ဆောင်းပါး

မြန်မာပြည်အနောက်ပိုင်းတိုက်ပွဲ သို့မဟုတ် မြန်မာပြည်ရဲ့ အလှည့်အပြောင်းတစ်ခုလား

မြန်မာပြည်အနောက်ပိုင်းတိုက်ပွဲ သို့မဟုတ် မြန်မာပြည်ရဲ့ အလှည့်အပြောင်းတစ်ခုလား

  • ဘာသာပြန် ဆောင်းပါး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၂၅

မြန်မာပြည်အနောက်ပိုင်း ရခိုင်ဒေသရဲ့ မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြန်စိပ် လာတာဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့ အဖရခိုင်ပြည်တည်ထောင်ရေးအိပ်မက်ကြီးနဲ့ တလှမ်း ပိုနီးစပ်လာပြီလားလို့ ဆိုရမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး နောက် ရခိုင်မှာ စစ်ပွဲတွေ ရပ်တန့်ခဲ့ပေမဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်တပ်ကြား စစ်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်ပွားနေတာ နှစ်လလောက်ရှိပြီလို့ ရက္ခိုင့်တပ်တော် (AA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒေါက်တာညိုထွန်းအောင်က ဆိုရှယ်မီဒီယာက တဆင့် ပြော​ကြားခဲ့ပါတယ်။ အဖရက္ခိုင်နိုင်ငံတော် တည်ဆောက်ဖို့အတွက် အဆုံးအဖြတ်ပေးမဲ့ နောက်ဆုံးတိုက်ပွဲတွေ ရခိုင့်မြေပေါ်မှာ ပြန်ပြီး ဖြစ်ပွားနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့ စစ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)ကို ၂၀၀၉ခုနှစ် ဧပြီလကမြန်မာပြည်မြောက်ပိုင်း၊ KIA ဌာနချုပ်၊ လိုင်ဇာမှာ ရခိုင်လူငယ် ၂၆ ယောက်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် (AA)ဟာ အဖရခိုင်မြေကို စတင်အခြေချခဲ့ပြီး ကျောက်တော်နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတွေမှာ ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင် သုံးလအလိုမှာ ဂျပန်ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်အဖွဲ့ရဲ့ ကြားဝင်မှုနဲ့ ရခိုင်မြေပေါ်မှာ အပစ်အခတ်ရပ်စဲရေးကို AA မှ သဘောတူခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခြင်းမရှိဘဲ AA ဘက်က စတင်ပြီး စစ်ပွဲကို ပြန်လည်အစသက်ခဲ့ပြီး အုပ်ချုပ်ရေးနယ်မြေတွေကို ချဲ့ထွင်ခဲ့ပါတယ်။ ခြောက်လအကြာမှာ ရခိုင်ပြည်နယ်ရဲ့ သုံးပုံနှစ်ပုံကို နယ်မြေစိုးမိုးထားနိုင်ခဲ့ပြီး စစ်အင်အား ၃၀၀၀၀ အထိ ရှိနေပြီလို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တလျှောက်မှာ စစ်တပ်ဘက်မှ စစ်အင်အားတိုးမြှင့်လာသလို အာဏာသိမ်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ငြင်းဆိုခဲ့တာကြောင့် ဇွန်လအစောပိုင်း ကာလတွေမှာ စစ်တပ်နဲ့ AA ကြား တင်းမာမှုတွေ မြှင့်တက်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ တင်းမာနေချိန်မှာ ရခိုင်ပြည်နယ်ကို ခရီးစဉ်သွားရောက်ခဲ့တဲ့ စစ်ကောင်စီဒုဥက္ကဌက စစ်သား တွေကို အမြဲအဆင်သင့် ပြင်ဆင်ထားဖို့ အမိန့်ပေးပြောကြားခဲ့ပါတယ်။

မြောက်ဦး၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေမှာ စစ်တပ်ဘက်မှ AA နဲ့ ဆက်စပ်သူလို့ ယူဆတဲ့ ပြည်သူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့သလို စစ်ဆေးရေး ဂိတ်တွေဖွင့်လှစ်စစ်ဆေးခြင်း၊ ဟိုတယ်၊ တည်းခိုခန်းနဲ့ နေအိမ်တွေကိုလည်း ပိုက်စိပ်တိုက်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ AA ဘက်ကလည်း ထိန်းချုပ် နယ်‌မြေ ထဲမှာ ရှိတဲ့ စစ်တပ်နဲ့ ဆက်စပ်သူ ၂၀ ထက်မနည်းကို ပြန်လည် ဖမ်းဆီးထားပါတယ်။

