တော်လှန်ရေးသမားများ၏ ကိုယ်ကျင့်တရား
- ကျော်ကိုကို
ပထမဆုံးအနေနဲ့ တော်လှန်ရေးသမားဆိုတဲ့ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုပါတယ်။တော်လှန်ရေးလုပ်သူတိုင်းကို တော်လှန်ရေးသမားလို့ခေါ်လို့ရပါသလား။တော်လှန်ရေးဆိုတာ ဘယ်လိုမျိုးလဲ။တော်လှန်ရေးသမားဟာ ဘယ်လိုလူစားမျိုးလဲ။
တော်လှန်ရေးဆိုတာ “အဟောင်းကိုဖြိုဖျက်ပြီး အသစ်ကိုတည်ဆောက်ရတာ”ပဲဖြစ်တယ်။အဟောင်းဆိုတာ ခေတ်ဟောင်း၊စနစ်ဟောင်း၊အုပ်စိုးသူဟောင်းတွေကို ဆိုလိုတာဖြစ်ပြီး အသစ်ဆိုတာ ခေတ်သစ်၊စနစ်သစ်၊အုပ်စိုးသူအသစ်တွေကို တည်ဆောက်ရမယ်လို့ ဆိုလိုတာပါ။
အခုလက်ရှိတော်လှန်ရေးမှာ ခေတ်ဟောင်းဖြစ်တဲ့ စစ်ဝါဒအောက်က ခေတ်ကို လုံးဝဖြိုချပြောင်းလဲပစ်ဖို့လိုပြီး စနစ်ဟောင်းဖြစ်တဲ့ စစ်ဗျုရိုကရက်အရင်းရှင်စနစ်ကိုလည်း အပြီးအပိုင်ဖျက်သိမ်းပစ်ဖို့လိုပါတယ်။အုပ်စိုးသူဟောင်းတွေဖြစ်တဲ့ စစ်တပ်၊စစ်အစိုးရ၊စစ်အုပ်စုကို အပြီးဖြိုချပစ်ရမှာလည်းဖြစ်ပါတယ်။
ပြန်လည်တည်ဆောက်ရမယ့် ခေတ်သစ်ကတော့ လွတ်လပ်မှု၊တန်းတူမှု၊တရားမျှတမှုနဲ့ သွေးစည်းညီညွတ်မှုရှိတဲ့ လူ့အဖွဲ့အစည်းက ဦးဆောင်တဲ့ခေတ်ဖြစ်သလို လူတိုင်း ဘဝအာမခံချက်ရှိပြီး ဖူလုံကြွယ်ဝတဲ့ ဆိုရှယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။အုပ်စိုးသူအသစ်နေရာမှာ ပြည်သူတွေ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် ပြည်သူ့အာဏာပိုင်ဆိုင်တဲ့ အုပ်ချုပ်ရေးယန္တရားသစ်ကို ဖန်တီးကြဖို့လိုအပ်ပါလိမ့်မယ်။
တော်လှန်ရေးရဲ့ သရုပ်သကန်ဟာ အဟောင်းကိုဖြို၊အသစ်ကိုတည်ရမှာဖြစ်ပေမယ့် အခုလက်ရှိတော်လှန်ရေးထဲမှာ ပါဝင်နေသူတချို့က လွဲမှားတဲ့ အယူအဆတွေနဲ့ ရှေ့ဆက်နေကြတာကို တွေ့နေရပါတယ်။ဥပမာဆိုကြပါစို့ အဟောင်းကိုမဖြိုဘဲ အယူအဆဟောင်း၊အတွေးအခေါ်ဟောင်းတွေကို လက်ခံပြီး စစ်အာဏာရှင်တွေကို တိုက်နေကြတာမျိုးကို တွေ့ရပါတယ်။
စစ်တပ်ရဲ့လုပ်ဟန်တွေကို ကိုးကားပြီး စစ်တပ်ကို ပြန်ဆန့်ကျင်ရင် ကျနော်တို့နဲ့ ရန်သူကြားမှာ ကွဲပြားခြားနားမှုမရှိသလိုဖြစ်လာပါလိမ့်မယ်။စစ်တပ်ကလည်း လူသတ်တာကို မြိန်ရည်ရှက်ရည်ကျူးလွန်နေသူတွေဖြစ်သလို ကိုယ့်ဘက်ကလည်း တော်လှန်ရေးသမားအချင်းချင်း သတ်တာ၊အပြစ်မဲ့ပြည်သူကို မှားယွင်းသတ်ဖြတ်တာမျိုးတွေလုပ်လာရင် စစ်တပ်(ဝါ)ရန်သူ့လုပ်ရပ်နဲ့ မနီးရိုးစွဲပဲဖြစ်တယ်လို့ ဝေဖန်ရမှာဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးသမားလို့ ကျနော်တို့ ရည်ညွှန်းပြောဆိုမယ်ဆိုရင်-
