖြစ်သည့် MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၈)လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား (၁)စီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ ရဲဘော် (၅) ဦး စက်တင်ဘာလ တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များဟာ စက်တင်ဘာလ အစပိုင်းမှစပြီး လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို လမ်းမကြီး တစ်ကြောမှာ စစ်ကြောင်းထိုး တပ်ဖြန့်ခဲ့သလို ဒီးမော့ဆို ၊ နန်းမယ်ခုံ ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန် စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့တာပါ။  လက်ရှိအချိန်ထိ အဲဒီနေရာများမှာ တပ်ဖြန့် ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်လအတွင်း တိုက်ပွဲများမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံများ၏ နေအိမ် (၁၀၀) ကျော် ပျက်စီးသွားခဲ့ရသလို ဘုရားကျောင်း (၂) ကျောင်း ပျက်စီးခဲ့တာပါ။ အဲဒီထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်အတွင်း လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု (၁၆) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် အရပ်သားပြည်သူ (၁၀) ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ (၁) ဦး သေဆုံးခဲ့ရကာ (၄) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂) ဦးကိုလည်း ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့၍ စစ်ကြောင်းထိုးခြင်း ၊ တပ်ဖြန့်ခြင်း များအား နေ့စဥ်လုပ်ဆောင်နေသလို ၎င်းတို့ စစ်ကြောင်းထိုး တပ်စွဲခဲ့သော နေရာများတွင်လည်း မိုင်းထောင်ခဲ့ခြင်းများကို ပြုလုပ်ထားသောကြောင့် တိုက်ပွဲများ ဖြစ်ပွားရာနေရာနှင့် ဖြစ်ပွားပြီးသော နေရာများအနီးရှိ ကျေးရွာများသို့ ဒေသခံ များအနေဖြင့် နေရပ်ပြန်ခြင်းများကို အလျှင်စလို မပြုလုပ်ကြရန် KNDF ဘက်က အထူးသတိပေး တိုက်တွန်းပါတယ်။

Related Articles

Back to top button