စစ်တပ်နဲ့ AA ကြားစစ်ရေးတင်းမာမှုတွေ မြှင့်တက်နေစဉ် ဇူလိုင်၄ ရက်နေ့က ကရင်ပြည်နယ်၊ KNU ထိန်းချုပ်နယ်မြေရှိ AA အခြေစိုက်စခန်းတစ်ခုကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် စစ်သား ၆ ယောက်ထက် မနည်း ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဆယ့်နှစ်ရက်အကြာမှာ AA က မောင်တောရှိ အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၄ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကာ ၁၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ထိုနောက်ပိုင်းမှစပြီး မောင်တော မြောက်ပိုင်းနဲ့ ပလက်ဝဒေသတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ပြည်တွင်း သတင်းစာတွေရဲ့ အချက်အလက်များအရ မောင်တောမြို့နယ်ရဲ့ ၁၈ နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။ လက်ရှိအချိန်အထိ  အာဏာသိမ်းစစ်ကောင်စီဘက်မှ စစ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့သလို စခန်းကြီးငယ် ၃၆ခု နဲ့ လက်နက်တွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောမြို့နယ်တစ်ခုတည်းမှာတင် စစ်တပ်စခန်း ၂၀၀ နီးပါး လောက်ရှိသလိုစစ်အင်အား ၈၀၀၀ ကျော်ရှိပါတယ်။

မကြာသေးခင်ကလည်း ဂျက်ချောင်းကျေးရွာအရှေ့တောင်ပိုင်း၊ ၃ ကီလိုမီတာမှာရှိတဲ့ ခလရ-၃၅၂ တပ်ရင်းကိုလည်းကောင်း၊ မြန်မာ-ဘင်္ဂလားနယ်စပ် မိုင်တိုင် ၄၀ အနီးရှိ ရဲစခန်း တစ်ခုကိုလည်ကောင်း၊ မိုင်တိုင် ၃၇ အနီးရှိ မီးထိစခန်းကိုလည်းကောင်း AA ဘက်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အကယ်၍ ကျန်ရှိတဲ့ စခန်းကြီး လေးခုကို AA အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်မည်ဆိုပါက မောင်တော တစ်မြို့နယ်လုံးကို AAက ထိန်းချုပ်သွား နိုင်မဲ့အခြေအနေမှာ ရှိပါတယ်။

ရခိုင်ပြည်နယ်ရဲ့စစ်မက်ဇုံကြီး တရက်ထက်တရက်ပိုမိုကျယ်ပြန့်လာတယ်လို့ AA က ဩဂုတ်လ ၂၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်အင်အား၊ လက်နက်အင်အား တိုးမြှင့်ထားသလို AA ဘက်ကလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေ၊ စစ်ဆေးရေး ဂိတ်တွေ၊ စခန်းတွေနဲ့ ဝေးဝေးနေဖို့၊ အရေးပေါ်အခြေအနေမှ အပ ခရီးသွားလာမှု မပြုလုပ်ကြဖို့ သတိပေးထားသလို ခရီးသွားဖို့ လိုအပ်ပါက AA သို့မဟုတ် ULA ကို အကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သလို ပြည်သူတွေ ကိုလည်း ဖမ်းဆီးပြီး လူသားဒိုင်းအနေနဲ့ အသုံးချနေတာတွေရှိပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ် တွင်းရှိ ရခိုင်၊ ရိုဟင်ဂျာ အပါအဝင် နေထိုင်သူများအနေနဲ့ AA စစ်တပ်ရဲ့ လှုပ်ရှားမှုများကို သတင်းပေးဖို့ စစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။

ဒီလအစောပိုင်းကလည်း စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ် နယ်ထဲ ကျခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်နဲ့ AA ကြားစစ်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းမှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရပါတယ်။ ဒါ့ပြင် UN နဲ့ နိုင်ငံတကာ NGOs တွေအနေနဲ့ ရခိုင်ပြည် မြောက်ပိုင်း အား ထောက်ပံ့မှုကို ပိတ်ဆို့ခဲ့ပါတယ်။

