တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကော်သူးလေမှာ လပေါင်း ၂၀အတွင်း တိုက်ပွဲခြောက်ထောင်ကျော်ဖြစ်ပြီး၊ စစ်ကောင်စီနှင့် BGF ဘက်က ငါးထောင်ကျော်သေဆုံးခဲ့တယ်ဟု KNU ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၁၃

 

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်ရေး နယ်မြေများမှာ လပေါင်း ၂၀  အတွင်း တိုက်ပွဲပေါင်း ခြောက်ထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့် တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင် စုစုပေါင်း ငါးထောင်ကျော်သေဆုံးခဲ့တယ်လို့ KNU က ယနေ့ ထုတ်ပြန်လာပါတယ်။

 

၂၀၂၁ ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် ဩဂုတ်အထိ လပေါင်း (၂၀) အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲစာရင်းများအရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်များနှင့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF)တပ်များတို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ ပျောက်ကြားတိုက်ပွဲပေါင်း ၆,၃၅၆ ကြိမ် ဖြစ်ပွားခဲ့တာပါ။

 

အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင် ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

KNLA နှင့် KNDO တပ်ဖွဲ့ဘက်ကတော့ တပ်ဖွဲ့ဝင် ၁၃၇ ကျဆုံးခဲ့ပြီး  ၃၅၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

 

ဒါ့အပြင် KNLAနှင့် KNDO တပ်ဖွဲ့တို့က စစ်ကောင်စီတပ်၏ အခြေစိုက်စခန်းကြီး (၉)လုံးကို လည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့တို့ဘက်ကတော့ အရပ်သားနေထိုင်ရာ နေရာများနှင့် လုပ်ငန်းခွင်များသို့ လက်နက်ကြီး စုစုပေါင်း ၄,၄၅၆ လုံး ကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ် များ အသုံးပြုတိုက်ခိုက်ခဲ့ကာ  လေကြောင်းတိုက်ခိုက်မှု ၁၁၇ ကြိမ်ထိပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

အရပ်သားများကို ပစ်မှတ်ထား လက်နက်ကြီးများပစ်ခတ်သလို လေကြောင်းတိုက်ခိုက်မှုများ ကိုပါ ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၃၁ ဦး သေဆုံးခဲ့ပြီး ၂၉၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီနှင့် BGF တပ်များက အရပ်သားပြည်သူ ၄၁၂ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ပေါ်တာအဖြစ်အသုံးပြုခဲ့ကြကာ လူသားဒိုင်းကာအဖြစ်အသုံးပြုမှုများလည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

အရပ်သားလူထုများ နေထိုင်သော ကျေးရွာများ၊ လုပ်ကိုင်စားသောက်သော လုပ်ငန်းခွင်များ အတွင်းသို့ စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာ တာကြောင့်  ပြည်သူလူထု သုံးသိန်း ခုနစ်သောင်းကျော်ဟာ အိုးအိမ်များ လုပ်ငန်းခွင်များကို စွန့်ခွာပြီး  အသက်ဘေးလွတ်ရာ နေရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

 

အခုတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အရပ်သားလူထုများဖြစ်ကြတဲ့ ကလေး သူငယ်များ အပါအဝင် ကျောင်းသား ကျောင်းသူများ၊ မသန်စွမ်း သူများ၊ သက်ကြီးရွယ်အိုများဟာ လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်လျက်ရှိတယ်လို့ KNU က အသိပေး ထုတ်ပြန် ထားပါတယ်။

Related Articles

Back to top button