(၁)လက်နက်ကိုင်စစ်တပ်ကို လက်နက်နဲ့ ပြန်ခုခံတဲ့လူတိုင်းကို တော်လှန်ရေးသမားလို့ ခေါ်လို့မရပါဘူး။
(၂)လက်နက်ကိုင်စစ်တပ်ကို အတွေးအခေါ်အရရော လက်နက်နဲ့ပါ တော်လှန်တဲ့ရဲဘော်တွေမှသာ တော်လှန်ရေးသမားလို့ ခေါ်ထိုက်တယ်လို့ ယူဆပါတယ်။
အတွေးအခေါ်ဆိုရာမှာ ဆန့်ကျင်ရမယ့်အတွေးအခေါ်ကို ဆန့်ကျင်ပြီး၊ဆောက်တည်ရမယ့် အတွေးအခေါ်ကို ဆောက်တည်ဖို့လိုပါတယ်။ရန်သူ့ရဲ့ စစ်ဝါဒ၊စစ်ဗျုရိုကရက်အရင်းရှင်ဝါဒ၊မဟာလူမျိုးကြီးဝါဒ၊မဟာဖိုကြီးစိုးရေးဝါဒတို့ကို ဆန့်ကျင်ဖို့လိုအပ်ပါတယ်။ရန်သူ့မှာမရှိတဲ့ ဆိုရှယ်လစ်ဝါဒ၊ဒီမိုကရေစီအယူအဆ၊လူမျိုးစုပေါင်းစုံသွေးစည်းညီညွတ်ရေးအယူအဆ၊ဖက်ဒရယ်ဝါဒ၊အမျိုးသမီးများအပေါ် တန်းတူဆက်ဆံရေးအယူအဆစတဲ့ အယူဝါဒသစ်တွေကို ဆောက်တည်ဖို့လိုပါတယ်။
လက်နက်ဆိုရာမှာ လူထုမှာရှိတဲ့ သပိတ်လက်နက်၊စည်းရုံးရေးလက်နက်တွေအပြင် တကယ့်ရုပ်ဝတ္တုလက်နက်တွေဖြစ်တဲ့ မောင်းပြန်သေနတ်၊လက်လုပ်သေနတ်၊တူမီးသေနတ်၊မိုင်း၊ဗုံးစတဲ့ လက်နက်မျိုးစုံပါဝင်ပါတယ်။
ချုပ်လိုက်မယ်ဆိုရင် တော်လှန်ရေးသမားဆိုတာ “အဟောင်းကို လုံးဝဆန့်ကျင်ပြီး အသစ်ကို ကိုယ်တိုင်တည်ဆောက်ဖို့ အတွေးအခေါ်ရော၊လက်နက်ပါ ကိုင်စွဲတိုက်ပွဲဝင်နေသူ”သာဖြစ်တယ်။
ကိုယ်ကျင့်တရားအယူအဆ
————————————-
ကိုယ်ကျင့်တရားနဲ့နိုင်ငံရေးဟာ ဒွန်တွဲနေတဲ့အရာတွေဖြစ်ပါတယ်။အတွေးအခေါ်ပညာရှင် ဆော့ခရစ္စတိ၊ပလေတိုတို့ကစပြီး ဂျွန်လော့ခ်တို့ မာ့က်စ်၊လီနင်၊မော်စီတုန်းတို့အထိ ကိုယ်ကျင့်တရားဆိုင်ရာအယူအဆတွေကို နိုင်ငံရေးနဲ့တွဲပြီး အသုံးပြုခဲ့ကြတာကိုတွေ့ရပါတယ်။
အမှန်တရား၊အခြေခံလူ့ကျင့်ဝတ်နဲ့တရားမျှတမှုတို့ကို လူတိုင်းလက်ခံယုံကြည်သင့်တယ်လို့ အတွေးအခေါ်ပညာရှင်များက ပြောလေ့ရှိကြပါတယ်။ဒီလိုပဲ တော်လှန်ရေးသမားတိုင်းကလည်း အမှန်တရား၊အခြေခံလူ့ကျင့်ဝတ်နဲ့ တရားမျှတမှုတွေကို လက်ခံကျင့်သုံးဖို့ လိုအပ်ပါတယ်။
အခြေခံလူ့ကျင့်ဝတ်ဟာ တော်လှန်ရေးလုပ်နေတဲ့ တော်လှန်ရေးသမား(ကေဒါ)တွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ကျနော်အပေါ်မှာ ဆွေးနွေးခဲ့သလို ရန်သူကို အတွေးအခေါ်နဲ့လက်နက်တွဲပြီးတိုက်နေတဲ့ တော်လှန်ရေးသမားဆိုတာ လူထုရဲ့ ထောက်ခံအားပေးမှုရှိဖို့ အရေးကြီးပါတယ်။ဒါကြောင့် တော်လှန်ရေးသမားတွေမှာ ကိုယ်ကျင့်တရား (ethics)ရှိဖို့လိုအပ်ပါတယ်။