အဖရက္ခိုင်ပြည်အတွက် အလှည့်အပြောင်းတခု ဖြစ်လာနိုင်မလား

မောင်တောနဲ့ ပလက်ဝမှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ လွတ်လပ်တဲ့ အဖရက္ခိုင်ပြည် တည်ထောင်ဖို့အတွက် ဗျုဟာကျ အပြောင်းအလဲ တစ်ခု ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ချင်းပြည်၊ ပလက်ဝမြို့နယ်ဟာ အိန္ဒိယအစိုးရ လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေ၊ ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းစတဲ့ လုပ်ငန်းတွေအကောင်အထည်ဖော်နေတဲ့ ဗျူဟာမြောက်ဒေသတစ်ခု ဖြစ်ပါ တယ်။ ULA ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ကုလားတန် စီမံကိန်းနဲ့ပတ်သက်ပြီး အိန္ဒိယ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့မှာ ပြောကြား ခဲ့ပါတယ်။

AA အနေနဲ့ မောင်တောမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ပါက ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ UN မှ ကျွမ်းကျင်ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AA ကပြေားခဲ့ပါတယ်။မောင်တောဟာ တချိန်က ရိုဟင်ဂျာ ခုနစ်သိန်းခွဲရဲ့ နေရပ်ဖြစ်ခဲ့ပြီး ၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် ဘင်္ဂလားနယ်ထိကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလတုန်းကလည်း ရိုဟင်ဂျာလူမျိုး အမျိုးသမီး၊ ကလေးပါမကျန် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့တဲ့ မြန်မာစစ်သားနှစ်ယောက်ကို AA က နိုင်ငံတကာခုံရုံးမှာ အမှုဖွင့် တရားစွဲဆိုခဲ့ပါတယ်။ ၂၀၁၉ အောက်တိုဘာလကလည်း ရခိုင်ပြည်တွင်းရှိ မွတ်စလင် လူနည်းစုများကို မြန်မာစစ်တပ်က မတရားနှိပ်စက်ညှင်းပန်းခဲ့ကြောင်း AA နဲ့ မဟာမိတ်နှစ်ဖွဲ့တို့ ပူးတွဲထုတ်ပြန်ကြေညာခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ မောင်တောမြို့နယ်ဟာ AA အတွက် ရခိုင်နဲ့ ဘင်္လားဒေ့ရှ်နယ်မြေကြား ကူးသန်း ရောင်းဝယ်ရေးလုပ်ကိုင်ဆောင်ရွက်ဖို့ တံခါးပေါက် ဖြစ်လာမှာ ဖြစ်ပြီး အဓိက စီးပွားရေးဇုံဖြစ်လာနိုင်သလို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ လမ်းကြောင်း တခု ဖြစ်လာမှာ ဖြစ်ပြီး ရခိုင်ပြည်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရလာနိုင်မှာ ဖြစ်ပါတယ်။ AA ကလည်းနိုင်ငံတကာအစိုးရတွေအနေနဲ့ သူတို့ကို ရခိုင်ပြည်ရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ် ပြုပါက ရိုဟင်ဂျာများ နေရပ်ပြန်လာနိုင်ရေးကို ဆောင်ရွက် သွားမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထို့ကြောင့် စစ်တပ်ကလည်း မောင်တောကို အကြိတ်အနယ် ကာကွယ်နေသလို AA ဘက်ကလည်း နယ်မြေတိုးချဲ့နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါတယ်။ စစ်တပ်အနေနဲ့ နိုင်ငံအနှံ့အပြားမှာ စစ်မျက်နှာဖွင့်တိုက်ခိုက်ခံနေရတာကြောင့် AA ရဲ့ လွတ်လပ်တဲ့ အဖရက္ခိုင် ပြည်တည်ထောင်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းကြီး တစ်ခု ဖြစ်ပါတယ်။

ဘာသာပြန် – ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)

Kyaw Hsan Hlaing The diplomat သတင်း ဌာနမှာရေးသားတဲ့ Fighting in Maungdaw: A Strategic Turning Point in Western Myanmar? ကို ဆီလျော်အောင် ဘာသာပြန်ရေးသားထားပါတယ်။

ဆောင်းပါး မူရင်းလင့်ခ်

https://thediplomat.com/2022/09/fighting-in-maungdaw-a-strategic-turning-point-in-western-myanmar/

Related Articles

Back to top button