တိုင်းရင်းသားများသတင်း

စစ်ကောင်စီနှင့် ဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်တော်လှန်ရေးအင်အားစုနှင့် အရပ်ဖက်အဖွဲ့အစည်းများက မွန်ပြည်သစ်ပါတီသို့ အိတ်ဖွင့်ပေးစာပေးပို့

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ – ၁၆၊

စစ်ကောင်စီက ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထပ်မံတက်ရောက်ခြင်းမပြုလုပ်ဖို့ မွန်တော်လှန်ရေးအင်အားစုနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက စက်တင်ဘာလ ၁၆ ရက်နေ့မှာ မွန်ပြည်သစ်ပါတီကို အိတ်ဖွင့်ပေးစာပေးပို့ပြီး တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့မေလက ပထမအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီက တက်ရောက်ခဲ့ပြီး အခုလာမယ့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ အခြားသော တွေ့ဆုံဆွေးနွေးမှုတွေကို မပြုလုပ်ဖို့ တိုက်တွန်းတောင်း ဆိုလိုက်တာပါ။

အိတ်ဖွင့်ပေးစာမှာတော့ စစ်ကောင်စီကကျင်းပပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အတုအယောင် ဆွေးနွေးပွဲသာ ဖြစ်သလို ၎င်းတို့ရဲ့ နိုင်ငံရေး ထွက်ပေါက်ရှာရန်အတွက် ဟန်ပြကျင်းပနေခြင်းတာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းကာစစ်ကျွန်သံသရာကို သက်ဆိုး ရှည်စေမယ်လို့လည်း ထောက်ပြပြောဆိုထားပါတယ်။

အိတ်ဖွင့်ပေးစာ ပေးပို့တာနဲ့ပတ်သက်ပြီး ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF) က “ အကြမ်းဖက်ဝါဒကိုင်ဆောင်ထားတဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပြစ်မဲ့ ပြည်သူလူထုတွေကို နေစဉ် ညှင်းပန်းနှိပ်စက် ဖမ်းဆီး သတ်ဖြတ်နေတယ်၊၊ နိုင်ငံတစ်ဝှမ်းလုံးက ပြည်သူလူထုတွေကလည်း စစ်ကောင်စီကို ခါးခါးသီးသီး ဆန့်ကျင် တော်လှန်နေတယ်၊ ဒီအချိန်မှာ စစ်တပ်က သူတို့တရားဝင်မှုရဖို့နဲ့ နိုင်ငံရေးထွက်ပေါက်အတွက်ပဲ အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လုပ်နေတာဖြစ်တာတယ်၊၊ ပြည်သူတွေအသိအမှတ်မပြုတဲ့ ဆွေးနွေးမှု ဖြစ်တဲ့အတွက် ဒီဆွေးနွေးဆုံးဖြတ်မှုတွေကလည်း တရားဝင်မှာမဟုတ်ဘူး၊ ဒါကြောင့် မွန်ပြည်သစ်အနေနဲ့ ဒီအတုအယောင် ဆွေးနွေးမှုတွေမှာ မပါဝင်ဖို့ တောင်းဆိုတာဖြစ်ပါတယ်” လို့ ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက် ဆက်လက် ကိုင်ဆောင်လိုပါက နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းရမယ်လို့ ဩဂုတ်လက ပြောဆို ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ကျင်းပပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲကနေ ပြုလုပ်နေတာဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးနဲ့ တန်းတူ ညီမျှရေးကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့လည်း အိပ်ဖွင့်ပေးစာမှာ ထောက်ပြထားပါသေးတယ်။

အိတ်ဖွင့်ပေးစာမှာ ပါဝင်ကြတဲ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF) က “အိတ်ဖွင့်ပေးစာက ပြည်နယ်အတွင်းမှာ အခြေပြုလှုပ်ရှားတဲ့ အာဏာရှင်ဆန့်ကျင်တဲ့အဖွဲ့တွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ၊ ကျောင်းသားသမဂ္ဂတွေအပြင် ပြည်ပရောက် မွန်အဖွဲ့အစည်းတွေရဲ့ ဆန္ဒကို ထုတ်ဖော် တောင်းဆိုတဲ့စာဖြစ်တယ်၊၊ ဒီစာမှာ ပါကြတဲ့အဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ထပ်မံမတွေ့ဆုံဖို့ မျှော်လင့်ကြတယ်၊ ဒါပေမယ့်လည်း ဒီစာပါတောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားတဲ့အပိုင်းက မွန်ပြည်သစ်ပါတီ အပိုင်းဖြစ်သွားပြီးမို့ ဘာတွေဆက်ဖြစ်မယ်ဆိုတာပြောရတာခက်ပါတယ် ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့တွင်  မွန်ပြည်နယ်ကလူငယ်တွေ ဦးဆောင်တဲ့ လဂွန်းအိမ်စာစဉ်ကလည်း မွန်ပြည်သစ်ပါတီ အနေနဲ့ စစ်ကောင်စီနဲ့​ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးရန် သင့်၊ မသင့်ကို ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။  အဲဒီကောက်ယူထားတဲ့စစ်တမ်းမှာတော့ မွန်ပြည်လူထု အများစုက တွေ့ဆုံဆွေးနွေးရန်မသင့်ကြောင်း သဘော ထား မှတ်ချက်ပေးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင်လည်း ပါဝင်နေပါတယ်။

Related Articles

Back to top button