သတင်း

အာဏာသိမ်းမှုအလွန် ၂၀၂၂ခုနှစ် စက်တင်ဘာလ( ၃ဝ )ရက်နေ့အထိ ကရင်နီပြည်မှာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု (၂၇၄)ဦးထိ ရှိလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၁

အာဏာသိမ်းမှုအလွန် ၂၀၂၂ခုနှစ် စက်တင်ဘာလ( ၃ဝ )ရက်နေ့အထိ ကရင်နီပြည်မှာ အရပ်သား ပြည်သူများ (၂၇၄)ဦးထိ ထိခိုက် သေဆုံးမှုရှိလာပြီလို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။

အလားတူ အဲဒီထဲမှာ စစ်ဘေးတိမ်ရှောင်နေရင်း လူသားချင်းစာနာမှူအကူအညီ လိုအပ်ချက်များ အပါအဝင်၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေကြောင့် သေဆုံးသူ ( ၆၅ )ဦးထိလည်း ရှိလာတာပါ။

ဒါ့အပြင် အရပ်သားပြည်သူများ မတရားဖမ်းဆီးခံရမှုဟာလည်း (၂၇၃) ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အာဏာသိမ်းမှု ပဋိပက္ခနှင့် ဆက်စပ်တဲ့ တိုက်ပွဲများကြောင့် ကရင်နီဒေသမှာ ဘာသာရေး အဆောက်အဦးများ(၂၇)လုံးထိ ပျက်စီးခဲ့သလို၊ အရပ်သားပြည်သူတို့၏ နေအိမ်(၁၂၄၄)လုံးထိ ပျက်စီးခဲ့ရတာပါ။ အဲဒီထဲမှာ ဘာသာရေး အဆောက်အဦးများနှင့် အရပ်သားပြည်သူတို့၏ နေအိမ်အများစုဟာ စစ်ကောင်စီ စစ်ကြောင်းများက တိုက်ပွဲမရှိဘဲ မီးရှို့ဖျက်ဆီးခဲ့ကြတာလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုအလွန် ကရင်နီဒေသက နှစ်ဖက်တိုက်ပွဲများဟာ( ၄၈၈ ) ကြိမ်မထက်မနည်း ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဖက်ပြင်းထန်တဲ့ တိုက်ပွဲတွေအတွင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ(၁၅၉၀) ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်ကတော့(၁၇၁ )ဦးထိ ကျဆုံးမှုရှိခဲ့တာပါ။

ဒါ့အပြင် အဲဒီနှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီ စစ်ယာဥ်များ (၅၆) စီးထိလည်း ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီဒေသက နှစ်ဖက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား အဆမတန် အသုံးပြုရုံ တင်မက လက်နက်ကြီး ပစ်ခတ်မှုများကို အကြိမ်ရေ ရာချီ ပစ်ခတ် တိုက်ခိုက်မှု များပြုလုပ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုဟာလည်း (၁၇၃ )ကြိမ် ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button