ကိုယ်ကျင့်တရားကောင်းတဲ့ တော်လှန်ရေးသမားနဲ့ ဒီတော်လှန်ရေးသမားတွေ ပါဝင်လှုပ်ရှားနေတဲ့ တော်လှန်ရေးအင်အားစုကို ပြည်သူက ထောက်ခံမှာဖြစ်ပြီးကိုယ်ကျင့်တရားယိုယွင်းနေတဲ့ တော်လှန်ရေးသမားတွေကိုတော့ ပြည်သူက ပစ်ပယ်မှာဖြစ်ပါတယ်။
ဖြစ်ရပ်နှစ်ခု
—————-
တခုသောဖြစ်ရပ်က တော်လှန်ရေးသမားတယောက်ဟာ အခြေစိုက်နေထိုင်ရာ လွတ်မြောက်ဒေသတွင်းက ရွာသူမိန်းကလေးတယောက်နဲ့ ချစ်ကြိုက်ပါတယ်။သူ့ဆီမှာ အဖွဲ့အစည်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ ငွေကြေးအမြောက်အများရှိတဲ့အတွက် မိန်းကလေးရဲ့ မိဘများထံကို ငွေတွေသိန်းပေါင်းများစွာ အပ်နှံထားခဲ့ပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ လွတ်မြောက်ဒေသမရောက်ခင် မြေပြန့်မှာ သားမယားရှိခဲ့ပါတယ်။ငွေသိန်းပေါင်းများစွာ အပ်နှံနိုင်တဲ့အတွက် လူကြီးမိဘများက ကြည်ဖြူလာပြီး သမီးဖြစ်သူနဲ့ အဆိုပါတော်လှန်ရေးသမားဟာ ပိုမိုနီးစပ်လာခဲ့ပါတယ်။ဒီလိုနီးစပ်မှုကတဆင့် ခရီးသွားတဲ့အခါ အတူတူသွားကြတာမျိုးဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ရန်သူစိုးမိုးတဲ့မြို့တမြို့မှာ နှစ်ယောက်စလုံး ဖမ်းခံရတာမျိုးတွေဖြစ်ခဲ့ပါတယ်။ဖမ်းဆီးခံရချိန်မှာ ရန်သူက တော်လှန်ရေးရန်ပုံငွေတွေအားလုံးကို သိမ်းပိုက်ရရှိသွားခဲ့ပါတယ်။ဒါက ပထမဖြစ်ရပ်ပါ။
ဒုတိယဖြစ်ရပ်ကတော့ တော်တော်ဆိုးပါတယ်။CDM လုပ်ထားတဲ့ ရဲဝန်ထမ်းတယောက်ဟာ တော်လှန်ရေးအဖွဲ့အစည်းတခုထဲမှာ ပါဝင်လာခဲ့ပါတယ်။သူဟာလည်း လွတ်မြောက်ဒေသတခုက ရွာတရွာမှာ ခိုလှုံပြီး ဒေသခံ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်။သူနေထိုင်ရာ အိမ်က သူ့ကို နေစရာတင်မက စားစရာပါကျွေးမွေးပြီး ဂရုစိုက်စောင့်ရှောက်ခဲ့ပါတယ်။
သူ့အိမ်ရှင်တွေရဲ့ သမီး အရွယ်မရောက်သေးတဲ့မိန်းကလေးကို အိပ်ခန်းထဲခေါ်အိပ်တာ ဖခင်ဖြစ်သူ ကိုယ်တိုင်မိတဲ့အတွက် နောက်ဆုံးမှာ ခြောက်ပေါက်ထဲထည့်(ထိပ်တုံးခတ်)အပြစ်ပေးရသလို သူနဲ့သက်ဆိုင်ရာအဖွဲ့အစည်းကိုလည်း ရွာကပြစ်ဒဏ်ခတ်တဲ့အနေနဲ့ ရွာပြင်ကို ထွက်ခွာစေခဲ့ပါတယ်။ကျူးလွန်သူ CDM ရဲဟာလည်း မြေပြန့်မှာ မိန်းမနဲ့ကလေး ကျန်ရစ်ခဲ့သူတဦးဖြစ်ပါတယ်။
အထက်ပါဖြစ်ရပ်နှစ်ခုကို ဆန်းစစ်ကြည့်တဲ့အခါ ဖြစ်ရပ်နှစ်ခုစလုံးက တော်လှန်ရေးအကျိုးစီးပွားကို ထိခိုက်တာကို တွေ့ရပါတယ်။ပထမကိစ္စမှာ တော်လှန်ရေးရန်ပုံငွေတွေဆုံးရှုံးပြီး လူတွေအဖမ်းခံရတာရှိသလို ဒုတိယကိစ္စမှာ လူထုရဲ့ ကျေးဇူးကိုစော်ကားသလိုဖြစ်ပြီး လူထုထောက်ခံအားပေးမှုလည်း ကျဆင်းခဲ့ရပါတယ်။
တော်လှန်ရေးသမားတွေဟာ တဦးချင်းတယောက်ချင်းစီရဲ့ အကျိုးစီးပွား သို့မဟုတ် ခံစားချက် သို့ စိတ်ဆန္ဒကို ဦးစားပေးပြီး တစုံလုံးအကျိုးစီးပွားဖြစ်တဲ့ တော်လှန်ရေးကို မျက်နှာလွဲခဲပစ်လုပ်တာဟာ အတော်လေးဆိုးဝါးတဲ့လုပ်ရပ်လို့ပြောရပါမယ်။
တော်လှန်ရေးသမားတွေထားရှိသင့်တဲ့ကိုယ်ကျင့်တရား
———————————————————————–
တော်လှန်ရေးသမားတွေဟာ ကိုယ်ကျင့်တရားကို စိတ်ကူးစံအယူအဆပိုင်း (idealistic point of view)အရ စောင့်ထိန်းရမယ်လို့ ကျနော်မဆိုလိုဘူး။
ပိုရှင်းအောင်ပြောရရင် ဘာသာရေးအရ ငါးပါးသီလမြဲရမယ်တို့၊ ရိုးရာအစဉ်အလာအရ ရပ်ရွာဓလေ့တွေကို လိုက်နာရမယ်တို့ကို ပြောချင်တာမဟုတ်ပါဘူး။
ဒါပေမယ့် တော်လှန်ရေးသမားတွေဟာ ကိုယ်လုပ်နေတဲ့အလုပ်ကို အောင်မြင်ချင်တယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ သဟဇာဖြစ်အောင် နေထိုင်လုပ်ကိုင်ရမယ်။လူထုနဲ့ တသားတည်းကျအောင်နေရမယ်။ပြည်သူလူထု လက်မခံတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ရမယ်။အထူးသဖြင့် ဒေသခံပြည်သူတွေကို မစော်ကားရဘူး။အမျိုးသမီးတွေကို အမြတ်မထုတ်ရဘူး။လူမှုရေးစည်းကမ်းတွေကို မချိုးဖောက်ရဘူး စသဖြင့် လက်တွေ့ကျတဲ့ကိုယ်ကျင့်တရားဆိုင်ရာအယူအဆ (materialistic point of view)ကနေ သုံးသပ်ဝေဖန်ချင်ပါတယ်။
တရုတ်ပြည်တော်လှန်ရေးကာလတုန်းက တပ်နီတွေကို ချမှတ်ပေးထားတဲ့ စည်းကမ်းကြီးသုံးရပ်၊သတိပြုလိုက်နာရန်ရှစ်ချက်လိုမျိုး တော်လှန်ရေးအင်အားစုတိုင်းမှာ သံမဏိစည်းကမ်းတွေရှိဖို့လိုပါတယ်။တပ်တွင်း၊အဖွဲ့အစည်းတွင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းကို ခြွင်းချက်မရှိလိုက်နာဖို့ လိုသလို တော်လှန်ရေးသမားတဦးချင်းစီတိုင်းက ကိုယ့်ကျင့်တရားတွေ၊စံတန်ဖိုးတွေ လိုက်နာစောင့်ထိန်းရေးဟာ ဒီနွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ပေးနိုင်တဲ့ သော့ချက်ပဲဖြစ်တယ်လို့ ထောက်ပြဝေဖန်လိုက်ရပါတယ်။